သန်းဝင်းလှိုင်

Than Win Hlaing – Articles

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

စာပေဆိုင်ရာ နိုဘယ်ဆုရှင်များ – အပိုင်း (၂)
သန်းဝင်းလှိုင်
ဇူလိုင် ၉၊ ၂၀၁၃

စာပေဆိုင်ရာ နိုဘယ်ဆုရရှိသူများအနက် မြန်မာစာဖတ်ပရိသတ်နှင့် ရင်းနှီးထင်ရှားသော စာရေးဆရာများမှာ ၁၉၁၃ ခုနှစ်က ရရှိသော ဘင်္ဂါလီစာရေးဆရာကြီး `ရာဘင်ဒရာနတ်တဂိုး၊ ၁၉၂၅ ခုနှစ်က ရရှိသော ဗြိတိသျှစာရေးဆရာ ဂျော့ဘားနတ်ရှော၊ ၁၉၃၈ ခုနှစ်က ရရှိခဲ့သော အမေရိကန်စာရေးဆရာမ ပါးလ်အက်စဘတ်၊ ၁၉၄၆ ခုနှစ်က ရရှိသော ဂျာမန်စာရေးဆရာ ဟာမင်ဟယ်စယ်၊ ၁၉၅၄ ခုနှစ်က ရရှိသော အမေရိကန်စာရေးဆရာ အားနက်ဟင်းမင်းဝေး၊ ၁၉၆၅ ခုနှစ်က ရရှိသော ဆိုဗီယက်စာရေးဆရာ မီခေးလ်ရှိုလိုကော့ဗ်၊ ၁၉၆၈ ခုနှစ်က ရရှိသော ဂျပန်စာရေးဆရာ ယူဆူနာရီကာဝါဘာတာ၊ ၁၉၈၃ ခုနှစ်က ရရှိသော ဗြိတိသျှစာရေးဆရာ ၀ီလျံဂိုးလ်ဒင်း၊ ၁၉၈၅ ခုနှစ်က ရရှိသော ပြင်သစ်စာရေးဆရာ ကလော့ဆိုင်မွန် တို့ ဖြစ်ကြသည်။
ဂျော့ဘားနတ်ရှော (၁၈၅၆-၁၉၅၀)
ဂွသမားစာရေးဆရာကြီးဟု ကျော်ကြားလှသော ဂျော့ဘားနတ်ရှောကို ခေတ်သစ်အင်္ဂလိပ်စာပေလောကတွင် အထက်မြက်ဆုံးသော စာပေပညာရှင်ကြီးအဖြစ် အချို့သော စာပေအကဲဖြတ်ပုဂ္ဂိုလ်များက သတ်မှတ်ကြသည်။ ရှောသည် သူ့ခေတ်တွင် ဖြစ်ပေါ်နေသော အခြေအနေ၊ အယူအဆ၊ လုပ်ကိုင်နေပုံတို့ကို ထိမိသော စကားလုံးများဖြင့် သရော်လှောင်ပြောင်ရေးဖွဲ့ခဲ့သောကြောင့် ဖတ်ရှုရသူများ သဘောတွေ့ ခဲ့ရသည်။ ထေ့လုံး ချိတ်လုံးများဖြင့် စာရေးကောင်းသလောက်၊ စကားအခြေအတင် ပြောရာ၌လည်း ထူးချွန်လှပေသည်။
ဘားနတ်ရှောသည် စာပေပညာရှင်တစ်ဦးဖြစ်သည်သာမက ဇဝနဥာဏ်ရွှင်သူလည်း ဖြစ်သည်။ ကလောင်စွမ်း၊ လျှာစွမ်းထက်လှသော ရှောသည် အိုင်းရစ်လူမျိုးဖြစ်၍ အိုင်ယာလန်ပြည် ဒဗ္ဗလင်မြို့၌ ၁၈၅၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ရှောကို ဖွားမြင်စဉ်က မိသားစု၏ စီးပွားရေးအခြေအနေသည် ယိမ်းယိုင်စပြုလာသဖြင့် ရှော၏ ငယ်စဉ်က ပညာရေးသည် အစမကောင်းခဲ့ပေ။
ကျောင်းတွင် နေစဉ်က ရှောသည် ထူးချွန်သည့်အသွင်လက္ခဏာ မပြခဲ့ပေ။ သို့သော် စာပေ၊ ဂီတ နှင့် ပန်းချီပညာရပ်တို့ကိုမူ ငယ်စဉ်ကပင် ၀ါသနာထုံခဲ့သည်။ ဖခင်ကြီးသည် မိမိ၏ အိမ်ထောင့်တာဝန်ကို ကျေပွန်စွာ လုပ်ကျွေးခြင်းမပြုသဖြင့် မိခင်နှင့် မောင်နှမများကို လုပ်ကိုင်ကျွေးမွေးရန် ရည်ရွယ်ချက်ဖြင့် ၁၅ နှစ်သား အရွယ်တွင် ရှောသည် ကျောင်းမှ ထွက်လိုက်ရသည်။ ရရာ စာရေးအလုပ်တစ်ခုကို လေးငါးနှစ်ခန့် ဝင်ရောက်လုပ်ကိုင်ခဲ့ရာ ၀ါသနာမပါသောကြောင့် ထိုအလုပ်မှ ထွက်၍ မိခင်ရှိရာ လန်ဒန်မြို့သို့ လိုက်သွားခဲ့သည်။
လန်ဒန်မြို့တွင် ရှောသည် ဂီတဝေဖန်ရေးဆရာအဖြစ် ဆောင်ရွက်ရာ အငတ်ငတ် အပြတ်ပြတ်ဖြစ်နေ၍ မိခင်ကြီးက စန္ဒရားတီးသင်ဆရာမအဖြစ် လုပ်ကိုင်၍ သားဖြစ်သူရှောအား ထောက်ပံ့ခဲ့ရသည်။ ထိုစဉ်အတွင်း ၁၈၇၉ ခုနှစ်မှ ၁၈၈၃ ခုနှစ်အထိ ရှောသည် ဝတ္ထု ငါးပုဒ်ရေးသားခဲ့သည်။ သို့သော် ပုံနှိပ်ထုတ်ဝေသူများက ရောင်းစွံမည်ဟု မထင်၍ ထုတ်ဝေရန် လက်တွန့်နေကြသည်။ သို့သော် ရှောသည် စိတ်မပျက် ဆက်လက်ရေးသားခဲ့ရာ ပညာဥာဏ်ရင့်သန်သူ ဖြစ်သည့်အလျောက် သူ၏ အရေးအသားများလည်း ပြောင်မြောက်လာခဲ့သည်။
၁၈၈၂ ခုနှစ်တွင် အမေရိကန်လူမျိုး ဟင်နရီဂျော့၏ ဟောပြောချက်များ ကြားနာရာမှ ဂျော့သည် ဆိုရှယ်လစ်ဝါဒီ တစ်ဦး ဖြစ်လာခဲ့သည်။ ထို့အပြင် ကားလ်မတ်၏ `အရင်းကျမ်း´ (The Cipital) ကြီးကို အလွန်နှစ်ခြိုက်ခဲ့သည်။ ထို့ကြောင့် ဟိုက်ပတ်ဥယျာဉ်တွင် အလုပ်သမားလူတန်းစားတို့အား အရင်းရှင်ဝါဒတိုက်ဖျက်ရေးတရားများကို အပတ်စဉ် ဟောပြောခဲ့သည်။ ထို့နောက် ပညာတတ်လူတန်းစားကိုပါ ဟောပြောစည်းရုံးရန်အတွက် ၁၈၈၄ ခုနှစ်တွင် ဖေဗီယန် အသင်း တည်ထောင်သောအခါ အသင်းဝင်အဖြစ် ဝင်ရောက်ခဲ့သည်။
ထိုကာလများအတွင် ရှောသည် မိမိဝါသနာပါရာ စာပေပညာကို ဆက်လက်ဆည်းပူးခဲ့သည်။ သူအဓိက ဆည်းပူးရာ နေရာကား ဗြိတိသျှပြတိုက်စာကြည့်တိုက် (British Museum Library) ဖြစ်သည်။ ယင်းစာကြည့်တိုက်၌ပင် လေ့လာ၍ ရေးသားကာ သူ၏ စာပေဘဝကို အုတ်မြစ်ချခဲ့သည်။ ရှောသည် စာအကြီးအကျယ် ဖတ်ခဲ့သူဖြစ်သည်။ သူက ဗြိတိသျှပြတိုက်စာကြည့်တိုက်အား ကျောင်းတုန်းက မပြည့်စုံခဲ့သည့် သူ၏ ပညာရေးကို ဖြည့်တင်းပေးနိုင်မည့် ကိုယ်တိုင်ရှာ အသိပညာသိုက် (၀ါ) ဘဝတက္ကသိုလ်တစ်ခုအဖြစ် သဘောထားခဲ့သည်။ လူကပိန်ပိန်၊ အရပ်ကရှည်ပြီး အနီရောင် မုတ်ဆိတ်ရှိသော သူ့ပုံပန်းက တမူထူးခြားနေသည်။ ဖတ်သည်စာအုပ်အရေအတွက်ကလည်းများ၊ အကြောင်းအရာ ကလည်း မျိုးစုံဖြစ်သောကြောင့် စာကြည့်တိုက်တွင် တွေ့ဆုံသူတိုင်းက သူ့ကို စိတ်ဝင်တစား မိတ်ဖွဲ့ကြသည်။ စာကြည့်တိုက်တွင် တွေ့ဆုံရင်းနှီးခဲ့သော ဇာတ်သဘင်ဝေဖန်ရေးသမား ၀ီလျံအာချာ (William Archer) ၏ ချိတ်ဆက်ပေးမှုကြောင့် ရှောသည် နာမည်ကြီးစာနယ်ဇင်းများ၌ စာအုပ်ဝေဖန်ချက်၊ အနုပညာဝေဖန်ချက်၊ ဂီတဝေဖန်ချက် များ ပင်တိုင်ရေးခွင့်ရကာ သူ့အမြင် သူ့အရေးအသားများ ပြောင်မြောက်လှသဖြင့် နောင်တွင် ဘားနတ်ရှောဟူသော နာမည်တစ်လုံး စာပေနယ်တွင် နေရာရခဲ့သည်။ သည်စာကြည့်တိုက်ကြီးမှာ သူ့ဘ၀ကို ထူထောင်ခွင့်ရခဲ့သည့် ကျေးဇူးကို ဘားနတ်ရှောသည် အစဉ်သတိရခဲ့မှုကြောင့် သူကွယ်လွန်ခါနီးအချိန်တွင် သူ့ပိုင်ပစ္စည်းများမှ အကျိုးအမြတ်များကို ခွဲဝေပေးသည့် `သေတမ်းစာ´ ၌ ဗြိတိသျှပြတိုက်စာကြည့်တိုက်အတွက်ပါ ဝေစုတစ်စု ထည့်သွင်းရေးသားသွားခဲ့လေသည်။
ထို့နောက် ရှောသည် ၁၈၈၅ တွင် `ပေါမောဂေဇက်´ (Pall Mall Gazette) သတင်းစာတွင် သတင်းဝေဖန်သူအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ များမကြာမီ လန်ဒန်မြို့ ဂီတ နှင့် ပြဇာတ် အကဲဖြတ်များထဲတွင် ရှော၏ နာမည်သည် ထင်ရှားလာခဲ့သည်။
သူသည် ပြဇာတ်အကဲဖြတ်အဖြစ် ဆောင်ရွက်ရင်း ပြဇာတ်အဆင့်အတန်းမြင့်မားရေးအတွက် ပြဇာတ်ပေါင်းများစွာ ရေးသားခဲ့ရာ အထူးထင်ရှားခဲ့သည်။ ရှောသည် သူ့ပြဇာတ်များတွင် သူ့ယုံကြည်ချက်များ ထည့်သွင်းဖော်ပြခဲ့သည်။ ရှော၏ ပြဇာတ်များသည် စင်စစ် ဇာတ်လမ်းကြောင့် မဟုတ်ဘဲ သူ့အာဘော် သူ့အယူအဆ အတွေးအမြင်ကြောင့် ကျော်ကြားခဲ့ခြင်း ဖြစ်သည်။ သူ၏ ထင်ရှားသော ပြဇာတ်များမှာ Man and Superman (၁၉၀၃) Major Barbara (၁၉၀၇) Pygmalim (၁၉၁၃) Heart-break House (၁၉၁၉) Sy. Joan (၁၉၂၃) တို့ဖြစ်သည်။
၁၈၉၄ ခုနှစ်က ဂျော့ဘားနတ်ရှော ရေးသားခဲ့သော Arms and the man ပြဇာတ်ကို ကျော်လှိုင်ဦး (မင်းကျော်) က ၁၉၆၅ ခုနှစ်တွင် `လူနှင့်လက်နက်´ အမည်ဖြင့် ဘာသာပြန်ဆိုခဲ့သည်။
ရှောသည် ပြဇာတ်မျာသာမက ၀တ္ထု၊ ဆောင်းပါး၊ စာတမ်းများလည်း များစွာရေးသားခဲ့သည်။ သူ၏ ပြဇာတ်များနှင့် အခြားစာအုပ်၊ စာတမ်းများအတွက် ဥာဏ်ပူဇော်ခများစွာ ရရှိ၍ ကြွယ်တောင့်ကြွယ်ဝနေနိုင်ခဲ့လေသည်။ ရှောသည် အမျိုးသမီးအခွင့်အရေးဝါဒ (Feminism) အပါအ၀င် တိုးတက်သော အရေးကိစ္စများအတွက် ဦးဆောင်လှုံ့ဆော်ခဲ့သည်။ စာရေးသားခဲ့သော ၀တ္ထုများအနက် Immatunty (အရွယ်မတိုင်မီ)၊ Cahsel Byton’s Profession (ကက်ရှဲလ်ဘိုင်တန်၏ အလုပ်အကိုင်) An Unsocial Socialist (အထီးကျန်ဆိုရှယ်လစ်)၊ The Irrational Knot Love Among The Artists (ပြည်သူချစ်သော အနုပညာရှင်များ) တို့ ဖြစ်သည်။ သူ၏ ထူးခြားပြောင်မြောက်သော အရေးအသားများကြောင့် ၁၉၂၅ ခုနှစ်တွင် စာပေဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့လေသည်။

သူ့အယူအဆ၊ ယုံကြည်ချက်သည် အများနှင့်မတူ ထူးခြားသကဲ့သို့ သူ၏ ဥပဓိရုပ်နှင့် အမူအကျင့်ကလည်း ထူးခြားသည်။ သူသည် အမဲသား၊ သားငါး မစားသလို၊ အရက်သေစာနှင့် ဆေးလိပ်လည်း မသောက်ချေ။ ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် အလိုက်သင့်နေထိုင်ခဲ့သဖြင့် အသက် ၉ဝ ကျော်အထိ ဇရာထောင်း၍ ဖွတ်ဖွတ်ကြေနေသော်လည်း အများနှင့်မတူ ဂွကျကျ စာပေများကို ပြောင်မြောက်စွာ ဆက်လက်ရေးသားနိုင်ခဲ့လေသည်။ ယင်းနောက် အသက် ၉၄ နှစ် ၁၉၅၀ ပြည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် လန်ဒန်မြို့၌ ကွယ်လွန်သွားလေသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts