>Suu and Bill Richardson talk ( 02

>

ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း အပိုင်း (၂)
မတ် ၂၁၊ ၂၀၀၉

မစ္စတာရစ်ချဒ်ဆန်။ ။ သူ့အဖြေကတော့ တကယ်လို့ ကျနော် နောက်တခေါက် လာတဲ့အခါကျရင် ကျနော့်ကို ခင်ဗျားနဲ့ တွေ့ဆုံခွင့် ပေးဖို့ စဉ်းစားပါမယ်လို့ ဖြေခဲ့ပါတယ်။ ကွန်ဂရက် လွှတ်တော်မှာ မြောက်အမေရိကတိုက် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ် (NAFTA)ကိစ္စနဲ့ ပတ်သက်ပြီး အချေအတင် ဆွေးနွေးနေတဲ့ ကာလမှာ ကျနော့်ရဲ့ ပါဝင်လှုပ်ရှားမှုဟာ သိသာ ပေါ်လွင်နေပြီး ကျနော်နဲ့ သမ္မတကြီး ကလင်တန်တို့ရဲ့ ဆက်ဆံမှုဟာလည်း ပေါ်လွင်လှပါတယ်။ အဲဒါကြောင့်မို့ ကျနော် ထင်ပါတယ်၊ ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့်က ကျနော်ကတဆင့် သမ္မတကြီး ကလင်တန်ကို ဆက်သွယ် အကြောင်းကြားပေးမယ်လို့ မျှော်လင့်ပုံရပါတယ်။ ဒါနဲ့ စကားမစပ် – သမ္မတကြီးက ဒီဖောင်တိန်ပင်ကို ခင်ဗျားအတွက် ပေးခိုင်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမက မင်ရည်ထည့်သုံးရတဲ့ ဖောင်တိန်ကို ဆက်ပြီး သုံးစွဲနေတဲ့ လူနည်းစုထဲက တယောက်ပါ။ (ထိုစဉ် ဖောင်တိန်ပင်ကို ဖွင့်လိုက်ရာ ဖောင်တိန် အစစ်မဟုတ်ဘဲ ဖောင်တိန် ပုံစံ ပြုလုပ်ထားသော ဘောပင်ဖြစ်နေကြောင်း တွေ့ရ၍ ဝါးခနဲ ပွဲကျသွားကြသည်။)

မစ္စတာရစ်ချဒ်ဆန်။ ။ ခင်ဗျားဘယ်နှယ့် နေပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ရှင်းရှင်းပဲ ပြောထားပါရစေရှင်။ ကျမ ကိုယ်ရေးကိုယ်တာ အတွက်နဲ့ ပတ်သက်ပြီး ဖေးမတာတွေကိုတော့ မရချင်ပါဘူးရှင်။ ကျမရဲ့ ကျန်းမာရေး အခြေအနေဟာ “ယေဘုယျ”အားဖြင့် ကောင်းပါတယ်။ ကျမမှာ ကျောရိုး ကျည်းပေါင်းတက် အကြောညှပ်နာ (spondylosis) ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် တချိန်လုံး ပုခုံးတွေ နာတယ်။ ပြားတဲ့၊ မာတဲ့ အိမ်ယာပေါ် အိပ်ရပါတယ်။ ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ဖြစ်တဲ့ ရောဂါလေးတွေလည်း မကြာမတင်ကစပြီး ဖြစ်လာပါတယ်။ အဆိုးကြီးတော့ မဟုတ်ပါဘူး။ အကြောညှပ်နာကြောင့် အထိုး အချုပ် လုပ်စရာတွေတော့ မလုပ်နိုင်ပါဘူး။ ကြည့်ရတာ – စာဖတ်များတာရယ် အချုပ်အလုပ် များတာရယ်ကြောင့် ဒီ အကြော ညှပ်နာ ဖြစ်လာတယ် ထင်ပါတယ်။ မကြာခင်က ဆေးစစ်ချက် အရတော့ ပိုးမွှားတွေကြောင့် ဖြစ်တဲ့ ရောဂါ ရှင်းသွားပါပြီ။ ကျမ ကိုယ်ရေးကိုယ်တာ အတွက်တော့ ဘာမှ မလိုအပ်ပါဘူး။

မစ္စတာရစ်ချဒ်ဆန်။ ။ ခင်ဗျား လိုအပ်မယ့် ဘာမဆိုကို တောင်းခံပေးဖို့ ကျနော်ကတော့ အဆင်သင့်ပါပဲ။ ကျနော်နဲ့ အတူ စီဒီ ဓာတ်ပြားသီချင်း တချို့နဲ့ အဆိုကျော် ရော့ဒ်စတူးဝပ်ရဲ့ သီချင်းတိပ်ခွေတခွေတောင် ပါလာပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမကတော့ ဂီတခံစားမှု အသစ်တွေတောင် ရနေပါပြီ။ ကျမသားငယ်ကင်မ် (မောင်ထိန်လင်း) ဆီမှာ WALKMAN (ကက်ဆက်အသေးစား) တလုံး ရှိတယ်။ သူ့ဆီကနေပြီး အဆိုကျော် ဘော့လ်မာလီရဲ့ သီချင်းတွေတောင် ကျမ နားရည်ဝနေပါပြီ။ တော်တော် ကောင်းတဲ့ အဆိုကျော်ပါပဲ။

မစ္စတာရစ်ချဒ်ဆန်။ ။ ကျနော်တို့ ဒီမှာ အချိန်သိပ်မရဘူး ထင်တယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ သူတို့ ရှင်တို့ကို မောင်းတော့ထုတ်မှာ မဟုတ်ပါဘူး။ ဒါဟာ ကျမအိမ်ပဲ ဥစ္စာ။

မစ္စတာရစ်ချဒ်ဆန်။ ။ လက်ရှိ အခြေအနေကို ခင်ဗျား ဘယ်လို သုံးသပ်မလဲ။ အခြေအနေ တိုးတက်လာဖို့ ခင်ဗျား အနေနဲ့ ဘယ်လို “လမ်းမျိုး” တွေ့ထားလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမရဲ့ သဘောထားအမြင်ကို ပြောမပြခင် ဒီအမျိုးသား ညီလာခံ ဆိုတာ အပေါ် ရှင်တို့ အနေနဲ့ ဘယ်လို ယူဆတယ် ဆိုတာလေး ကျမကို ပြောပြပါလား။

မစ္စတာရစ်ချဒ်ဆန်။ ။ လေးနက်မှု မရှိတဲ့ လုပ်ရပ်ပါ။ အမေရိကန် ပြည်ထောင်စုရဲ့ အနေအထားကတော့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို လေးစားရမယ် ဆိုတာပဲ ဖြစ်တယ်။ အမျိုးသားညီလာခံလို့ ခေါ်ပြီး ဖော်ဆောင်နေမှုဟာ အရေးပါတယ်ဆိုပြီး ကျနော်တို့ လက်မခံနိုင်၊ မယုံကြည်နိုင်ပါဘူး။ ကျနော်တို့ကတော့ ‘ဒီမိုကရေစီ အုပ်ချုပ်ရေး’ ဆီကို ပြောင်းလဲပေးဖို့ တိကျတဲ့ အချိန်ဇယား သတ်မှတ်ပေးရေး အတွက်ပဲ တွန်းအား ပေးနေရပါတယ်။ ကျနော်တို့ သိချင်တာက နောက် ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပပေးမယ်၊ ဘယ်လို အခြေအနေမျိုးနဲ့ ကျင်းပပေးမယ်၊ အပြည်ပြည် ဆိုင်ရာ ကြီးကြပ်သူများကို ဘယ်လို စောင့်ကြပ် စိစစ်ခွင့် ပြုမယ် ဆိုတာတွေပါပဲ။

မစ္စဟာရာဟင်မ် (UNDP)။ ။ ကျနော် မြင်တာကတော့ အမျိုးသား ညီလာခံကို အင်မတန်ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား၊ နည်းလမ်းတကျနဲ့၊ ဟန်နဲ့ပန်နဲ့ ကျင်းပနေတာပဲ။ အဲဒီ အချက်က စိတ်ပူစရာပဲ။ တချို့အခြေအနေ မျိုးမှာ နည်းလမ်းတကျ စည်းကမ်းတကျ လုပ်ပြဖို့ လိုအပ်မယ်ဆိုတာ ကျနော် နားလည်ပါတယ်။ နည်းလမ်းတကျ လုပ်ပြနေဟန်ကြီးကိုတော့ အန္တရာယ်လို့ မမြင်မိဖို့ သတိထားရပါလိမ့်မယ်။ ဒါပေမဲ့ ဒီညီလာခံရဲ့ တချို့အစိတ်အပိုင်းတွေကိုတော့ အတွေးရခက်ပါတယ်။ အချေအတင် အပြန်အလှန် တင်ပြ ဆွေးနွေးမှုဆိုတာ အလွန့်အလွန် ဆိတ်သုန်း နေတာ တွေ့ရပါတယ်။

မစ္စတာဖိလစ်ပ်ရှယ်နွန် (NYT) ။ ။ အဲဒီဟာကြီးကတော့ ဝမ်းနည်းစရာ ပြကွက်ကြီးပါပဲ။ ကျနော် ဒီညီလာခံကို ဝင်ကြည့်ခွင့် တချက် ရလိုက်ပါတယ်။ အဲဒီမှာ အဖွဲ့ချုပ်လို့ ခေါ်တဲ့ အဖွဲ့ကိုလည်း တွေ့လိုက်ရပါတယ်။ ဦးအောင်ရွှေနဲ့ တခြား ခေါင်းဆောင်တွေ အပါအဝင်ပေါ့။ သူတို့တတွေ အင်မတန်ကိုပဲ ကြောက်ရွံ့နေကြတယ်။ တကယ့် အချေအတင် တင်ပြ ပြောဆို ဆွေးနွေးမှုဆိုတာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီကိစ္စကြီးက ဟန်ပြ လုပ်ရပ်ကြီးပါ။

မစ္စတာရှယ်နွန် (NYT)။ ။ ရန်ကုန်မြို့ရဲ့ ပြင်ပဒေသက လူတွေက ပိုပြီးပြောရဲဆိုရဲရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ မန္တလေးသားတွေဟာ ပိုသတ္တိကောင်းကြပါတယ်။ ရန်ကုန်က လူတွေကတော့ “အကိုကြီးရဲ့ မျက်စေ့အောက်မှာ” (ဂျော့အိုဝယ်လ်၏ ‘၁၉၈၄’ဝတ္ထု) ပိုပြီး နီးနီးစပ်စပ် နေနေရလို့နဲ့ တူပါတယ်။ ကျမကတော့ ဒီ အမျိုးသား ညီလာခံကြီးဟာ ရယ်စရာ ဟာသထိုးဇာတ်ကြီး လို့ပဲ ယူဆထားပါတယ်။ တကယ်လို့ တက်ရောက်သူတွေဟာ “သူတို့ထင်မြင်ယူဆချက်”ကို ပြောခွင့်မရဘူး၊ သူတို့ဟာ ခေါင်းငြိမ့် (အတည်ပြုပေး) ရုံ သက်သက်ပဲ ဆိုရင် အဲဒါဟာ ညီလာခံမဟုတ်တော့ဘူး။ အဲဒါဟာ ပြည်သူလူထုရဲ့ဆန္ဒကို ကိုယ်စားပြုတယ်လို့ အလေးအနက်ထား လက်ခံနိုင်ဖို့ဆိုတာ ကျမအနေနဲ့တော့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးပါတီများရဲ့ ကဏ္ဍကို မြှင့်တင်ပေးဘို့ လိုအပ်နေပါတယ်။ သူတို့ကို ရပ်တည်ခွင့် ပေးရပါ့မယ်။ တကယ့်နိုင်ငံရေးပါတီ ပီသစွာ လှုပ်ရှား ဆောင်ရွက်ခွင့် ပြုရပါ့မယ်။ ဒီအချက်တွေ ရဖို့ကို ဖိအားပေးရပါ့မယ်။ အဖွဲ့ချုပ် အဖွဲ့ထဲမှာ လုပ်ရည်ကိုင်ရည် ကောင်းပြီး သန္နိဋ္ဌာန်ချ လုပ်နိုင်သူတွေ အများအပြား ရှိပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေ အနေ မျိုးအောက်မှာ ပါတီစုံဒီမိုကရေစီ အကြောင်းမျိုးကို ပြောဆိုနေလို့ကတော့ အပိုပါပဲ။ ပါတီရုံးတွေကော ရှင် သွားလည်ခွင့်ရသလား။

မစ္စတာရှယ်နွန်(NYT)။ ။ ကျနော် ရန်ကုန်မြို့မှာ ရှိတဲ့ အဖွဲ့ချုပ် ရုံးတွေကို ရောက်ခဲ့ပါတယ်။ ဒီလောက် ကြောက်ရွံ့နေကြတဲ့ လူမျိုးတွေကို ကျနော်တော့ မြင်ကို မမြင်ဖူးပါဘူး၊ ခင်ဗျားရဲ့ ဓာတ်ပုံကိုတော့ သူတို့ ချိတ်ထားတုန်းပါပဲ။ ဒါပေမဲ့ ကျနော့်ကို ပြန်ပါတော့ ဆိုပြီး မေတ္တာရပ်ခံကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ “မကြောက်ပါနဲ့” လို့ ပြောလိုက်ချင်ပါတယ်။ ကြောက်နေရတာဟာ သိပ်ကို ပင်ပန်းလှပါတယ်။

မစ္စတာရစ်ချဒ်ဆန်။ ။ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ပတ်သက်တဲ့ အလားအလာတွေ ဘယ်လိုရှိပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဆွေးနွေးပွဲလုပ်ဖို့ တချိန်လုံး ကျမ တိုက်တွန်းနေတာ ဒီအတွက်ပါပဲ။ အဲဒီလို ဆွေးနွေးပွဲ ဖြစ်မြောက်လာရေးအတွက် ကျမတို့ ကြိုးပမ်းကြရပါလိမ့်မယ်။ ဒါပေမဲ့ နဝတက ဆွေးနွေးဖို့ ငြင်းနေတော့ ကျမတို့ ဘာတတ်နိုင်မှာလဲရှင်။ အတွင်းရေးမှူး (၁) ဟာ ကျမနဲ့ ဆွေးနွေးသင့်ပါတယ်လို့ ကျမ အမြဲပဲ ပြောခဲ့ပါတယ်။

(ဆက်ရန်)

( ဘာသာပြန်သူ – တာရာဝေယံ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts