>Burma celebrates festival with splash of freedom

>

ယနေ့ရန်ကုန်သင်္ကြန်(ဓာတ်ပုံ – စိုးဇေယျထွန်း၊ Reuters သတင်းဌာန)

ရေစိုရွှဲတဲ့ ပွဲတော်
အေအက်ဖ်ပီ သတင်းဌာန
ဧပြီ ၁၄၊ ၂၀၀၉

ရန်ကုန်သူ ရန်ကုန်သားများ ရေကစားနေကြသည်။ ဆံပင် ဆေးရောင်စုံ ဆိုးထားသူများလည်း ပါဝင်သည်။ ဤရေသဘင်ပွဲတော်မှာ လွတ်လွတ်လပ်လပ် ဆင်နွဲရန် အစိုးရက ခွင့်ပြုထားသည့် တခုတည်းသော ပွဲတော်ဖြစ်သည်။

ဤပွဲတော်ကို ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့တွင်လည်း ကျင်းပနေသည်။ လက်ရှိ စီးပွားရေး ချွတ်ခြုံကျမှုများကို မေ့ပစ်ရန် သင်္ကြန်ပွဲအတွင်း နှစ်မြှုပ်ထားလိုက်ခြင်းက အကောင်းဆုံး ဖြစ်မည်ဟု အသက် ၂၂ နှစ်အရွယ် ကျောင်းသူတဦးက ဆိုသည်။

“လောလောဆယ် ဖြစ်ပျက်နေတာတွေကို ဘေးဖယ်ထားလိုက်ပါ။ သင်္ကြန်ဆိုတာ ပျော်ပျော်နေရမယ့် အချိန်ရှင့်” ဟု သူကဆိုသည်။ ရန်ကုန်သူ ရန်ကုန်သားတို့ သူ့နံဘေးတွင် ရေကစားလျက်ရှိသည်။ “သူငယ်ချင်းတွေနဲ့ ပျော်မယ်၊ ပါးမယ်” ဟု ဆိုသည်။


သင်္ကြန်တွင် ပျော်မြူးနေသော ရန်ကုန်သူ ရန်ကုန်သားများ (ဓာတ်ပုံ – လွင်မောင်မောင်၊ AFP သတင်းဌာန)

ရန်ကုန်တွင် သင်္ကြန်မဏ္ဍပ်ပေါင်း ၆၀ ကျော် ရှိသည်။ မဏ္ဍပ်ရှေ့တွင် ကားတန်းကြီးက တန်းစီနေသည်။

နှစ်စဉ်နှစ်တိုင်း လူသိများသည့် မိသားစုများ၊ လုပ်ငန်းရှင်ကြီးများ၊ ညကပွဲရုံပိုင်ရှင်များက မဏ္ဍပ်များ ဆောက်ထားကြသည်။ မဏ္ဍပ်ပေါ်တွင် တီးဝိုင်းများဖြင့် ရေပက်ခံသူများကို ဖျော်ဖြေကြသည်။

ပြီးခဲ့သည့်နှစ်က မဏ္ဍပ်ပေါင်း ၇၀၀ ၀န်းကျင် ရှိသည်။ ယခုနှစ်တွင်တော့ စီးပွားရေး အခြေအနေ မကောင်းသဖြင့် မဏ္ဍပ် အရေအတွက် နည်းသွားလေပြီဟု လုပ်ငန်းရှင်တချို့က ဆိုသည်။

မြန်မာပြည်က ကမ္ဘာတွင် အဆင်းရဲဆုံး တိုင်းပြည်တခုဖြစ်သည်။ သို့သော် သင်္ကြန်ကား ငှားရန်၊ အ၀တ်အစား အသစ်ဝယ်ရန် သို့မဟုတ် နာမည်ကျော် မဏ္ဍပ် တခုခုတွင် သွားရောက်ပျော်မြူးရန် ငွေအကုန်ခံမည့်သူလည်း အများအပြား ရှိနေသည်။

ရိုးရာ ရေပွဲတော်က ဧပြီ ၁၃ မှ ၁၆ အထိ ဖြစ်သည်။

အာဏာပိုင်တို့က သင်္ကြန်လည်ပတ်သူများကို မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီစွာ ၀တ်စားဆင်ယဉ်၊ ပြုမူ ကြရန် တိုက်တွန်းထားသည်။ အလွန်တရာ ပူပြင်းသည့် ရာသီဥတုတွင် အမျိုးသမီးငယ်တချို့က ပင်လယ်ကမ်းခြေတွင် ၀တ်စားသကဲ့သို့ ဆင်မြန်းကြသောကြောင့် ဖြစ်သည်။

မြန်မာပြည်သားများ လွတ်လွတ်လပ်လပ် သင်္ကြန်ကို ရင်ခုန်နေကြစဉ် တချို့အတွက်မူ လွတ်လပ်မှု ရှိမနေပေ။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်တို့မှာ လွတ်မြောက်လာခြင်း မရှိသေးပေ။

ရန်ကုန် သင်္ကြန်ပွဲက ဒေါ်စုအိမ်အနီးတွင် ဖြစ်သည်။ ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ဒေါ်စုသည် နေအိမ်အကျယ်ချုပ် ချခံထားရသူဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များက သံဆူးကြိုး အရံအတားများနှင့် အတူ ရှိနေပြီး ဒေါ်စုအိမ်ရှိရာ လမ်းထိပ်တွင် ဖြတ်သန်းသွားသော ကားများကို ငေးကြည့်နေကြသည်။ ဒေါ်စုအိမ်ဘက်သို့ မည်သူ့ကိုမျှ ၀င်ခွင့် မပြုပေ။



ရန်ကုန်သင်္ကြန်တွင် ပျော်မြူးနေသူများ (ဓာတ်ပုံ – ခင်မောင်ဝင်း၊ AP သတင်းဌာန)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts