အုန်းနိုင်

Ohm Naing – Articles

သေနတ်ပစ်မိန့် ဘယ်သူပေးသလဲ – အပိုင်း (၂)
အုန်းနိုင်
ဇူလိုင် ၉၊ ၂၀၁၃


ဇူလိုင် (၂၀) ရက်နေ့မှာ  ပဲခူးတိုင်းတရားသူကြီးနဲ့ မြို့ နယ်ခုနစ်မြို့ နယ်ရဲ့ တရားသူကြီးများ ဆွေးနွေးပွဲကို ရွှေတောင်မြို့ မှာကျင်းပပါတယ်..။ ကျနော်တို့မြို့က ဥက္ကဌ မတက်ပါ..။ ကျနော်နဲ့ တခြားအဖွဲ့ဝင်  ဦးဒီလုံး၊ မြို့ နယ်တရားရေးအကြံပေး ဦးသိန်းဟန်တို့တက်ပါတယ်..။ ဦးသိန်း ဟန်ကို ပေါင်းတည်က ကုလားဗမာရိုက်ပွဲညက သေနတ်ပစ်တာမှာ ဘယ်သူအမိန့်ပေးသလဲလို့ တိုင်းတရားသူကြီးက တိုးတိုးကြိတ်ကြိတ် မေးလိုက်တယ်ဆိုတာ အပြန်ကားပေါ်ကျမှ ပြန်ပြောလို့သိလိုက်ရပါတယ်..။ ပြီးတော့ မြို့နယ်တရားသူကြီး ဥက္ကဌနဲ့ အဖွဲ့ဝင် ဦးဒီလုံးတို့ကိုလည်း တခြားကိစ္စတခုအတွက် ဌာနဆိုင်ရာစစ်ဆေးမှု (P.E) လုပ်ဖို့  နောက်တနေ့မှာ ပေါင်းတည်ကို တိုင်းတရားသူကြီး လာမယ်ဆိုတာ  သိရပါတယ်..။
နောက်တနေ့ ပီအီးကို တရားရုံးမှာမစစ်ပါ..။ ကိုယ်မပါလို့  ဘယ်မှာစစ်သလဲ..မစုံစမ်းပါ။ ဘာတွေစစ်သလဲ  မစပ်စုပါ..။ ဥက္ကဌ  ပြန်ရောက် တော့ ဟိုနေ့က ကုလား- ဗမာကိစ္စမှာ လူအုပ်ကို သေနတ်နဲ့ပစ်ဖို့ ဘယ်သူအမိန့်ပေးတာလဲ မေးတယ်လို့ ပြောပါတယ်..။ ခင်ဗျားတို့ တရား သူကြီးအဖွဲ့ ဝင်တွေလဲ အလုပ်တခုလုပ်ရင်  အဖွဲ့နဲ့ပဲလုပ်ရမယ်..။ တယောက်ချင်း ဘာမှလုပ်ခွင့်မရှိဘူးလို့ ပြောသွားတယ်လို့ သိရတယ်။
ကျနော်တို့ ကျောင်းသားဘ၀က ဟယ်ရီတန်သေတဲ့ ၁၉၅၆ ခုနှစ်က ဗမာ့ခေတ်သတင်းစာတိုက်ရှေ့ ကျောင်းသားထုကိုပစ်ခဲ့တုံးကတော့   ရာဘက်တရားသူကြီး ဦးပါစီမြမောင်က  ပစ်မိန့်ပေးခဲ့တယ်လို့မှတ်မိတယ်..။ အခုတော့ ပစ်မိန့်ကို တရားသူကြီးတဦးတည်းမဟုတ်ပဲ အဖွဲ့နဲ့ ဆိုတော့ကာ အဖွဲ့တိုင်းက ပစ်မိန့်ပေးနိုင်တာလား..။ ဒါမှမဟုတ် တရားသူကြီးအဖွဲ့ လေးဖွဲ့ရှိတဲ့အနက် အဖွဲ့ (၁) လို့ခေါ်တဲ့ မြို့ နယ်တရားသူ ကြီး ဥက္ကဌနဲ့ ကျနော်တို့ အဖွဲ့ ဝင်နှစ်ဦးပါတဲ့အဖွဲ့က ပစ်မိန့်ပေးနိုင်တာလားလို့ ဥက္ကဌကို မေးကြည့်ပါတယ်..။
ဥက္ကဌက အဲဒါကို တိုင်းတရားသူကြီးက ဘာမျှပြောမသွားဘူး..။ လုပ်စရာရှိရင် တဦးထဲမလုပ်နဲ့။ အဖွဲ့နဲ့သာလုပ်ဆိုတာပဲ ပြောတယ်လို့  ပြောပါတယ်..။
ဒီကိစ္စက မြို့ ပေါ်အာဏာပိုင်အဖွဲ့ အစည်းနဲ့ ပါတီကိုရောက်သွားပါတယ်..။ တိုင်းတရားသူကြီးက  ဟိုညက ပစ်မိန့်ဘယ်သူပေးလဲ မေးသတဲ့ .။ ပြသနာဖြစ်လာပါပြီ..။ အဲဒီညတုံးက ပစ်မိန့်ကိုဘယ်သူပေးလဲဆိုတာ ဘယ်သူမှမပြောနိုင်တော့ပါ..။ ဟိုလူပေးသလိုလို..ဒီလူပေးသလို လိုနဲ့.။ ကုလား- ဗမာပြသနာဖြစ်တဲ့ညက  သေနတ်ပစ်သူကိုတောင် ဘယ်သူပစ်မှန်း မသိရတော့ပါ..။ အစပျောက်သွားပါပြီ..။
အခြေအနေကလည်း  တနေ့ထက် တနေ့ ဆိုးဆိုးလာပါတယ်..။ ဇူလိုင် (၂၂) ရက်နေ့ကျတော့ ပြည်မြို့မှာ မာရှယ်လောထုတ်လိုက်ပါ တယ်..။ (၂၃) ရက်နေ့ ည တီဗီသတင်းမှာတော့  ရန်ကုန်မှာကျင်းပနေတဲ့ ပါတီ အရေးပေါ်ညီလာခံမှာ ဥက္ကဌ ဦးနေ၀င်း   နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်..။ ဒီတော့ တပြည်လုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြပြီပေါ့..။ ဘာတွေဖြစ်ကုန်ကြပြီလဲ..။ ဘာတွေလုပ်ကြမလဲ..။ ဒီမြို့မှာ တခုခုဖြစ်လာရင်  ဘယ်လိုလုပ်မလဲ..။ လူစု လူဝေးတွေဖြစ်လာရင်  ဘယ်လိုလုပ်မလဲ..။ လဲ..လဲ..လဲ..။ လဲ..ပေါင်းများစွာနဲ့ မြို့ နယ်လုံခြုံရေး နဲ့ ကွပ်ကဲရေးအဖွဲ့ ကို ဖွဲ့လိုက်ပါတယ်…။ အဖွဲ့ ဝင်တွေက ပါတီကော်မတီတခုလုံး။ အာဏာပိုင်အဖွဲ့အစည်း သုံးခု..။ မြို့ပေါ်ရပ်ကွက် (၁၂) ရပ်ကွက်ရဲ့ ဥက္ကဌတွေပါ ပါတယ်..။ နေ့စဉ် ညနေ (၃)နာရီမှာ ကောင်စီဥက္ကဌရဲ့ရုံခန်းမှာ စုရမယ်..။ အဲဒီ.. လုံခြုံရေးနဲ့ ကွပ်ကဲရေးအဖွဲ့ အ စည်းအဝေးမှာ ပထမဆုံးတက်လာတဲ့ပြသနာက  လူစုလူဝေးနဲ့ အဓိကရုဏ်းတွေဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲ..။ ပုဒ်မ (၁၄၄) ကို ဘယ်သူကထုတ်ရမလဲ..။ ပုဒ်မ (၁၄၄) ကိုဖောက်ဖျက်ရင် ဘယ်လိုလုပ်မလဲ..။ လူစုခွဲဖို့ သေနတ်ပစ်ဖို့လိုအပ်ရင် ဘယ်သူကအမိန့်ပေး မလဲ..။ ဆိုတော့ ဘယ်သူမှမဖြေနိုင်ပါ..။ လုပ်ဟေ့..လုပ်ဟေ့ဆိုလို့သာ တက်လုပ်လာကြတာ…။ ဘယ်သူမှ လုပ်ထုံးလုပ်နည်းတွေကို ပြတ် ပြတ်သားသားမသိပါ..။ ပြည်သူ့ကိုယ်စားလှယ်ဆိုတဲ့ လေးနှစ်တကြိမ်  တက်လာတဲ့သူတွေက  မသိတာ  ထားပါဦး.။ အုပ်ချုပ်ရေး ရုံးတာဝန် ယူရတဲ့ ဟိုတုံးက  ၀န်ထောက်လို့ခေါ်တဲ့ ကောင်စီရုံး အုပ်ချုပ်ရေးမှူးကလည်း မသိ..။ ဟိုတုံးက တရားသူကြီးလို့ခေါ်ရတဲ့ တရားရေး အကြံ ပေးကလည်း  မသိ..။ ဘယ်လို ဖြစ်ကြတာတုံးဆိုတော့ .။ သူတို့လည်း  သူတို့အလုပ် သူတို့မလုပ်ရတာကြာပြီ..။ သူများခိုင်းတာပဲ  လုပ်ပြီး အချောင်ခိုနေကြတာမို့  မသိပါဘူးတဲ့..။
နောက်ဆုံးတော့ ဆရာကြီးပဲ စာဖတ်များတဲ့သူမို့ အဲဒါတွေကိုဆရာကြီးရှာပေးပါတဲ့.။ ကျနော့်ဆီပဲ ရောက်လာပါတယ်..။

(မြို့ နယ်တရားသူကြီးအဖွဲ့ဝင်ရဲ့အခန်းကဏ္ဍကို ဆက်လက်ဖော်ပြပါမယ်..)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts