>New Road to Naypyidaw open

>

ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီး ဖွင့်လှစ်

ဝင်းမြတ်

မတ် ၂၇၊ ၂၀၀၉

ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီးကို မတ် ၂၅ ရက်က အများပြည်သူအသုံးပြုနိုင်ရန် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများက ဖော်ပြသည်။ ၄င်းလမ်းမကြီးသည် ရန်ကုန် အမှတ် (၃) လမ်းမကြီးမှ နေပြည်တော်အထိ ၂၀၂ မိုင် ၁ ဖာလုံရှည်လျားပြီး တစ်ဖက်လျှင် လေးလမ်းသွား ကွန်ကရစ်လမ်းမကြီး ဖြစ်သည်။ အောက်ခံကွန်ကရစ်ထု ခြောက်လက်မနှင့် မျက်နှာပြင်လွှာ ကွန်ကရစ်ထု ၁၂ လက်မ၊ ခံနိုင်ဝန် တန် ၈၀ ရှိသည်ဟု ဆိုသည်။

ရန်ကုန်မှနေပြည်တော်သို့ ယခင်ကရှစ်နာရီခန့်သွားလာရပြီး ယခုအခါ လေးနာရီခန့်သာ ကြာမြင့်မည့် ၄င်းလမ်းမကြီးတွင် လမ်းအသုံးပြုခကောက်ခံရေးစခန်း သုံးခုထည့်သွင်းထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း နှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့က တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းဖွင့်ပွဲအခမ်းအနားကို လမ်းအသုံးပြုခကောက်ခံရေးစခန်းများရှိရာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံ၊ ပဲခူးတိုင်းဖြူးမြို့အနီး မိုင်တိုင် အမှတ် ၁၁၅/၂ နှင့် နေပြည်တော် စီ-လမ်းဆုံ မိုင်တိုင်အမှတ် (၂၀၂/၁) တို့တွင် ဖွင့်ပွဲအခမ်းအနား များပြုလုပ်ခဲ့ကြသည်။

အမှတ်(၃) လမ်းဆုံဂိတ်တွင် ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဖြူးမြို့တွင် ဗိုလ်ချုပ်ကိုကို နှင့် နေပြည်တော်တွင် အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့က ၆၄ နှစ်မြှောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်သည်ဟု နိုင်ငံပိုင် သတင်းမီဒီယာများက ဖော်ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts