>Burmese News in Chicago – Chicago Nat

>

လှုပ်လှုပ်ရှားရှား ရှီကာဂိုတလွှား သတင်းတိုထွာများ

ရှီကာဂို ဘိုးဘိုး

ဧပြီ ၁၃၊ ၂၀၀၉

အနောက်အလယ်ပိုင်းဒေသ (Mid-west) မှာ ရှိတဲ့ မြန်မာတွေရဲ့ လှုပ်ရှားမှုတွေကလည်း အများသား။ ဒါပေမယ့် မိုးမခတို့၊ ရတနာပုံသတင်းစာ တို့မှာ သိပ်မတွေ့ရဘူး။ အဲဒါနဲ့ ဘယ်သူမှ တာဝန်မပေးပေမယ့် ဘိုးဘိုးပဲ ကိုယ့်ဘာသာကိုယ် တာဝန်ယူလိုက်ပါသဗျား။


သီးလေးသီးပွဲ

မတ်လ ၂၁ ရက်၊ ၂၀၀၉ မှာ တုန်းက အင်ဒီယားနား ပြည်နယ်၊ ဖို့ဒ်ဝိန်းမြို့မှာ သီးလေးသီး ပွဲလုပ်တယ်။ ပွဲစမယ်လို့ ကြေညာထားတာက ညနေ ၃ နာရီ၊ တကယ် စ တာက ညနေ ၅ နာရီ။ သူတို့မှာလည်း အခက်အခဲလေးတွေ ရှိရှာတာကိုး။ ၂ နာရီပဲ စောင့်ခိုင်းတာ တော်သေးတာပေါ့။ တချို့များ နှစ်နဲ့ ချီပြီး စောင့်ခိုင်းတတ်တယ်။



အချိန်နောက်ကျပြီး စ တော့ ဘေးမှာရှိတဲ့ ဈေးဆိုင်တန်းက ကံကောင်းတာပေါ့။ ရောင်းချိန်ပို ရတယ်လေ။ ကောင်းတာလေးနဲ့ ရှာ ကျေးဇူးတင်လိုက်ပါ။



ရှီကာဂို ၂၀၁၆



၂၀၁၆ နွေရာသီအိုလံပစ်ပွဲတော်ကို ရှီကာဂိုမြို့မှာ ကျင်းပခွင့်ရရှိရေးအတွက် အိုလံပစ်ကော်မတီက လူကြီးတွေကို စည်းရုံးဖို့လုပ်တော့ အနောက်အလယ်ပိုင်းနေ အာရှမိသားစုတွေက တတပ်တအား ဝိုင်းဝန်းပံ့ပိုးကြတော့ မြန်မာများလည်း ဘယ်နောက်ကျပါ့မတုံး။ အကြိုပြင်ဆင်မှုအကြောင်း ဆောင်းပါးရေးခဲ့ပြီးပြီပဲ။ မတ်လ ၂၁ ရက်မှာ Lane (လိန်း) နည်းပညာ အထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ အာရှမိသားစုများရဲ့ ထောက်ခံအင်အားပြပွဲကို ရှီကာဂိုမြို့တော်ဝန်၊ အီလီနွိုင်ပြည်နယ်အတွင်းရေးမှုးနဲ့အတူ အစိုးရ အရာရှိတွေ၊ အာရှနိုင်ငံတွေက သံရုံးမိသားစုတွေ တက်ကြပါတယ်။ မြန်မာ ၁၀၀ ကျော် အပါအဝင် ပရိသတ် ၂၀၀၀ ကျော်ပါတယ်။



မှုန်ရွှေရည်ကတဲ့ မနှင်းဇာခြည်မျိုးရဲ့ တပင်တိုင်အကကလည်း ရင်သပ်ရှုမောဖွယ်ပါပဲ။ ပရိသတ်တွေကို အာရှနွယ်ဖွား လှပျိုဖြူလေးတွေနဲ့အတူ မြန်မာနွယ်ဖွား လှပျိုဖြူ ၃ ဦး က မြန်မာ၊ ချင်း၊ ကချင် ဝတ်စုံများ နဲ့ ကြိုဆိုခဲ့ကြပါတယ်။



မြန်မာနွယ်ဖွား ကလေးငယ် ၃ ဦးက ပန်းချီလက်စွမ်းတောင် ပြလိုက်သေး။ ဓါတ်ပုံတွေ ကြည့်ကြပါအုံး။

http://picasaweb.google.com/tkhine/Asians4Chicago2016




ဧပြီလ ၂ ရက်နေ့မှာ ရှီကာဂိုကို နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC)က လူကြီးတွေ လာတော့လည်း ထောက်ခံကြောင်းပြတဲ့အနေနဲ့ မြန်မာကလေး ၃ ဦးရဲ့ လက်ရာ အပါအဝင် အာရှနွယ်ဖွားကလေးငယ်တွေရဲ့ ပန်းချီလက်ရာတွေကို ရှီကာဂိုမြို့ရဲ့ လမ်းဆုံလမ်းခွတွေမှာ ချိတ်ဆွဲထားပြထားပါတယ်။ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက ၂၀၁၆ ခုနှစ် အိုလံပစ်ကျင်းပမယ့် မြို့ကို ကြေညာမယ့် အောက်တိုဘာလ အထိ ရှီကာဂိုမြို့ရဲ့ အထင်ကရနေရာတွေမှာ ချိတ်ဆွဲထားမှာပါ။



မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ် ပျော်စရာ ကမ်ဘာပွဲ (Ethnotopia)



ဧပြီလ ၁၀ ရက်နေ့ မှာ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်မှာ ပျာ်စရာကမ်ဘာပွဲတော်ကို ညနေ ၅ နာရီက ၈ နာရီ အထိကျင်းပပါတယ်။ တက္ကသိုလ်မှာ ရှိတဲ့ BIG (Burma Interest Group) က ကြီးမှုးတာပါ။ BIG အကြံပေးအဖွဲ့က Center for Burma Studies ရဲ့ ညွှန်ကြားရေးမှုး ဒေါက်တာ ကက်သရင်းရေမွန်နဲ့ မြန်မာစာပါမောက္ခ ဦးစောထွန်း၊ ဥက္ကဋ္ဌက ကိုဇော်ထွဋ်တို့ ဆိုတော့ မြန်မာတိုင်းရင်းသား နဲ့ပတ်သတ်တာတွေများပါတယ်။



ဂျွန်ဆင်တက္ကသိုလ်က သမိုင်းပါမောက္ခ ဒေါ်နော်အင်ဂျလီနာ ကြီးကြပ်တဲ့ ကရင်ဒုံးအကလည်း ဖျော်ဖြေပါတယ်။ မနှင်းဇာခြည်မျိုးရဲ့ တပင်တိုင်အကလည်း ပါတာပေါ့။ မြန်မာနိုင်ငံက လူဦးရေများတဲ့ တိုင်းရင်းသားဝတ်စုံတွေနဲ့ ဖက်ရှင်ရှိုးလုပ်သေးရဲ့။ ရန်အောင်ရဲ့ “နှုတ်ခွန်းဆက်” သီချင်းရယ်၊ “ပန်းတောက်နဲ့သူ” သီချင်းရယ်နဲ့ မြန်မာနွယ်ဖွား သမီးပျိုလေးတွေက အက နဲ့ ဖြေဖျော်ပါတယ်။



ပျော်စရာကမ်ဘာပွဲ ဆိုတဲ့ အတိုင်း လက်တင်အကရယ်၊ ကိုးရီးယားရိုးရာ တိုက်ကွမ်ဒိုနဲ့ ကိုယ်ခံပညာပြကွက်၊ ဗီယက်နမ် ကျေးလက်ရိုးရာသီချင်းနဲ့ ယပ်တောင်အက၊ နီပေါအဖွဲ့ရဲ့ ဖြေဖျော်မှုတွေလည်း ပါ ပါတယ်။



အစားအသောက်တွေကို ညနေ ၅ နာရီက ၆ နာရီ အထိ အခမဲ့ တည်ခင်းဧည့်ခံရာမှာ တရုတ်အစားအစာအပြင်၊ မြန်မာလက်သုတ်စုံ၊ ဆိတ်သားကြော်၊ အမဲသားနှပ်၊ ဒန်ပေါက် စုံနေတာပဲ။ ဒါတင်မက အချိုပွဲကလည်း ဖာလူဒါ၊ ကျောက်ကျော၊ ရွှေကြည်နဲ့။ ရှီကာဂိုတဝိုက် မြန်မာအများစုရဲ့ စေတနာအလှုတွေပေါ့။



http://picasaweb.google.com/burmainterestgroup/Ethnotopia2009



မြန်မာတရုတ်အသင်း နှစ်ပတ်လည် ညစာစားပွဲ



ရှီကာဂိုမှာရှိတဲ့ မြန်မာတရုတ်အသင်းက နှစ်ပတ်လည်ညစာစားပွဲကို ဧပြီလ ၁၈ ရက်နေ့ ညနေ ၆ နာရီမှာ ကျင်းပပါမယ်။ ကျင်းပမယ့် နေရာက Lee Ringah Restaurant, 2147 S. China Pl. , Chicago IL 60616, (312)808-1628 မှာပါ။ လက်မှတ် တစ်စောင် ဒေါ်လာ ၂၀ နှုန်းနဲ့ ရောင်းပါတယ်။ စိတ်ဝင်စားသူများ စတင်လီ လီ (Stanley Lee) နဲ့ စိုင်းလီ (Sai Lee) ဆီမှာ ဝယ်လို့ရပါတယ်။



မြန်မာနှစ်ဆန်း သက်ကြီးပူဇော်ပွဲ



BBA (Burmese Buddhist Association) ရဲ့ ၂၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို BBA ရုံးစိုက်ရာ Elmhurst, Illinois မှာ ရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ ဧပြီလ ၁၉ ရက် နေ့မှာ ကျင်းပမယ်လို့ BBAက သတင်းပေးပါတယ်။ ရာသီဥတု ကြမ်းတမ်းတော့ ပွင့်လင်းရာသီမှာသာ ပွဲတွေလုပ်ဖို့ အခြေအနေပေးပါတယ်။ ဒါကြောင့် ၂၀၀၉ ခုနှစ်ရဲ့ ပထမဆုံးပွဲလည်းဖြစ် မြန်မာနှစ်နဲ့ တွက်ရင်လည်း ၁၃၇၁ ရဲ့ နှစ်ဆန်းနဲ့လည်း ကိုက်ညီနေပါတယ်။ နှစ်သစ်မှာ ရိုသေထိုက်သူကို အရိုအသေပေးခြင်းဟာ မင်္ဂလာ တပါး ပါပဲ။



ဒါတင် ဘယ်ကမတုံး။ မေ ၃၁ ကျ နိဗ္ဗာန်ဈေးရောင်းပွဲ -၁ ၊ ဂျုလိုင် ၁၂ ကျ ဝါဆိုသင်ကန်းကပ်ပွဲ၊ ဩဂုတ် ၂ ရက်ကျ နိဗ္ဗာန်ဈေးရောင်းပွဲ – ၂၊ အောက်တိုဘာ ၃ ရက်ကျ သီတင်းကျွတ် မီးထွန်းပွဲနဲ့ နိုဝင်ဘာ ၁ ရက်မှာ ကထိန်သင်္ကန်းကပ်ပွဲ တဲ့။ ကဲ … ဘုရားလည်းဖူး လိပ်ဥလဲ လာတူးကြဖို့ အနောက်အလယ်ပိုင်းဒေသနေ မြန်မာနွယ်ဖွားများ ဆွေသဟာအပေါင်းအတွက် ကြေညာမောင်းနှက်လိုက်ရပါကြောင်း။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts