ဆောင်းလူ

Saung Luu – Poem

ငါ့ခေါင်းထဲက ညောင်းနေတဲ့ စပရင်
ဆောင်းလူ
ဇူလိုင် ၁၀၊ ၂၀၁၃


ဆွဲလို့လည်း မရ
ဆန့်လို့လည်း မရ 
လားရာတွေ ပျောက်ဆုံးနေတဲ့ ဘ၀ ..။ 
သုညတို့ခြုံလွှမ်းရာ
ဟော့အရပ်မှာ
မျက်နှာပေးတွေက …။
ကျားသေကလည်း ကျားသေအလျောက် …
ပုဏ္ဍားကလည်း ပုဏ္ဍားအလျောက် …
ဇာတ်နာအောင် 
ဝေသန္တာရာမင်း အကုန်စွန့်ကျဲပြလေတော့ …
ဒီဇာတ်နဲ့
ဒီအရပ်
ခ၀ါချလည်း မရ …
ပုဝါပြလည်း မရ …
ကောသလအိပ်မက်နဲ့
အရိပ်ပြ အကောင်မထင်တဲ့ခတ်မှာ …
သွင်းချည်
နုတ်ချည်နဲ့
မနေ့ကထိတော့
ငါ့ခေါင်းထဲမှာ ညောင်းနေတဲ့ စပရင်တချောင်းရှိတယ် ..။
ဇာတ်တိုက်ထားသလိုပဲ 
ခုထိတော့
ဆွဲလို့လည်း မရ
ဆန့်လို့လည်း မရ 

လားရာတွေ ပျောက်ဆုံးနေတဲ့ ဘ၀ ..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts