Uncategorized

Zaw Htet (Pyinmanar) – Poem

ဘီးတဲလ်မြေနှင့် မာဆေးမြစ်မှ မြစ်ဧရာသို့ တေးတစ်ပုဒ်
ဇော်ထက် (ပျဉ်းမနား)
ဇူလိုင် ၁၁၊ ၂၀၁၃


လက်တင်ဘာသာစကား
နယ်ခြားမြစ်လို့ အမည်ရခဲ့တဲ့
မာဆေးမြစ်ရဲ့  တစ်လျှောက်
ဘီးတဲလ်တို့ရဲ့  ဂစ်တာခေါက်သံတွေ
လေညှင်းနဲ့အတူ ပျံ့ လွင့်နေဆဲ
အသံမစဲ တေးရနံ့တွေ ဝေနေဆဲ ……..။
ဘီးတဲလ်တေးသခင်
ဂျွန်လင်နွန်ရဲ့  အိပ်မက်
မျှော်လင့်ချက် အတွေး
မာဆေးမြစ်က ဆက်လို့မက်
လှိုင်းကလေးတွေက အိညက်ညက်
ပင်လယ်ပြင်ကို သူမိတ်ဆက်…..။
အချစ်ဆုံးသူတွေက
လက်ပြကာနှုတ်ဆက်
ကျန်ခဲ့တဲ့ ဒီမြစ်တစ်ရိုး
တိုက်တန်းနစ် ရဲ့ အဖြစ်ဆိုး
သူမျှော်ကိုးခဲ့မှာမဟုတ်တဲ့
ကံကိုပဲရိုးဖွဲ့ကာထား
ရာဇ၀င်ရဲ့ လှိုင်းတံပိုးများလား……။
ငွေဝယ်ကျွန်လှေတွေက
မြစ်ဝမှာစီရီနေခဲ့
မသထီစရာအနံ့ဆိုးတွေနဲ့
ခေတ်အမျိုးမျိုးကြုံကာ
မြစ်ရေစုန်မှာသူမျော
ကမ္ဘာဆိုတဲ့တောမယ်
ကျွန်ဝယ်သူတွေကပဲပေါခဲ့တယ်လား…။
ယခုတော့သမိုင်းသစ်
မြစ်ကမ်းတစ်ဘက်မှာ
လက်ကမ်းသာကြိုနေ
တံခါးတွေရဲရဲဖွင့်ထား
အသားအရောင်ခွဲခြားဆိုတာတွေ
လူတန်းစားဆိုတာတွေ
ဘာသာကွဲပြားဆိုတာတွေများ
ရာဇ၀င်ထဲမှာထားရစ်ခဲ့တဲ့
သူ့ရဲ့ အိပ်မက်အတွေး
မာဆေးမြစ်တစ်စင်းရဲ့ ခြေသံပေး
ငါတို့ဧရာ အဝေးမှာရော
ငါတို့ဧရာ နံဘေးမှာရော
အဲဒီ တေးသံဟာ
အဲဒီ တေးသံသာ
ဘာလို့ သောသောညံမနေရမှာလည်း……..။ ။

(Mersey River) မာဆေးမြစ်သည် (Beatles) ဘီးတဲလ်အဖွဲ့၏ ဇာတိမြေ (Liverpool ) လီဗာပူးမြို့အနီး စီးဆင်းပါသည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts