>Confiker shaking the World

>

ကွန်ပျူတာများကိုခြိမ်းခြောက်နေသည့် `ကွန်ဖစ်ကာ´(Conficker) ပိုး

တင့်လွင်

မတ် ၃၁၊ ၂၀၀၉

အရူးလုပ်ခံရမယ့် ဧပြီ တစ်

လာမယ့် ဧပြီလ ၁ရက်နေ့ (ဧပြီဖူးလ် April Fool) နေ့မှာ အင်တာနက်ပေါ်မှ တဆင့် ကမ္ဘာတ၀ှမ်းရှိ ကွန်ပျူတာများကို ကွန်ဖစ်ကာ ဗိုင်းရပ်စ်က ဒုက္ခပေးမယ်လို့ ကွန်ပျူတာ ဟက်ကာတွေက ရာဇသံပေး ထားပါတယ်။


ထိုရာဇသံကြောင့်ရော ပြီးခဲ့တဲ့ ရက်ပိုင်း၊ လပိုင်းတွေမှာ `ကွန်ဖစ်ကာ´ တိုက်ခိုက်ခံရပြီး ဘဏ်အကောင့်နံပါတ်နဲ့ အချက်အလက်တွေ ခိုးယူခံရပြီး ဘဏ်ထဲမှ ငွေဆုံးရှုံးမှုများ ရှိခဲ့တာကြောင့်ပါ စိုးရိမ်မှုတွေ ပိုမို တိုးပွားလာနေတာလည်း ဖြစ်ပါတယ်။



`ကွန်ဖစ်ကာ´ ဆိုတဲ့ ကွန်ပျူတာ ပိုး(worm) ဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အကုန် နိုဝင်ဘာလမှ စတင်ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ပထမဆုံး ပေါ်ထွက်ခဲ့တဲ့ `ကွန်ဖစ်ကာ´ A မှ ယခုဆိုလျင် `ကွန်ဖစ်ကာ´ D အထိ ရောက်ရှိနေပြီလို့ မိုက်ကရိုဆော့ဖ် ရဲ့ ၀က်ဆိုက်ထဲမှာ ဖေါ်ပြပါရှိပါတယ်။



`ကွန်ဖစ်ကာ´ ဆိုတဲ့နာမည်ဟာ ကွန်ပျူတာသုံးစကားလုံး Configure ကို အခြေခံပြီး တီထွင် အမည်ပေးထားတဲ့ စကားလုံးဖြစ်ပါတယ်။


`ကွန်ဖစ်ကာ´ ကဘာတွေဖြစ်နိုင်သလဲ။

`ကွန်ဖစ်ကာ´ လို့ခေါ်ဆိုတဲ့ ကွန်ပျူတာ ပိုးဟာ အင်တာနက်မှ တဆင့် မိမိကွန်ပျူတာထဲကို ကလစ် တချက်နှိပ်မှား မိရုံဖြင့် ၀င်ရောက်နိုင်ပြီး ၀င်ရောက်ပြီးနောက်မှာ မိမိကွန်ပျူတာထဲမှ အချက်အလက်များ၊ ဖိုင်များသာမက အရေးကြီးတဲ့ ပါ့စ်ဝဒ် (password) လိုမျိုးကို ခိုးယူပြီး ဘဏ်စာရင်းထဲမှ ငွေကြေးကိုလည်း ရွှေ့ပြောင်း ခိုးယူသွားနိုင်သလို၊ မိမိကွန်ပျူတာထဲသို့ သောင်းနဲ့ သိန်းနဲ့ချီတဲ့ ကြော်ငြာစာ (spam mail) တွေ အဆက်မပြတ် ၀င်ရောက်ပြီး အသုံးမပြုနိုင်လောက်အောင်လည်း ဒုက္ခပေးနိုင်ပါတယ်။



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အမေရိကန် စီဘီအက်စ် ရုပ်သံရဲ့ `မိနစ် ၆၀´ သတင်းမှတ်တမ်း အစီအစဉ်မှာ `ကွန်ဖစ်ကာ´ အကြောင်းကို တင်ပြသွားပါသေးတယ်။ အဲဒီလို တင်ပြရာမှာ ဗိုင်းရပ်စ် လို့ခေါ်ခေါ် ကွန်ပျူတာ ပိုး(worm) လို့ခေါ်ခေါ် `ကွန်ဖစ်ကာ´ဟာ ထွက်ပေါ်ပြီး ၄၊ ၅လအကြာမှာ ကမ္ဘာတ၀ှမ်းမှ ကွန်ပျူတာ အလုံးပေါင်း ၁၀သန်းကျော် ကိုဒုက္ခပေးပြီး ဖြစ်တယ် လို့ဆိုပါတယ်။



ကလစ်တချက် အနှိပ်မှား ပြီးနောက်မှာ မိမိက အိပ်နေပေမယ့်လည်း အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာက မအိပ်ဘဲ ယူစရာရှိတာတွေကို မိမိ မသိအောင် ခိုးယူခြင်းခံနေရမှာ ဖြစ်တယ် လို့ဆိုပါတယ်။



နော်တန် အင်တီဗိုင်းရပ်စ်ကို ရေးသားထုတ်လုပ်တဲ့ Symantec ဆော့ဖ်ဝဲ ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်သူက စီဘီအက်စ်သတင်းထောက်ကို ရှင်းပြရာမှာ နေ့စဉ် ၁သောင်းမှ ၁သောင်းခွဲမျှသော ကမ္ဘာ တ၀ှမ်းမှ ကွန်ပျူတာတွေဟာ `ကွန်ဖစ်ကာ´ရဲ့ ထိုးနှက် ဖျက်ဆီးမှုကိုခံနေရတယ်လို့ ဆိုပါတယ်။



Symantec ကုမ္ပဏီက မိနစ် ၆၀တိုင်းမှာ အန္တရာယ်ရှိတဲ့ ၀က်ဆိုက်လင့်ခ်ပေါင်း ၄သိန်းကို ပိတ်ဆို့ပေးနေရတယ် လို့လည်းဆိုပါတယ်။ သူတို့ကုမ္ပဏီအနေနဲ့ ၅မိနစ်မှာ တခါ ကွန်ပျူတာပိုးနဲ့ ပတ်သက်တဲ့ အပ်ပဒိတ် တွေကို တင်ပေးနေရတယ် လို့လည်း သိရပါတယ်။



အဆိုပါ စီဘီအက်စ် သတင်းမှတ်တမ်း အင်တာနက်ဆိုတဲ့ ကမ္ဘာ့ ဆက်သွယ်ရေး စနစ်ကြီး ကိုယ်တိုင် ယခု ဗိုင်းရပ်စ်ပိုးရဲ့ တိုက်ခိုက်ခံနေရတဲ့သဘောမျိုး သုံးနှုန်းပြောဆိုသွားပါတယ်။



အင်တာနက်ကို သုံးစွဲရာမှာ သတိကြီးစွာထားပြီး ဆောင်ရန်ရှေင်ရန်တွေကို လိုက်နာဖို့အရေးကြီးနေပြီး နို့မဟုတ်ရင် အင်တာကနက်မှ တဆင့် ငွေကြေးပေးချေတာ၊ ဈေးဝယ်တာ၊ ငွေလွှဲပြောင်းရာမှာ အချက်အလက် ခိုးယူခံရပြီး မမျှော်လင့်တဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရမှာပါ။



ဆောင်ရန် ရှောင်ရန်

ယခုလောလောဆယ် မှာ `ကွန်ဖစ်ကာ´က ပစ်မှတ်ထား ဖြားယောင်းတဲ့ ၀က်ဆိုက်စာရင်းတွေထဲမှာ ဆိုရှယ် နက်ဝေါ့ကင်း ၀က်ဆိုက်များဖြစ်တဲ့ My Space, Facebook လို ၀က်ဆိုက်တွေက ထိပ်ဆုံးမှာ ရှိနေပါတယ်။ အဆိုပါ ဆိုရှယ် ၀က်ဆိုက်စာမျက်နှာပေါ်မှာပဲ မသင်္ကာစရာ လင့်ဆိုပါက ကလစ်မလုပ်မိဖို့ အလွန် အရေးကြီးပါတယ်။



ဥပမာအားဖြင့် facebook ၀က်ဆိုက် စာမျက်နှာပေါ်မှာ “haha check out the hilarious video” ဆိုတဲ့ လင့်ခ်ကို တွေ့ရလို့ အမှတ်တမဲ့ နှိပ်လိုက်ပြီးနောက်မှာ မိမိကွန်ပျူတာပေါ်မှ လုပ်ဆောင်ချက်တိုင်းကို ခိုးယူသူရဲ့ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ အားလုံး မြင်တွေ့နိုင်ပြီး လော့ဂ်အင်လုပ်တဲ့ အမည်၊ ၀ှက်စာကအစ၊ ဘဏ်စာရင်းနံပါတ်၊ ၀င်ရောက်တဲ့ ၀ှက်စာအားလုံးကို တဖက်က မှတ်တမ်းတင် သိမ်းယူထားလိုက်ပါတော့တယ်။



အဲဒီနောက်မှာ ဖြည်းဖြည်းချင်း ဘဏ်စာရင်းထဲမှ ငွေတွေကို ရွှေ့ပြောင်းတာတို့လိုမျိုး လုပ်ပါတော့တယ်။



သတိထားသင့်တဲ့အထဲမှာ ဆိုရှယ် ၀က်ဆိုက်တွေ အပြင် ဖိုင်ရှယ်ယာရင်း လုပ်ဆောင်တာ( P2P, Peer to Peer) တွေလည်း ပါဝင်ပါတယ်။



မိမိကွန်ပျူတာကို စိတ်ချရတဲ့ အင်တီဗိုင်းရပ်စ် ဆော့ဖ်ဝဲ တခုတင်ထားပြီး မှန်မှန်လည်း အပ်ပဒိတ် (update) လုပ်ဖို့လိုအပ်ပါတယ်။ ၀င်းဒိုးစ် စနစ်သုံးတယ်ဆိုရင် ဖိုင်းယားဝေါလ် လိုမျိုးလည်း ဖွင့်ထားသင့်ပြီး မိမိကြည့်နေကျ ၀က်ဆိုက်တွေ မဟုတ်တဲ့အခါ ဘရောက်ဆာတွေက စိတ်မချရတဲ့ ၀က်ဆိုက် ဆိုတဲ့ သတိပေးချက်မျိုးကိုလည်း သတိပြုကြည့်ရှုကာ ရှောင်ရှားသင့်တယ်လို့ ဆိုပါတယ်။



ကွန်ပျူတာ သူလျှို ခေတ်



ယခုလို `ကွန်ဖစ်ကာ´ ခြိမ်းခြောက်မှုကြီးထွားလာချိန်နဲ့ တပြိုင်နက်ထဲမှာပဲ တိဗက် နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားရဲ့ ရုံးမှ ကွန်ပျူတာများမှ အချက်အလက် တရုတ်နိုင်ငံမှာ အခြေစိုက်တဲ့ အင်တာနက် ဟက်ကာများက ခိုးယူကြည့်ရှု နေမှုကို ထုတ်ဖေါ်လိုက်တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပါတယ်။



ရုံးကွန်ပျူတာတွေထဲမှ အချက်အလက် ခိုးယူခံနေရတယ်လို့ မသင်္ကာမှုကို တိဗက်ဘာသာရေး ခေါင်းဆောင်ရဲ့ အကူအညီတောင်းမှုကြောင့် ကနေဒါ အခြေစိုက် အိုင်တီ ကျွမ်းကျင်သူအဖွဲ့က လွန်ခဲ့တဲ့ ၁၀လက စပြီးထောက်လှမ်းခဲ့ပါတယ်။



ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အဆိုပါ အချက်အလက် ခိုးယူမှုကို ဖေါ်ထုတ်နိုင်ခဲ့ပြီး ခိုးယူသူတွေဟာ တရုတ်နိုင်ငံမှာ အခြေစိုက်တာ ဖြစ်တာကို တွေ့ရှိရတယ်လို့ ကြေညာခဲ့ပြီး နိုင်ငံပေါင်း ၁၀၃နိုင်ငံရှိ နိုင်ငံခြားရေးရုံးများမှ ကွန်ပျူတာများ၊ သံရုံးကွန်ပျူတာ အလုံးရေ ၁ထောင်ကျော် ၀င်ရောက်ကြည့်ရှုခြင်း ခံရတယ်လို့ ဆိုပါတယ်။



အထက်က `ကွန်ဖစ်ကာ´ ပိုးတွေကို ရေးသား လုပ်ဆောင်နေတာဟာ ရုရှားနိုင်ငံမှလို့ ကွန်ပျူတာနက်ဝေါ့ခ် လုံခြုံရေး ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ အဆိုပါ ဟက်ကာတွေရဲ့ ဓာတ်ပုံတွေ၊ ဟက်ကာတွေက သူတို့ရဲ့ ၀န်ဆောင်မှုရောင်းချတဲ့ ကြော်ငြာတွေကို အင်တာနက်ပေါ်မှာ မြင်တွေ့နိုင်တယ်လို့လည်း ဆိုပါတယ်။ အချို့သော ဟက်ကာတွေဟာ အသက် ၁၄နှစ်အရွယ်မျှသာ ရှိသေးတယ်လို့လည်း ဆိုပါတယ်။



ကိုးကား(စီဘီအက်စ် မိနစ် ၆၀ အစီအစဉ်၊ ဘီဘီစီ ၀က်ဆိုက်၊ မိုက်ကရိုဆော့ဖ် ၀က်ဆိုက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts