>Suu and Bill Richardson talk ( 05

>

ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း အပိုင်း (၅)
မတ် ၁၈၊ ၂၀၀၉

” – – သူတို့ကို ကျမက ယူရိုဆလားဗီးယား ဥပမာကို လှမ်းကြည့်လိုက်ဖို့ ညွန်ပြချင်ပါတယ်။ အဲဒီမှာ အတွင်းလှိုက်ပြီး လူမျိုးစု တစုနဲ့ တစု ယုံကြည်စိတ်ချရမှု ကင်းမဲ့နေတာကို ဘယ်သူကမှ မကုစားခဲ့ဘူး။ အချိန်ဟာ ဒဏ်ရာတိုင်းကို ကုစားမှာတော့ မဟုတ်ဘူး – – “


မစ္စတာရစ်ချဒ်ဆန်။ ။ ခင်ဗျားသိတဲ့ အတိုင်းပဲ – အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ မြန်မာပြည်သားတွေ အမြောက်အများရှိပါတယ်။ ဗန်ကောက်မှာ၊ အမေရိကန်ပြည်ထောင်စုမှာ မြန်မာအစိုးရကို ဆန့်ကျင်နေတဲ့ မြန်မာ အတော်များများ ရှိကြပါတယ်။ သူတို့ကို ဘာများ မှာချင်သလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ မှာချင်တာကတော့ “ညီညွတ်ကြပါ”လို့ ဆိုတာတခုပါပဲ။ သူတို့ အချင်းချင်း ကတောက်ကဆတွေ ဖြစ်မနေကြပါနဲ့ လို့။ ဆန့်ကျင်ရေးအုပ်စု(အင်အားစု) တွေ ကတောက်ကဆ ဖြစ်တတ်ကြတယ် ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် သူတို့ကိုတော့ ရှင်းရှင်းပဲ ပြောလိုက်မယ်၊ ကွဲပြဲတာမျိုး မလုပ်ပြကြနဲ့ လို့။ အကြောင်းအရာ တခုခုအပေါ်မှာ သဘောတူညီမှု မရကြဘူးဆိုရင် အဲဒီအရာကို ချွေးသိပ် ထားလိုက်ကြရင် ကောင်းမယ်။ ဒါမျိုးတွေ ဖြစ်မှာစိုးလို့လည်း ကျမအနေနဲ့ ပုဂ္ဂိုလ်စွဲပြီး လုပ်ငန်းတွေကို မချမှတ်စေလိုတာပါ။ အားလုံး ဗိုလ် လုပ်ချင်ကြပြီး နောက်လိုက်တပ်သား မရှိတဲ့ အဖြစ်မျိုးကို မရောက်စေချင်လို့ပါ။ ဒါကြောင့်လည်း လုပ်ငန်းစဉ်တခုကို ဆုံးဖြတ်တော့မယ် ဆိုရင် ပုဂ္ဂိုလ်စွဲတွေ ဘေးဖယ်ပြီး အခြေခံမူပေါ်မှာသာ အခြေပြု ဆုံးဖြတ်စေချင်တာပါ။

မစ္စတာရှယ်နွန် (NYT) ။ ။ ဒါပေမယ့်လည်း နိုင်ငံတကာ ရင်ပြင်မှာတော့ ခင်ဗျားလို ဥပဓိရုပ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးပေါ်မှာ အခြေပြုပြီး အာရုံစိုက်နိုင်တာကလည်း တကယ် အသုံးဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ တကယ်လို့ အဲဒီလို အထောက်အကူ ဖြစ်မယ်ဆိုရင်တော့ ကျမကို ဟန်ပြပုဂ္ဂိုလ်နေရာမှာ ထားတာကို လက်ခံရမှာပေါ့။ ကျမတို့အားလုံးဟာ ပုထုဇဉ်တွေမို့ အရေးပေးခံရတယ် ဆိုရင် ကြိုက်နှစ်သက်သူတွေချည်းပါပဲ။ ဒါပေမယ့် ကျမ စဉ်းစား တွေးမြော်နေတာကတော့ မြန်မာနိုင်ငံ ရဲ့ ရေရှည်အရေးကိစ္စအတွက် ပါပဲ။

မစ္စတာရှယ်နွန်(NYT)။ ။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို အခု ဘယ်လိုဆက်ဆံနိုင်မယ်လို့ ထင်သလဲ။ ကုန်သွယ်ရေးကိစ္စမှာ ကန့်သတ်ထားသလား။

မစ္စတာရာဟင်မ်(UNDP)။ ။ ကုန်သွယ်ရေးကတော့ ဒီနိုင်ငံကို ပိုမိုပွင့်လင်းလာစေတဲ့ အသွင် ဆောင်ပါတယ်။ နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံလာတဲ့ ကိစ္စမှာ ကုန်သွယ်ရေးဟာ တန်ဖိုးရှိတဲ့ ကရိယာတခုလို့ ထင်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ရှင်တို့ ကုန်သွယ်ရေး ကန့်သတ်မှုအတွက် ပြောနေကြတယ် လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွေးအခေါ် နှစ်မျိုးနှစ်စား ရှိပါတယ်။ အဲဒီနှစ်မျိုး အပေါ် အငြင်းပွားမှုဟာလည်း ဘယ်တော့မှ အဖြေပေါ်မယ့်ပုံ မပေါ်ပါဘူး။ ရိုးရိုး အရပ်သားတွေကို ထိခိုက်မယ့် လုပ်ရပ်တွေကို လူတွေက မလုပ်ချင်ကြပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ တည်ဆဲ ကုန်သွယ်မှု လုပ်ငန်းတွေဟာ တကယ်ပဲ လူထုကို အထောက်အကူ ပြုနေသလား၊ ဒါမှမဟုတ် အစိုးရကို တည်မြဲနေစေဖို့ အခွင့်အရေး ပေးနေသလား၊ ဒီမိုကရေစီစနစ် မဖွံ့ဖြိုးလာခင် စီးပွားရေး ဖွံ့ဖြိုးလာတဲ့ ဥပမာ အနေနဲ့ လူတွေက ဘယ်နိုင်ငံတွေကို ဥပမာ ပေးသလဲ၊ လူတွေက အာဆီယံနိုင်ငံတွေရဲ့ ဖြစ်ပေါ် တိုးတက်မှု ပုံသဏ္ဍာန်ဟာ မြန်မာနိုင်ငံရဲ့ အခြေခံနဲ့ ကွာခြားလှပါတယ်။ ဥပမာ- အင်ဒိုနီးရှားကို ကြည့်ပါ။ ဆူဟာတို အာဏာရယူလာတဲ့နောက် ပုံစံကလည်း အလွန် ကွာခြားလှတဲ့ အခြေအနေမျိုးမှာပါ။ မြန်မာနိုင်ငံကို ယုံကြည်စိတ်ချရမှု နည်းရတာကလည်း ရွေးကောက်ပွဲ ရလဒ်ကို မလေးစားခဲ့လို့ပါပဲ။ အဲဒီလို လုပ်ရပ်က ယုံကြည် စိတ်ချရမှုကို ကိုင်လှုပ်ပစ်လိုက်ပါတယ်။ အလားတူ ကိစ္စမျိုး အာဆီယံနိုင်ငံတွေမှာ မဖြစ်ပါဘူး။ အဲဒီနိုင်ငံတွေမှာ အစိုးရအပေါ် ယုံကြည် စိတ်ချရမှု တည်ရှိနေပါတယ်။ ဆူဟာတိုက စစ်တပ် အသုံးစရိတ်ကိုတောင် လျှော့ချနိုင်ခဲ့တယ်။

မစ္စတာရစ်ချဒ်ဆန်။ ။ ပါမောက္ခ စတိုင်းဘတ်က ဂျပန်နဲ့ စင်ကာပူတို့ရဲ့ ချဉ်းကပ်ပုံအကြောင်း ပြောပြပါတယ်။ ဆိုလိုတာက နဝတနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်သွယ်တဲ့ ပုံစံပေါ့လေ။ သူတို့က ထောက်ပံ့ ကူညီမှုတွေကို ချွင်းချက်မထားဘဲ တိုးပေးသင့်တယ်လို့ ယုံကြည်နေကြတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီလိုလုပ်လိုက်လို့ လက်ရှိအခြေအနေကို ဘယ်လို တိုးတက်လာစေမယ်လို့ ထင်နေကြတာလဲ။

မစ္စတာရစ်ချဒ်ဆန်။ ။ နဝတက သူတို့ရဲ့ မူဝါဒကို ပျော့ပြောင်းမှုဘက်ဆီ ပြောင်းလဲနေတဲ့ပုံ ပြနေတယ်။ ကချင်လူမျိုးစုတွေနဲ့ သဘောတူညီချက်တွေ ရရှိပုံပေါ်တယ်။ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ UNHCR ရုံးခွဲကို ရခိုင်ပြည်နယ်မှာ လုပ်ကိုင်ခွင့်ပေးတယ်။ ခင်ဗျားနဲ့ တွေ့ဆုံခွင့် ကျနော့်ကိုပေးတယ်။ ကျနော် တောင်းဆိုသမျှကိုလည်း လိုက်လျောပေးပါတယ်။ သူတို့က ပြောတယ်- မှန်ကန်တဲ့ဘက်ဆီကို သူတို့ ဦးတည်နေတာမို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ တုန့်ပြန်စေချင်ပါတယ်ပေါ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ ရှင်ပြောတဲ့ အကြောင်းအချက်တွေကို ကျမ ကောင်းကောင်း မလိုက်နိုင်သေးဘူး။ ရှင်ဆိုလိုချင်တဲ့ပုံကို ကျမ နားလည်သလောက်ကတော့ နဝတဟာ စီးပွားရေး အထောက်အပံ့တွေ ရလို့ အခုလို မူပြောင်း ဆောက်ရွက်အောင်ပေါ့။ ဒါပေမယ့် ရှင် အခု ပြောနေပုံအရ စီးပွားရေး အကူအညီရဖို့ မျှော်လင့်ချက်နဲ့ သူတို့ ဒီလို ပြုမူ ဆောင်ရွက်နေသလို ဖြစ်နေပြန်တယ်။ နဝတ မူပြောင်းပြီး လိုက်လျောမှုတချို့ ရှိလာတာဟာ အပြုသဘော ဆက်ဆံရေးတွေ၊ စီးပွားရေး ဆက်ဆံမှုတွေကြောင့်လား။ ဒါမှမဟုတ် အကူအညီ အထောက်အပံ့တွေ ရလာဖို့ မျှော်လင့်ချက်တွေနဲ့ ပြုလုပ်နေတာလား ဆိုတာပါပဲ။

မစ္စတာရစ်ချဒ်ဆန် ။ ။ ဂျပန်နဲ့ စင်္ကာပူတို့ ဆိုလိုချင်တာကတော့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒဟာ (မြန်မာနိုင်ငံအပေါ်) သိပ် ပြင်းထန်လွန်းတယ်၊ နဝတကို လူ့အခွင့်အရေးကိစ္စတွေမှာ ပိုပြီး တိုးတက်လာဖို့ဆိုရင် သူတိုနဲ့ အပြုသဘော ဆက်သွယ်သင့်တယ် ပေါ့။ အမေရိကန်ပြည်ထောင်စုထဲက လူတချို့ရဲ့ အဆိုအရတော့ “မုန့်တဘက် – တုတ်တဘက်” မူဝါဒကို ကျင့်သုံးသင့်တယ်လို့ ဆိုပါတယ်။ တချို့လူတွေက အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ ကင်းကွာနေပြီလို့ ဆိုကြပါတယ်။ မြန်မာပြည်အပေါ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒ ဘယ်လို ထားသင့်သလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ မြန်မာပြည်အပေါ် အပြုသဘော ဆက်ဆံလိုသူတွေရဲ့ အမြင်ဟာ ကြည်လင်သလား မကြည်ဘူးလားဆိုတာ ကျမအနေနဲ့တော့ မရေရာလှပါဘူး။ “မုန့်တဘက် – တုတ်တဘက်” ဆက်ဆံရေးမှာ တုတ်က ဘာကို ဆိုလိုတာလဲ။

မစ္စတာရစ်ချဒ်ဆန်။ ။ တုတ်ဆိုတာက ထောက်ပံ့ကူညီမှုတွေပဲလေ။ ကမ္ဘာ့ဘဏ် အကူအညီတွေကို ဆိုင်းငံ့ထားမယ်၊ ကုလသမဂ္ဂ အကူအညီနဲ့ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကို ကန့်သတ်ထားမယ်၊ အာရှဘဏ် ချေးငှားတာတွေကို ငြင်းပယ်ထားမယ်၊ ဂျပန်ရဲ့ အဆိုအရတော့ အကူအညီတွေ ပေးခြင်းဟာ ဆက်ဆံရေးတွေ ပိုတိုးတက်လာစေတယ်ပေါ့။ တချို့က ပြောကြတယ်၊ အမေရိကန်ကတော့ တုတ်ပဲ ပြနေတယ် တဲ့။ တကယ်တမ်းကျတော့ ရန်ကုန်မှာ အမေရိကန်သံအမတ်ကြီးတောင် မထားဘူး၊ နောက်ပြီး နဝတကို ကျနော်တို့ တချိန်လုံး ရှုတ်ချ ဝေဖန်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဂျပန်တွေက သူတို့ရဲ့တုတ်ဆိုတာက ဘာကိုဆိုလိုတာလဲ၊ အထောက်အပံ့တွေ ပေးနေတာကို ဆိုလိုတာမဟုတ်လား။ သူတို့က တုတ်ကိုတောင် ဖယ်ပစ်ချင်နေတာ မဟုတ်လား။

မစ္စတာရာဟင်မ်။ ။ အခု ကျနော်တို့ အချေအတင် ပြောဆိုနေကြတဲ့ အကြောင်းအချက်တွေကို ဝါကျပုံစံ ပြောင်းဖွဲ့ပြီး ကြည့်ဖို့ လိုပါလိမ့်မယ်။ ကျနော်တို့ ပြောဆိုနေကြတာက “အထောက်အပံ့ပေးခြင်းဖြင့် ပြုပြင်ပြောင်းလဲရေး” ဆိုတဲ့သဘောပါပဲ။ အယူအဆ သဘောကတော့ ပြုပြင်ပြောင်းလဲလာစေဖို့ တန်ဖိုးတခု ပေးဆပ်ရမယ့် သဘောပါ။ ပြုပြင်ပြောင်းလဲလာဖို့ တိုက်တွန်းရင် ပြုပြင် ပြောင်းလဲလာစေမယ့် ကျွမ်းကျင်မှု အထောက်အကူတွေပါ ပေးဖို့ အဆင်သင့်ရှိရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ အခု ပြောနေကြတာက စီးပွားရေး ပြုပြင်ပြောင်းလဲမှု တခုတည်းကိုလား။ ဒါမှမဟုတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရော ပါပါသလား။ အဲဒီလိုပါတယ် ဆိုရင်တော့ ထောက်ပံ့ကူညီမှုတွေမှာ ချွင်းချက်တွေပါ ပူးတွဲ ထည့်ပေးရပါလိမ့်မယ်။ ချွင်းချက်နဲ့ ထောက်ပံ့ ကူညီတာမျိုး ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်ရှိတဲ့ ချွင်းချက်မျိုးတော့ ဖြစ်ရပါ့မယ်။ ကျမအနေနဲ့ကတော့ တွေ့ဆုံ ဆွေးနွေးကြရမယ် ဆိုတဲ့ ချွင်းချက်ပေါ့။ တွေ့ဆုံ ဆွေးနွေးမှုဟာ ကိစ္စမြောက်များစွာဆီကို ဦးတည်သွားနိုင်ပါတယ်။ ကျမကို “ထိပ်တိုက်ရင်ဆိုင်ချင်သူ” လို့ ဝေဖန်ကြပါတယ်။ ဒါပေမယ့် စားပွဲ တဘက်တချက်မှာ ထိုင်ရင်း ထိပ်တိုက်ရင်ဆိုင်ပြီး တွေ့လိုတာပါ။ နဝတ ဟာ လက်နက်ကိုင် အင်အားစုတွေနဲ့တော့ စကားပြောနိုင်ပြီး တရားဝင် နိုင်ငံရေးပါတီတွေနဲ့တော့ စကားမပြောချင်ဘူး။ တွေ့ဆုံဆွေးနွေးရေးကိစ္စမှာ ကျမကတော့ ဘာချွင်းချက်မှ မထားပါဘူး။ နဝတ နဲ့ ကျမ အချိန်မရွေး တွေ့ချင်ပါတယ်။

မစ္စတာရစ်ချဒ်ဆန်။ ။ ဒု- ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျနော့်ကို ပြောပြချက်အရတော့ ခင်ဗျားနဲ့ ဆွေးနွေးဖို့ သူ့လူတွေကို လွှတ်ဖူးတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမက ဗိုလ်မှူးကြီးသန်းထွန်းကို အုပ်ချုပ်ရေး ကိစ္စတွေကိုပဲ စွဲစွဲမြဲမြဲလုပ်ဖို့ ပြောလိုက်ပါတယ်။ ကျမ ပြည်ပကို ထွက်သွားဖို့ အကြောင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျမ ပယ်ချလိုက်တယ်၊ လက်မခံဘူး။ နဝတဟာ ဖိအားပေးတာ အတော်ခံနေရပါတယ်။ နိုင်ငံတကာ ဖိအားပေးမှုကလည်း ရှိနေတယ်။ ဖိအားပေးမှုဟာ အမြဲတမ်း အလုပ်ဖြစ် တတ်ပါတယ်။ ဒါပေမယ့် တွေ့ဆုံ ဆွေးနွေးပွဲသာ ဖြစ်ခဲ့ရင် ကျမတို့အားလုံးအတွက် ပိုကောင်းလာကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ နောက်ပိုင်းမှာ မိတ်ဆွေတွေ ဖြစ်လာကြလိမ့်မယ်။ ဒါကတော့ အားလုံးဘက် အပြုသဘော စေတနာတွေ ပါကြရင်ပေါ့လေ။ ကျေးဇူးပြုပြီး ကျမကို ပုဂ္ဂိုလ်ရေး ကူညီမှုတွေ ပေးဖို့တော့ မစဉ်းစားကြပါနဲ့။ ဒီမိုကရေစီ ဖြစ်ထွန်းရေး အတွက်ကိုပဲ ကူညီကြဖို့ စဉ်းစားကြစေချင်ပါတယ်။ ဒီမှာဖြစ်နေတဲ့ မတင်မကျ ပြဿနာကို တိုးတက် ပေါက်မြောက်နိုင်ဖို့ အတွက် တခုတည်းသော လမ်းစကတော့ဖြင့် ‘တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခြင်း’ ဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ဟာ အရေးကြီးလှပါတယ်။

တောင်အာဖရိကရဲ့ အနေအထားကို ကြည့်ပါ။ အကယ်၍သာ အေအင်န်စီ နဲ့ အစိုးရအဖွဲ့သာ (၁ဝ) နှစ်လောက် စောပြီး ဆွေးနွေးပွဲ ထိုင်ဖြစ်ခဲ့ကြမယ်ဆိုရင် နယ်လ်ဆင်မင်ဒဲလား အခု အမွေခံ ကြုံတွေ့နေရတဲ့ အခက်အခဲ အနေအထားတွေဟာ ဒီလောက်ကို ဆိုးမှာ မဟုတ်ဘူး။ အင်ကာတာနဲ့ ယှဉ်ပြိုင် ရန်ဖြစ်နေရတာတွေဟာလည်း အခုလောက် အစွန်းရောက်နေကြမှာ မဟုတ်ပါဘူး။ အချိန်ယူပြီးတော့ လုပ်တာ ကောင်းပါတယ်။ သူတို့ကို ကျမက ယူရိုဆလားဗီးယား ဥပမာကို လှမ်းကြည့်လိုက်ဖို့ ညွန်ပြချင်ပါတယ်။ အဲဒီမှာ အတွင်းလှိုက်ပြီး လူမျိုးစု တစုနဲ့ တစု ယုံကြည်စိတ်ချရမှု ကင်းမဲ့နေတာကို ဘယ်သူကမှ မကုစားခဲ့ဘူး။ အချိန်ဟာ ဒဏ်ရာတိုင်းကို ကုစားမှာတော့ မဟုတ်ဘူး။
(ဆက်ရန်)

( ဘာသာပြန်သူ – တာရာဝေယံ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts