Uncategorized

Interview with Shwe Nya War, New Nationalism, Human Rights & Democracy in Burma

ရွှေည၀ါဆရာတော်ကြီး၏ အမျိုးသားရေးဆိုင်ရာသဘောထား မိန့်ကြားချက် ကောက်နုတ်မိသမျှ

မိုးမခ အင်တာဗျူး၊( မောင်ရစ်၊ ထွန်းမြတ်ဦး) ဇူလိုင် ၁၁၊ ၂၀၁၃


ဇူလိုင်လ ၉ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို ခေတ္တကြွရောက်လာတဲ့ ရွှေည၀ါဆရာတော် အရှင်ဦးပညာသီဟ သီတင်းသုံးရာ ကေတုမတီဓမ္မာရုံ (ပီနိုးမြို့၊ ဆန်ဖရန်ဘေးဧရိယာ) သို့ မိုးမခက သွားရောက် ဖူးမြှော်ပြီး လက်ရှိမြန်မာပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေ အဖြစ်အပျက်များနဲ့ ပတ်သက်ပြီး မေးမြန်း လျှောက်ထားခွင့် ကြားနာခွင့် ရရှိခဲ့ပါတယ်။ အဲသည်က ဆရာတော်ကြီးမိန့်ကြားချက်များမှ ကောက်နုတ်မိသမျှကို ပြန်လည် တင်ဆက်လိုက်ပါတယ်။


(၁) ဇွန်လအတွင်းမှာ မြန်မာပြည်ရဲ့ အထွေထွေပြည်တွင်းရေးနဲ့ ပတ်သက်ပြီး လှုပ်လှုပ်ရှားရှားတွေ အများကြီး ဖြစ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးသိန်းစိန်တို့က နောက်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ထမ်းဆောင်လိုတဲ့ ဆန္ဒရှိကြောင်းပြောလိုက်ပြီးနောက်မှာ ဦးရွှေမန်းကိုယ်တိုင်ကလည်း သမ္မတဖြစ်ချင်ကြောင်း ပြောလာတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်တို့နည်းတူ ပြည်ပခရီးစဉ်တွေ ထွက်တာ၊ နိုင်ငံတကာနဲ့ တွေ့ဆုံတာတွေ လုပ်လာတယ်။ အဲသည်မှာ သမ္မတဖြစ်ချင်တာအပြင် အခြေခံဥပဒေပြင်ဆင်တဲ့ကိစ္စ၊ တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့ အရေးကိစ္စတွေမှာ သူ့မှာ အစွမ်းရှိကြောင်း၊ လုပ်နိုင်ကြောင်း စတဲ့ သူ့သဘောထားတွေ ထင်ထင်ရှားရှားထုတ်ပြောလာတယ်။ အဲသည်မှာ သူက မြန်မာပြည် ပြည်တွင်းရေး အကြမ်းဖက်မှုတွေမှာ ၉၆၉တွေ လက်ချက်လိုမျိုး၊ အရေးယူမယ်ဆိုတာမျိုးအထိ အမေရိကန်ခရီးစဉ်မှာ ထုတ်ပြောလိုက်တယ်။ အဲသည်အချိန်ကာလမှာ သံဃာတွေက သံဃာညီလာခံ ခေါ်ယူကျင်းပပြီး အမျိုးသားရေး၊ သာသာရေးဆိုင်ရာ သဘောထားတွေ အဆိုပြုချက်တွေ ဆွေးနွေး တိုင်ပင် တင်ပြကြဖို့ ပြင်ဆင်နေတဲ့ အချိန်လည်းဖြစ်တယ်။ အဲသည် သံဃာ့ညီလာခံ ပထမအစည်းအဝေးမှာက ၉၆၉ လှုပ်ရှားမှုတွေဟာ အကြမ်းဖက်လှုပ်ရှားမှု မဟုတ်ဘူး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုဖြစ်တယ်လို့ ထုတ်ပြန်ကြတာဖြစ်တယ်။ ဒါပေမယ့် အဲသည်မှော်ဘီညီလာခံမှာတင်ပဲ ဦးဝီရသူ၊ ၉၆၉ လှုပ်ရှားမှုတွေနဲ့ မျိုးစောင့်ဥပဒေဆိုတာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကို ဖိနှိပ်တဲ့ဥပဒေပါဆိုပြီး မီဒီယာက ၀င်ပြီး ထိုးခွဲလိုက်တာတွေ၊ ဖောက်ခွဲလိုက်တာတွေ ဖြစ်လာတယ်။ အဲသည်တော့ သံဃာတော်တွေရဲ့ ညီလာခံရဲ့ မူလရည်ရွယ်ချက်တွေ၊ ထုတ်ပြန်ချက်တွေဟာ မှေးမှိန်သွားသလို ဖြစ်ခဲ့ရတယ်။


(၂) ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် ခေတ်တလျောက်လုံးမှာ တသွေးတသံတမိန့် တအာဏာအောက်မှာ အုပ်ချုပ်ခံနေရတဲ့ တပ်မတော်အင်အားစုတွေ၊ စစ်အာဏာရှင်တဖြစ်လဲ ပါတီနိုင်ငံရေး အရေခြုံလိုက်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် အင်အားစုတွေက ဘာမှ အကွဲကွဲအပြားပြား ဖြစ်သွားတယ်လို့ မရှိဘူး။ သူတို့တွေကနေ ဘယ်လိုမျိုး နိုင်ငံရေးအမြတ်ထုတ်လိုက်မယ်၊ ကစားကွက်တွေ လုပ်လိုက်မယ်ဆိုတာတွေပဲ ရှိတယ်၊ တွေ့နေရတယ်။ သည်ဘက်က ဒီမိုကရေစီရေးအင်အားစုတွေ အတိုက်အခံအင်အားစုတွေ ပြည်သူလူထုတွေဘက်မှကတော့ အကွဲကွဲ အပြားပြား ပဋိပက္ခတွေ ဖြစ်ကြရတယ်။ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ အင်န်အယ်ဒီပါတီတွေ၊ ၈၈ မျိုးဆက်ဆိုတဲ့ အင်အားစုအသီးသီးတွေမှာ မပြီးဆုံးသေးတဲ့ အရေးတော်ပုံတွေအတွက် ရုန်းကန်နေကြရင်းမှာပဲ မိတ်ဆွေတွေအချင်းချင်းမှာကော၊ သံဃာတော်တွေ အပေါ်မှာကော ရန်ဖက်သဖွယ် ပြောဆို ဝေဖန်တဲ့အထိ ဖြစ်ခဲ့ကြရတယ်။ ၈လေးလုံး ၂၅ နှစ် ပြည့်တော့မယ့် အချိန်ကာလမျိုးမှာ မြန်မာပြည်မှာ (တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်) လို့ တစိုက်မတ်မတ် လုပ်ကိုင်ပြောဆိုနေတဲ့ တပ်မတော်အင်အားကို ပြန်ချေပနိုင်ဖို့ တိုင်းပြည်ရဲ့ အင်အားတွေဖြစ်တဲ့ ပြည်သူတွေ၊ အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေ၊ ကျောင်းသားတွေ၊ အတိုက်အခံအင်အားတွေနဲ့ သံဃာတွေတွေရဲ့ အင်အားတွေဟာ တော်လှန်ရေးအင်အားဆိုတာအပြင် တည်ဆောက်ရေးအင်အား၊ ညီညွတ်ရေး အင်အားတွေအဖြစ် ပြသနိုင်ကြဖို့ ဖြစ်တယ်ဆိုတာကို ထောက်ပြချင်တယ်။


(၃) မိတ္ထိလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ၊ အဓိကရုဏ်းဖြစ်စဉ်မှာဆိုရင် မန္တလေးတိုင်းဒေသကြီးက ၀န်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဆရာတော်အပါအ၀င် ဦးဝီရသူ၊ ရှင်ဆေကိန္ဒ စတဲ့ ဆရာတော်၊ သံဃာတော်တွေ၊ ၈၈ မျိုးဆက် အင်အားတွေ စုစည်းပြီးတော့ ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့ကြရတာ ဖြစ်တယ်။ တဖက်နဲ့ တဖက် ရက်ရက်စက်စက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်နေတာကို ဘယ်လိုမှ တားဆီးလို့ မရအောင် ပြင်းထန်နေတာကိုလည်း တွေ့ကြုံခဲ့ရတယ်။ တားဆီးလို့ရတဲ့ အခြေအနေမျိုးမှာ မူဆလင်တွေအပါအ၀င် မြန်မာပြည်သူတွေကို ကယ်တင် စောင့်ရှောက်တာကို ဆရာတော်တို့အားလုံးက အင်အားနဲ့ ဆောင်ရွက်နိုင်ခဲ့တာလည်း အထင်အရှားပဲဖြစ်တယ်။ ဒါပေမယ့် သင်ကန်းဝတ်တဦးက တုတ်ဒါးနဲ့ တိုက်ခိုက်နေတာမျိုး မီဒီယာမှာ တင်လာတယ်။ ရဟန်းသံဃာတွေက အကြမ်းဖက်တယ်ဆိုတာမျိုး စွတ်စွဲမှုတွေ ဖြစ်လာတယ်။ အဲသည်တုန်းက သံဃာတော်တပါး အဓိကရုဏ်း စစချင်းမှာ ရန်စတိုက်ခိုက်ခံရတယ်၊ သတ်ဖြတ်ခံခဲ့ရတယ်။ အဲသည်အကြောင်းမျိုး သတင်းတွေမှာ မသိကြရဘူး။ ၈၈ မျိုးဆက်တယောက်က မူဆလင်တဦးကို ပွေ့ဖက်ပြီး အားပေးနေတာမျိုးကို မီဒီယာမှာ တင်လာတယ်။ ဒါမျိုးကို ပရိသတ်က အပေါ်ယံအထင်တွေ အမြင်တွေနဲ့ သံသယဖြစ်တဲ့ အကျိုးမဲ့စကားတွေ ပြောကြဆိုကြတယ်။ ဆရာတော်တို့ကိုယ်တိုင်လည်း ခံစားချက်ပြင်းထန်ပြီးတော့ ပြောမိ ဆိုမိတာတွေ ရှိတယ်။ ယူအန်က ကိုယ်စားလှယ် နမ်းဘီးယား လာတော့ မူဆလင်တွေဖက်က ဘာသာရေးခေါင်းဆောင်တဦးက သူတို့ မူဆလင်ဘာသာစကားနဲ့ တင်ပြတာတွေ လုပ်လာတယ်။ အဲသည်မှာ ဆရာတော်က မြန်မာပြည်မှာနေ၊ မြန်မာပြည်မှာမွေးလာတာ မြန်မာစကားပြော၊ သည်မှာ အားလုံးက မြန်မာနိုင်ငံသားတွေချည်းပဲ။ ယူအန်ကိုယ်စားလှယ် နားမလည်ရင် ဘေးမှာ စကားပြန်ပါလာပြီးသား။ အဲသည်အမျိုးသမီးက ချက်ခြင်း ဘာသာပြန်ပေးမယ်လို့ ပြောမိတာရှိတယ်။ အဲသည်ကျတော့ ခုနက မူဆလင်ခေါင်းဆောင်ကို သူတို့အချင်းချင်း ဆွဲထုတ်သွားပြီးတော့ မြန်မာစကားပြောဆိုတဲ့ နောက်မူဆလင်ခေါင်းဆောင်တဦး ထွက်လာတာမျိုးတွေ ရှိတယ်။


(၄) ဒါပေမယ့် အဲသည်ဖြစ်စဉ်တွေမှာ သတင်းစာရှင်းလင်းပွဲတွေ အစိုးရဖက်က လုပ်ကြတော့ သူတို့အစိုးရတွေ၊ လုံခြုံရေးအဖွဲ့တွေကပဲ အခြေအနေကို ထိန်းသိမ်းလိုက်ရသလိုမျိုး၊ အရေးယူဆောင်ရွက်လိုက်ရသလိုမျိုး ဦးစားပေးပြီး ပြောကြတာတွေ တွေ့ရတယ်။ အခြား အင်အားစုတွေ၊ သံဃာတော်တွေရဲ့ အခမ်းကဏ္ဍတွေကို သူတို့က အကျဉ်းချုံးပြီးတော့ ပြောဆိုသွားတယ်။ ဒါက အခြေအနေတိုင်းမှာ နိုင်ငံရေးအမြတ်ထုတ်တတ်သူတွေ၊ ကစားတတ်သူတွေက လုပ်တတ်ကိုင်တတ်ကြတဲ့ သဘောကို ပြောပြတာ။ အပြင်မှာ မီဒီယာတွေမှာက သံဃာတွေက ၉၆၉ လှုပ်ရှားမှုတွေကနေပြီး အကြမ်းဖက်ကြတာ၊ ဆူပူလှုံဆော်ကြတာလို့ သတင်းတွေ အပြောအဆိုတွေက ဖြစ်နေပြီ။ လုံခြုံရေးအဖွဲ့ဝင်ဆိုသူတွေက လက်ပံတောင်းတောင်မှာကျတော့ လက်ရဲဇက်ရဲနဲ့ သံဃာတော်တွေ၊ သပိတ်မှောက်နေသူတွေကို အကြမ်းဖက်ဖြိုခွဲတုန်းက ဖြိုခွဲခဲ့ပြီး အခုလို ဒေသဆိုင်ရာ အကြမ်းဖက်မှုတွေ အဓိကရုဏ်းတွေမှာ ထိထိရောက်ရောက်မလုပ်ဘဲ ရပ်ကြည့်နေတာမျိုးတွေအတွက် အစိုးရက အရေးယူ ပြောဆိုတာမျိုးတွေ ထုတ်ဖော်တာမျိုးတွေ မရှိခဲ့ဘူး။


(၅) နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ မီဒီယာအပါအ၀င် ပြည်တွင်း ပြည်ပကနေပြီး အမြတ်ထုတ်တာ၊ ကစားတာ၊ ကြောင်တောင်နှိုက်တာ၊ လုပ်ကြံတာတွေက အများကြီးပဲ ထောက်ပြရလို့ရှိရင်။ ရခိုင်အရေးအခင်းတုန်းကဆိုရင် နိုင်ငံတကာမီဒီယာတွေမှာက ရိုဟင်ဂျာတွေကို ရခိုင်တွေ၊ မြန်မာတွေက အကြမ်းဖက်တယ်၊ တိုက်ခိုက်တယ် ဒါမျိုးတွေချည်းပဲ သတင်းတွေ လုပ်ကြတယ်။ နောက်တော့ ဦ၀ီရသူတို့ ၉၆၉ လှုပ်ရှားမှုတို့ကနေ မြန်မာပြည်တွင်းက မူဆလင်တွေကို ဖိနှိပ်နေကြတယ်ဆိုပြီး သတင်းဖြစ်လာတယ်။ အဲသည်မှာ ဒလိုင်းလားမားဘုန်းကြီးကနေပြီးတော့ ထေရ၀ါဒဗုဒ္ဓဘာသာဟာ အကြမ်းဖက်တဲ့ အလုပ်တွေ လုပ်လာတယ်ဆိုပြီး ထုတ်ပြန်တယ်။ ဒါက ဘာသာရေးကြောင်တောင်နှိုက်တာ။ အပြင်မီဒီယာတွေက ပြောတာ တင်ပြတာလောက် တဖက်သတ်ကြည့်ပြီးတော့ ပြောတာ။ ကိုယ့်သံဃာတော်တွေ အဖွဲ့အစည်းတွေဆီမှာ မေးမြန်းလျောက်ထား စိစစ်လေ့လာပြီးမှ ပြောသင့် ပြောထိုက် အကျိုးရှိတာကို ပြောရမယ်။ ဆရာတော် ဂျပန်ရောက်တဲ့အခါမှာ အဲသည်က ဇင်ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေနဲ့ ပရိသတ်တွေကိုလည်း မိမိ သဘောထား အတွေ့အကြုံကို တိုက်ရိုက်မေး တိုက်ရိုက်လျောက်ထား ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ တိုင်းမဂ္ဂဇင်းကနေပြီးတော့ ဦးဝီရသူကို မျက်နှာဖုံးလုပ်ပြီးတော့ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေဟာ သူတို့တိုင်းပြည်တွေမှာ အကြမ်းဖက်အစွန်းရောက်တွေဆိုပြီး စွတ်စွဲရေးသားတဲ့အထိ ဖြစ်လာတယ်။ အခုအာရှနိုင်ငံတွေမှာ ပြည်သူတွေအချင်းချင်းကြားမှာ အကြမ်းဖက်တာတွေ၊ ဖောက်ခွဲတာတွေ၊ သတ်ဖြတ်တာတွေ လုပ်နေတဲ့ အင်အားစုတွေဟာ ဘယ်သူတွေလဲ၊ ဘယ်ဘာသာဝင်တွေလဲ၊ သံဃာတွေလား လက်ရှိမျက်မှောက် အနေအထားမှာ မြင်အောင်ပြန်ကြည့်ပါလို့ ပြောချင်တယ်။ အခုလတ်တလောမှာပဲ ဗုဒ္ဓဂါယမှာ ဗုံးတွေပေါက်တယ်။ သံဃာတော်တွေ ဘုရားဖူးတွေ ထိခိုက်ဒါဏ်ရာ ရကြတယ်။ ဘယ်သူတွေက အကြမ်းဖက်နေတာလဲ။


(၆) ဦးဝီရသူတို့ ၉၆၉ လှုပ်ရှားမှုတွေက မူဆလင်တွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တယ်၊ စော်ကားတယ်ဆိုတဲ့ သတင်းတွေ၊ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြောရရင် မြန်မာရဟန်းတော်တွေ၊ သာမန် ဗုဒ္ဓဘာသာဝင်မြန်မာတွေက ရဟန္ဒာတွေ၊ အရိယာတွေ မဟုတ်ဘူး။ သူတို့မှာ ခံစားချက်တွေရှိတယ်။ ပြောတာဆိုတာ လုပ်ကိုင်တာ လွန်တာတွေ၊ ချော်တာတွေ ရှိတယ်။ ဒါကို မြန်မာအမျိုးသားတွေအချင်းချင်း နိုင်ငံသားတွေအချင်းချင်း၊ သံဃာတော်တွေ အချင်းချင်းက ၀န်းယံကွပ်ညတ်ပြီး ဆွေးနွေး ဝေဖန် ဖြောင်းဖျတာတွေ၊ ထိန်းသိမ်းရတာတွေ ရှိရတယ်။ ရှိရမယ်။ တစုံတဦး တစုတဖွဲ့က ပုတ်ခတ် ပြစ်တင် စွတ်စွဲလိုက်တာနဲ့ သံယောင်လိုက်ပြီး အပျက်သဘောတွေ တုန့်ပြန်တာမျိုးထက် အပြုသဘော ချည်းကပ် ဖြေရှင်းကြရမယ်။ ဆရာတော်ကိုယ်တိုင်လည်း ကိုယ့်သံဃာတွေ၊ ပရိသတ်တွေကို ပြောဆို ဖျောင်းဖြတာတွေ ရှိတယ်။ ဥပမာအားဖြင့် ဦးဝီရသူဟာ ၂၀၀၀ ခုနှစ် ကစပြီး မူဆလင်တွေကို ပေါ်ပေါ်တင်တင် ဝေဖန် ပြောဆိုတာတွေ ရှိခဲ့တယ်။ နောက်ပိုင်းမှာ စစ်အစိုးရက ထောင်ချလိုက်ပြီး အခု လွတ်မြောက်လာတဲ့နောက်ပိုင်းမှာ အတွေ့အကြုံ သဘောထားတွေ ရင့်ကျက်လာတာ၊ အမြင်ကျယ်ပြန့်လာတာတွေ ရှိတယ်။ သို့သော်လည်း ငယ်ရွယ်တဲ့ သံဃာတော်တပါး၊ ဓမ္မကထိကတပါးဖြစ်တဲ့အတွက် မရည်ရွယ်ဘဲနဲ့ ချွတ်ချော်တာတွေ ရှိတာတွေ ရှိတယ်။ လက်ရှိ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး စည်းရုံး ပြောဆိုတာတွေ လုပ်လာတယ်။ ဒီလို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာတဲ့အတွက် မလိုလားတဲ့ အဖျက်အမှောင့် အင်အားတွေက လုပ်ကြံတာ သွေးထိုးလှုံဆော်တာတွေ လုပ်လာတာကို သတိချပ်ရမယ်။ ထို့အတူ ၉၆၉ လှုပ်ရှားမှုဟာ မြန်မာပြည်သူတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့၊ အားပေးကူညီဖို့ နှိုးဆော်တာတွေ လုပ်တဲ့ဆီမှာလည်း အများနဲ့ လုပ်ရတာဖြစ်တဲ့အတွက် ချွတ်ချော်တာတွေ၊ နားလည်မှု လွဲမှားတာတွေ ရှိတယ်။ ဒါကို ဆရာတော်ကိုယ်တော်တိုင်က သူတို့ဖက်ကနေ ရဲရဲဝံ၀ံ အာမခံပြီး ရပ်တည်ပါတယ်။


(၇) ပြီးတော့ ဘာသာရေးလွတ်လပ်မှုအရ ပြောရရင် မူဆလင်တွေကိုယ်တိုင်က မြန်မာပြည်အနှံ့မှာ လွတ်လွတ်လပ်လပ် ယုံကြည်ကိုးကွယ်ခွင့်၊ ဘာသာရေးလှုပ်ရှားခွင့်တွေ ရရှိနေပြီး၊ ရရှိနေဆဲ ဖြစ်ပါတယ်။ ဗလီပေါင်း ၂၂၆၀၀ ကျော် ဆောက်လုပ် ကိုးကွယ်ခွင့်ရှိတယ်။ ခေါင်းမြီးခြုံပြီးပဲဖြစ်ဖြစ်၊ မုတ်ဆိတ်ထားပြီးပဲဖြစ်ဖြစ်၊ အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ပြီးဖြစ်ဖြစ် သွားလာ လုပ်ကိုင်ခွင့် ရှိပြီး ဖြစ်တယ်။ အခြားဘာသာဝင်တွေနည်းတူ ဘာသာရေးပွဲတော်တွေ အခမ်းအနားတွေ ကျင်းပခွင့် ရှိပြီး ဖြစ်တယ်။ ဒါတွေကို ဆရာတော်တို့တွေက တားမြစ်နေတာ မရှိဘူး။ စော်ကားနေတာတွေ မရှိဘူး။ သူတို့ဘာသာဝင်တွေ အချင်းချင်း ယိုင်းပင်းကူညီ စောင့်ရှောက်နေကြသလိုမျိုး၊ ဆရာတော်တို့ ဘာသာဝင်တွေမှာလည်း စောင့်ရှောက်ကူညီကြဖို့၊ လိုအပ်လို့ရှိရင် ကာကွယ်ကြဖို့ ဆောင်ရွက်နေကြတာပဲ ဖြစ်တယ်။ အခုဆိုရင် ၉၆၉ လှုပ်ရှားမှုက ထင်ရှားတဲ့ လူငယ်တွေကို အစိုးရက ဖမ်းဆီး ချုပ်နှောင်တာတွေ၊ ထောင်ချတာတွေအထိ လုပ်လာပြီ။ သည်တော့ ဦးဝီရသူတို့ ၉၆၉ လှုပ်ရှားမှုတို့ကို ဘယ်သူတွေက ၀င်ပြီး လုပ်ကြံနေတာလဲ၊ နိုင်ငံရေးအမြတ်ထုတ်နေတာလဲဆိုတာကို ဆင်ခြင်ပြီး ကြည့်သင့်တယ်။


(၈) အမျိုးသားရေးအတွက်၊ သာသနာရေးအတွက် ဆရာတော်တို့က ဆောင်ရွက်နေတယ်လို့ အမိန့်ရှိတယ်။ သဘောထားတယ်။ ကိုယ်မှီတင်းနေထိုင်တဲ့ တိုင်းပြည်နဲ့ ပြည်သူလူတွေရဲ့ အကျိုး၊ အဲသည်မှာ ထွန်းကားနေတဲ့  သာသနာ အနာဂတ်မှာလည်း ဆက်လက်တည်တံ့ပြီး တိုးတက်စေလိုတဲ့ အကျိုးအတွက်ပဲ ဆရာတော်တို့မှာ ဆန္ဒရှိတယ်။ အားထုတ်နေတယ်။ အမျိုး ဘာသာ သာသနာအတွက်၊ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် သံဃာတော်တွေက ၂၀၀၇ ရွှေဝါရောင်မှာလည်း လမ်းပေါ်ထွက် ကြွချီခဲ့ကြတယ်။ နာဂစ်မုန်တိုင်းသင့်ပြည်သူတွေကို ဆရာ၊ ဒကာ လက်တွဲပြီး ကူညီ စောင့်ရှောက်ခဲ့ကြတယ်။ လက်ပံတောင်းတောင် အရေးအခင်းမှာလည်း သံဃာတော်တွေဟာ မီးဘေးအသင့်ခံပြီး ရပ်တည်ပေးခဲ့ကြတယ်။ အခုလည်းပဲ ကာကွယ် စောင့်ရှောက်မှု လိုအပ်နေတဲ့ မြန်မာအမျိုးသား အမျိုးသမီးတွေအတွက်လည်း ထုတ်ဖော်ပြောဆိုမှုတွေ လုပ်နေကြတာ ဖြစ်တယ်။ ဒါကို နိုင်ငံရေးအင်အားစုတွေက အပြုသဘောနဲ့ ရှုမြင်သုံးသပ်ပြီး ချည်းကပ်သင့်တယ်။ အခုမြန်မာပြည်မှာနဲ့ ပြည်ပမှာ ဖြစ်နေတာကို ကြည့်ရရင် မြန်မာပြည်သားတွေမှာ နိုင်ငံရေးယဉ်ကျေးမှု ခေါင်းပါးနေသလို ဖြစ်နေတယ်။ သံဃာတော်တွေအပေါ်မှာ အပြုသဘောထက် အပျက်သဘော ရှုမြင်ပြောဆို ဆက်ဆံလာတာတွေ ဖြစ်လာတယ်။ အဲသည်ဖြစ်စဉ်မှာ အမြတ်ထွက်တာက အာဏာရှင်တွေ၊ စစ်အာဏာရှင်မျိုးဆက်တွေကပဲ အမြတ်ထုတ်တာ၊ လုပ်ကြံတာ ကြောင်တောင်နှိုက်တာ ဖြစ်နေတယ်။


(၉) လက်ရှိမြန်မာပြည်အရေးအခင်းတွေကို ကြည့်လိုက်ရင် တရားဥပဒေစိုးမိုးမှု မရှိခြင်းက အဓိက တရားခံဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အများစုဟာ ဆင်းရဲတွင်းနက်နေတယ်။ ချွတ်ခြုံကျနေတယ်။ အထွေထွေ ဆင်းရဲချွတ်ခြုံကျနေတော့ စားဝတ်နေရေးဆင်းရဲတာအပြင် ပညာရေးတို့၊ အသိပညာတို့ အားလုံးမှာ ဆင်းရဲကျဆင်းနေတယ်။ အဲသည်တော့ နေရာတိုင်းမှာ စာရိတ္တပိုင်းဆိုင်ရာ အကျင့်သီလ သိက္ခာပိုင်း ခြစား ပျက်စီးနေမှုတွေကလည်း အကြီးအကျယ်ဖြစ်နေတယ်။ အထွေထွေခြစားမှုကြီး ဖြစ်နေတော့ နေရာတိုင်းမှာ ကြီးနိုင်ငယ်ညှင်းဖြစ်နေတယ်။ အားကြီးတဲ့သူတွေက အားနည်းတဲ့သူတွေအပေါ်မှာ အနိုင်ကျင့်တယ်။ ဖိနှိပ်တယ်။ စော်ကားတယ်။ အဲသည်လို စော်ကားခံရတဲ့ ပြည်သူတွေကို အကာအကွယ် စောင့်ရှောက်မှုပေးနိုင်တဲ့ တရားဥပဒေစိုးမိုးမှုကလည်း မရှိတော့ဘူး။ အဲသည်လို အားနည်းသူတွေ စော်ကားခံနေရတာကို ကာကွယ်နိုင်ဖို့ တားဆီးနိုင်ဖို့က သံဃာတော်တွေက ၀င်ရောက်ပြီးတော့ တတ်နိုင်သလောက် အမျိုး၊ ဘာသာ၊ သာသနာအတွက် ဆောင်ရွက်ကြခြင်း ဖြစ်တယ်။ အဲသည်မှာ အခုလူတွေ အထင်အမြင်နဲ့ ပြောနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပဋိပက္ခတို့၊ အကြမ်းဖက်တာတို့ဆိုတာဟာ အပေါ်ယံကြည့်ပြီး ဖြစ်ပေါ်လာတဲ့ သဘောထားတွေပဲ ဖြစ်ပါတယ်။


(၁၀) မတရားနည်းနဲ့ ချမ်းသာကြွယ်ဝတဲ့၊ အင်အားကြီးလာတဲ့၊ မိမိရဲ့ မှန်ကန်တဲ့ဘာသာရေးအဆုံးအမကို မလိုက်နာတဲ့၊ စာရိတ္တမဏ္ဍိုင်အားနည်းတဲ့ အင်အားကြီးသူတွေက ဆင်းရဲချွတ်ခြုံကျနေတဲ့၊ အသိပညာအားနည်းတဲ့ အကာအကွယ်မရှိတဲ့ အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေ ဖျက်ဆီးတယ်၊ ကာမရယူတယ်၊ မတရားမှုတွေ ကျုးလွန်တယ်။ အဲသည် အစော်ကားခံရတဲ့ အားနည်းသူတွေကို တရားဥပဒေက ကာကွယ်စောင့်ရှောက်မှုတွေ မပေးနိုင်ဘူး။ အဲသည်လို အခြေအနေတွေ၊ အဖြစ်အပျက်တွေက မြန်မာပြည်နေရာအနှံ့မှာ ဖြစ်ပွားနေတယ်။ အဲသည်မှာ အစော်ကားခံရတဲ့ အကာအကွယ်မရှိတဲ့ သူတွေဘက်ကနေ ရပ်တည်ပြီး စောင့်ရှောက်ဖို့၊ တားဆီးဖို့ ကြိုးစားကြတဲ့ သူတွေက ဆရာတော်တွေ သံဃာတော်တွေ ဖြစ်နေတယ်။ သံဃာတော်တွေအနေနဲ့က မြန်မာလူမှုအဖွဲ့အစည်းမှာ အစဉ်အဆက် သြဇာရှိတယ်၊ သာသနာပြုတဲ့အလုပ်တွေ၊ ဟောပြောဆုံးမတဲ့အလုပ်တွေအပြင် ပညာရေး၊ လူမှုရေး၊ သာရေး၊ နာရေးတွေမှာ ကူညီစောင့်ရှောက်တာ ဆောင်ရွက်နေကြ အစဉ်အလာရှိတာကြောင့် ပြည်သူတွေရဲ့ လေးစားကြည်ညိုခြင်း ခံရတယ်။ အဲသည်အတွက် ဆရာတော် သံဃာတော်တွေက ကြားဝင်ပြီး အစော်ကား၊ အနိုင်ကျင့်ခံရတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေကို ကယ်တင်တာ၊ တရားဥပဒေနဲ့အညီ မတရားကျင့်သူတွေကို အရေးယူနိုင်ဖို့ ပြောဆိုတာတွေ လုပ်ကြရတာ ဖြစ်တယ်။ ဒါဟာ အဓိက အကြောင်းတရားပဲဖြစ်ပါတယ်။


(၁၁) ဒါပေမယ့် အဲသည်လို မတရားအမှုကို ကျုးလွန်တဲ့သူတွေထဲမှာ မူဆလင်တွေ ဖြစ်နေပြီးတော့ မတရားကျုးလွန်ခဲ့ရတဲ့ သူတွေက မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဖြစ်နေတယ်။ ဆရာတော် ဦ၀ီရသူနဲ့တကွ ဆရာတော်ကိုယ်တိုင်အပါအ၀င် သည်လိုအမှုအခင်းတွေမှာ အကြိမ်ကြိမ် ပါဝင်ပြီး အမျိုးသမီးလေးတွေကို ကာကွယ်စောင့်ရှောက်ခဲ့ရတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ ရဲတွေက မျက်နှာလွှဲနေကြလို့ ရဲတွေကို ဆရာတော်တွေက ဥပဒေစိုးမိုးရေးကို လုပ်ကြဖို့ တိုက်တွန်းရတာတွေ ရှိသလို တရားလက်လွတ် ရန်တုန့်ပြန်ချင်တဲ့ ဒေသခံတွေကိုလည်း ထိန်းသိမ်းရတာတွေ လုပ်နေကြရတယ်။ ဆရာတော်တို့က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေကို နိုင်ငံရပ်ခြားတွေက ကိုလိုနီနယ်ချဲ့ပြီး အုပ်စိုးခဲ့တာကိုလည်း လက်မခံခဲ့ကြဘူး။ အခုချိန်မှာလည်း ကိုယ့်တိုင်းပြည်က ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို တပါးသူက စော်ကားတာ၊ မတရားလုပ်တာကိုလည်း ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ သဘောထားတယ်။ ကိုယ့်အမျိုးကို ကိုယ့်သာသနာကို မစောင့်ရှောက်ကြရင် တပါးသူတွေ အင်အားတွေက မတရားကျုးကျော်စော်ကာတာကို ခံနေကြရင်၊ တရားဥပဒေစိုးမိုးမှုကိုလည်း အကာအကွယ်မရကြရင် မိမိတိုင်းပြည်၊ မိမိသာသနာကို ဘယ်သူတွေကမှ မိမိကိုယ်စား လာရောက်စောင့်ရှောက်ကြမှာ မဟုတ်ဘူး။ ခုချိန်မှာတောင် လူ့အခွင့်အရေးအရေခြုံပြီး၊ ဒီမိုကရေစီအရေခြုံပြီးတော့ ပြည်တွင်း ပြည်ပက လူတွေ၊ အစုအဖွဲ့တွေက သံဃာတွေနဲ့ ဒကာ၊ ဒကာမတွေကို အကြမ်းဖက်တွေ အစွန်းရောက်တွေဆိုပြီး ပုတ်ခတ်ပြောဆိုတာကို ခံနေကြပြီ ဖြစ်တယ်။ ပြီးတော့ ဆရာတော်သံဃာတော်တွေ လုပ်ဆောင်နေရတဲ့ အရေးမှာက ငွေကြေးတွေ၊ လက်နက်တွေ၊ အကြမ်းဖက်အုပ်စုတွေ နောက်ကွယ်မှာ ရှိမနေဘူး။ ချုပ်ကိုင်တဲ့ အဖျက်အမှောင့်တွေ မရှိပါဘူး။ သံဃာတော်တွေမှာက နိုင်ငံရေးအင်အားစုတွေလိုမျိုး၊ အာဏာပိုင်တွေလိုမျိုး၊ ငွေကြေးကြွယ်ဝသူတွေလိုမျိုး နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရတဲ့ အရေးအခင်းတွေ၊ ပုဂ္ဂလိကဆိုင်ရာ ရည်မှန်းချက်တွေ မရှိတဲ့အတွက် အခုလို မတရားအလုပ်ခံရတဲ့ မြန်မာ့လူမှုရေးရာတွေ ၀င်ရောက် ဆောင်ရွက်ပေးနေရခြင်း ဖြစ်တယ်။

(၁၂) ဇွန်လ ၁၄ က မှော်ဘီညီလာခံ၊ ဇွန် ၂၇ မှာ အင်းစိန်ညီလာခံတို့ သံဃာတော်တွေ စုဝေးပြီး ကျင်းပနိုင်ခဲ့ပြီ ဖြစ်တယ်။ အဲသည်က တရားဝင် ထုတ်ပြန်ချက်တွေ၊ တင်ပြချက်တွေ ထွက်လာပြီ ဖြစ်ပါတယ်။ အဲသည်မှာ အကြမ်းဖက်ဖို့ ဆော်သြတာ မပါဘူး၊ ဘာသာခြားတွေကို တားမြစ်တာ မပါဘူး။ အိမ်ထောင်ရှိပြီးသား အမျိုးသမီးတွေကို ချုပ်ခြယ်ကန့်သတ်တာ မပါဘူး။ အမျိုးသမီးတွေ လွတ်လပ်စွာနဲ့ လူ့အခွင့်အရေးတွေ မဆုံးရှုံးဘဲ အိမ်ထောင်ပြုနိုင်ဖို့၊ ဥပဒေရဲ့ ကာကွယ် စောင့်ရှောက်မှုတွေကို မိခင်ကော၊ သားသမီးများမှာ ရရှိစေဖို့ ရည်ရွယ်တာတွေ ပါဝင်ပါတယ်။

(၁၃) အခု ဆရာတော်တို့ကို အပြင်ကနေ စွဲဆိုနေကြတာက အမျိုးသားရေးဝါဒတွေ အမျိုးသားရေးဝါဒီ စသည်ဖြင့် လက်ရှိအပြောင်းအလဲကို ထိခိုက်တယ်လို့ ပြောလာကြတယ်။ ဆရာတော်တို့ မြန်မာပြည်မှာက အမျိုးသားရေးကော၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေပါ အားလုံး အတူတကွ ယှဉ်တွဲပြီး ရုန်းကြမှ ရွေ့နိုင်ကြမယ်လို့ ပြောချင်ပါတယ်။ အမျိုးသားရေးမပါဘဲ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးချည်းပဲ သွားကြမယ်ဆိုရင်လည်း တဖက်စွန်းကို ရောက်သလို၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ မပါဘဲ အမျိုးသားရေးချည်းပဲ သွားကြမယ် ဆိုရင်လည်း အခြား တဖက်စွန်းကို ရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်အနေနဲ့ ပြောချင်တာက အမျိုးသားရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့ အားလုံးအတူတူ သဘောထားပြီး သွားကြမှ၊ တွန်းကြမှ ဖြစ်မယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံသားတွေအတွက် မဇ္ဈိမပဋိပဒါကျတဲ့ နိုင်ငံအရေးဖြစ်တယ်လို့ ပြောချင်တယ်။ ယခုလက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ဖိတ်ပင့်လျောက်ထားတဲ့ တရားပွဲတွေမှာလည်း မြန်မာပြည်အရေး၊ အမျိုး၊ ဘာသာ၊ သာသနာအရေးကို အဓိကထားပြီး ပွင့်ပွင့်လင်းလင်း အကျယ်တ၀င့် ဟောပြောသွာဖို့ စီစဉ်ထားတယ်။ အပြုသဘောဆန်တဲ့ မေးမြန်းမှုတွေကို ဖြေကြားသွားမယ်ဖြစ်တယ်လို့ အမိန့်ရှိလိုက်ပါတယ်။

(မိုးမခမှတ်ချက် – ရွှေည၀ါဆရာတော်ကြီး၏ မိန့်ကြားချက်များကို အတတ်နိုင်ဆုံး ကောက်နုတ်ပြီး ပြန်လည် ရေးသားတင်ဆက်လိုက်ခြင်းဖြစ်ပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts