>2009 Than Gyat

>

အိန္ဒိယရောက် အင်အားစုတွေရဲ့ “အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့” သံချပ်ခွေ လာပြီ
myanmarisp.com
မတ် ၁၅၊ ၂၀၀၉

‘အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ’ ရဲ့ ၂ဝဝ၉ ခုနှစ်၊ မြန်မာ့ ရိုးရာ အတာ သင်္ကြန်၊ “အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့” ပွဲသိမ်း တိုက်ပွဲခေါ် သံချပ်ခွေ ဒီညနေပိုင်းမှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

မြတ်ထက်’ ရေးသားပြီး၊ ‘ကျောက်မဲ ကျော်ကြီး’ စီစဉ် တင်ဆက်တဲ့ ဒီသံချပ်ခွေမှာ နှုတ်ခွန်းဆက် စကား၊ ဒိုးပတ်သံတို့နဲ့ အစပြုထားပြီး၊ ပုံနှိပ် ဖြန့်ချိမဲ့ သံချပ်စာအုပ်မှာတော့ နန္ဒာမိုးကြယ်ရဲ့ ‘နွေ၏ကဗျာ’ ဆိုတဲ့ ကဗျာလေးနဲ့ စဖွင့်ထားတာကို တွေ့ရပါတယ်။

“နွေ၏ ကဗျာ”

ဘယာတွေ ဝေးစေဖို့
အတာရေ အေးတွေနဲ့
ဝါရွှေအသွေးတွေလည်း ပွင့်ခဲ့ပြီ …။

ရွှင်စရာအချစ်
ကြဉ်စရာ ပစ်
မင်္ဂလာနှစ် ဖြစ်ဖို့ရွယ်ရည် …။

ရောင်စဉ်တွေ လဲ့လဲ့အဖွေးမှာတော့
ဆေးရေးလို့ ခြယ်လိုက်မည်
တို့ပြည်ရဲ့အလှတရား …။

တနှစ်ကူးလေတော့
ပုရစ်ဖူး တဝေဝေနဲ့
ေ)ဒနာ ရွာၾကံမဖြပါဘူး
နွေကဗျာ ကာရန်သလို့ရယ်
ချမ်းမြစေသား …။ ။

နန္ဒာမိုးကြယ်

သင်ပုန်းကြီးကဏ္ဍ

ကလေးတို့ရေ လာကြ လာကြ × × × ကြားလိုက်အောင် × × × နားစိုက်ထောင်ကြ ဝိုင်းပြီး သင်ပုန်းကြီး ဖတ်ကြ × × × အကျိုးပြု နှုတ်ဖွင့်ဟကြ × × × ဝေဖန်ရေးစကား ပြောကြားမကွာ × × × အဝေးရောက် ညွန့်ပေါင်းအစိုးရ × × ×

အ အာ အိ အီ အု အူ အေ အဲ၊ သင်ပုန်းကြီးဆိုတာ ဒါပဲ ဒါပဲ
သံပြိုင် – (အ အာ အိ အီ အု အူ အေ အဲ)၂

အ ရေး ‘အ’
အစိုးရ၊ အစိုးရ၊ အဝေးရောက် အစိုးရ
ဝါရှင်တန်မှာ အခြေချ၊ အဲဒါ ဒို့အစိုးရ

သံပြိုင် – (ဟ ဟာ ဟ၊ ဟ ဟာ ဟ)

အ ရေးချ ‘အာ’
အာဝဇ္ဇန်းရွှင်ရွှင် အင်တာဗျူးတွင်
ဝန်ကြီးအားလုံး ပျော်ပျော်ရွှင်
လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်၊ ဘာမှလုပ်တာ ဒို့မမြင်

သံပြိုင် – (ဟင်)

အ ရေး လုံးကြီးတင် ‘အိ’
အိပဲ့ အိပဲ့ လိပ်သွားနှုန်း၊ ၁၈ နှစ်ကျော်ကျော် အချိန်ဖြုန်း
၂ဝဝ၉ ရောက်ပြီ အိပ်နေတုန်း၊ အန်တီစုရေ ကယ်ပါဦး

သံပြိုင် – (ကယ်ပါဦး၊ ကယ်ပါဦး)

အ ရေး တချောင်းငင် ‘အု’
ဥရောပတခွင် ပြဲပြဲစင်၊ ညွန့်ပေါင်းအစိုးရ ပျော်ပျော်ရွှင်
အသင်ဘာကြောင့် ခွေ္ဆးတလုံးလုံး၊ ရံပုံငွေအတွက် ဒို့စည်းရုံး

သံပြိုင် – (ဒုံး တဒုံး ဒုံး ဒုံး၊ ဒုံး တဒုံး ဒုံး ဒုံး)

အ ရေး နှစ်ချောင်းငင် ‘အူ’
အူကြောင်ကြောင် အမတ်တသိုက်၊ ငြိမ်ပိထိုင်ခုံ ယူအဲန်၌
နေရာဖယ်ဖို့ တိုက်/မတိုက်၊ မဲခွဲတဲ့အထိ သူတို့မိုက်
တော်လှန်ရေးမှာ၊ ရေစုံလိုက်

သံပြိုင် – (ဟိုက်)

အ လုံးကြီးတင် တချောင်းငင် ငသတ် ‘အိုင်’
အိုင်ယာလန် အမတ်စုံပွဲ၊ ဝန်ကြီးချုပ်ကလေး မျက်ရည်ဝဲ
စွန့်ကြဲကြပါ ထောက်ခံမဲ၊ ဒီတခါ တကယ်ပါ နောက်ဆုံးပဲ

သံပြိုင် – (ဟဲ ဟဲ ဟဲ ၊ ဟဲ ဟဲ ဟဲ)

အ လုံးကြီးတင် မသတ် ‘အိမ်’
အိမ်နီးနားချင်း နိုင်ငံများ၊ ဝန်ကြီး ဝန်ငယ် ဘယ်သူမှ မသွား
စည်းရုံးခရီးစဉ် ရှာမှရှား၊ ထောက်ခံတဲ့သူ ရှိသေးလား

သံပြိုင် – (ဟိုက် ရှားဘား၊ ဟိုက် ရှားဘား)

အ ရေးချာ ဝစ္စ နှစ်လုံးပေါက် ‘အား’
အားအင်မချဲ့ တပ်မဖွဲ့၊ ငွေဖြတ်တောက်မှာ စိုးတယ်တဲ့
အဖိနှိပ်ခံအတွက် သူမငဲ့၊ ပန်းတိုင်လည်းမဲ့ အောင်စိတ်မဲ့

သံပြိုင် – ( ပဲ့ … … ပဲ့ … … ပဲ့)

● သင်ပုန်းကြီးတော့ ငါတို့ကျေ – – – – – – – – – ငြိမ်ပိဥပဒေ လေ့လာဦးစို့။

ဒီနှစ် ထုတ်ဝေ ဖြန့်ချိမဲ့ “အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့” ပွဲသိမ်း တိုက်ပွဲခေါ် သံချပ်ခွေမှာ ပါဝင်တဲ့ အခြား ကဏ္ဍတွေကတော့ –
– လူထု အခြေအနေ၊ နာဂစ် မုန်တိုင်း တိုက်ခတ်ခဲ့စဉ် မီဒီယာ – နိုင်ငံတကာနဲ့ – နအဖတို့ ပြုမူ လုပ်ကိုင်ခဲ့ကြပုံကို ပြန်ပြောင်း သရော်ထားတဲ့ နာဂစ်ကဏ္ဍ၊
– ကျင်းပ ပြီးစီးသွားပြီ ဖြစ်တဲ့ နအဖရဲ့ လူထု ဆန္ဒခံယူပွဲကို သရော် လှောင်ပြောင်ကာ ဖြစ်ပျက်ခဲ့တဲ့ ဆန္ဒမဲ ပေးပွဲရဲ့ အခြေအနေ မှန်တွေကို ထုတ်ဖော် တင်ပြထားတဲ့ ကဏ္ဍ၊
– မဲဆောက်မှာ ရွှေတွင်းတွေ တွေ့ခဲ့ပုံ အပြင် လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ နိုင်ငံရေး လုပ်စားသူ အချို့ကို လှောင်ပြောင် သရော်ထားတဲ့ စပ်မိစပ်ရာ ကဏ္ဍ၊
– နာဇီ ရှပ်ညို လက်သစ် အဖွဲ့အစည်း ဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကို လှောင်ပြောင် သရော်ကာ လူထု အနေနဲ့ ဒီအဖွဲ့အစည်း အပေါ် ဘယ်လို သဘော ထားသင့်တယ် ဘယ်လို ပြုမူ သင့်တယ် ဆိုတာကို တိုက်တွန်း တင်ပြထားတဲ့ ကြံ့ဖွတ် ကဏ္ဍ၊
– နအဖရဲ့ မတရား တရားစီရင် နေပုံတွေကို ထုတ်ဖော် သရော်လိုက်ပြီး မြန်မာ့ တရားဥပဒေ ဓလေ့ထုံးစံနဲ့ တရား ဥပဒေ စိုးမိုးရေးတို့ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆို ပြထားတဲ့ ဥပဒေ ကဏ္ဍ၊
– နောက်ဆုံးမှာတော့ လူထုကို ပွဲသိမ်း တိုက်ခေါ်သံ ပေးလိုက်တဲ့ တိုက်ပွဲခေါ်သံ ကဏ္ဍနဲ့ ဆုတောင်း မေတ္တာပို့ ကဏ္ဍတို့ ဖြစ်ပါတယ်။

ဒီသံချပ်ခွေကို ချင်းတွင်း စတူဒီယို (DVB) မှာ အသံ သွင်းယူခဲ့တာ ဖြစ်ပြီး၊ ပါဝင် တင်ဆက်ကြ သူတွေကတော့ – မချောင်းချောင်း၊ မသန်းသန်းခိုင်၊ မနွမ်ဘွိုင်း၊ ကိုပါသဲ၊ ကိုနော့်နော်၊ ကိုဇင်၊ ကိုလတ်၊ ကိုပေါက်၊ ကိုချမ်း၊ ကိုထွန်းထွန်း၊ ကိုဇေယျာ၊ ကိုဗေဒါ၊ ကိုငွေတိုး၊ ကိုကျော်ကြီး၊ ကိုအေးမင်း၊ ကိုဇော်ဌေး၊ ကိုပြည့်စုံ၊ ကိုဇော်မျိုးနိုင်၊ ကိုဖိုးဇော်၊ ကိုရန်ပိုင်၊ ကိုမောင်မောင်၊ ကိုအောင်ကျော်နိုင်၊ စိုင်းဇော်လင်း၊ ကိုထန်းငါ၊ ကိုမြင့်မောင်၊ ဆလိုင်း၊ ကိုဇာနည်၊ ကိုကျော်ကြီး၊ ကိုသိန်းဆွေ၊ ကိုထွန်းလွင်၊ ကိုကျော်သူရ၊ ကိုဇော်ကြီးနဲ့ ကိုဦးတို့ ဖြစ်ပါတယ်။

ဒီသံချပ်ခွေမှာ တေးဂီတမှူးတွေ အဖြစ် ကိုဟောင်းနဲ့ ဆလိုင်းတို့က တာဝန်ယူ ဆောင်ရွက်ပြီး၊ မျက်နှာဖုံး ကာဗာရဲ့ ဒီဇိုင်းကို ပန်းချီ စစ်ငြိမ်းအေးက ရေးဆွဲ ပေးထားတာ ဖြစ်ပါတယ်။ စာစီစာရိုက်နဲ့ ကွန်ပြူတာ အကူအညီ ပေးကြ သူတွေကတော့ ကိုငွေတိုးနဲ့ ကိုပေါက်တို့ ဖြစ်ပါတယ်။

ဒီလို သံချပ်ခွေတွေ နှစ်စဉ် နီးပါး ထုတ်ဝေ ဖြန့်ချိနိုင်ရေး အတွက် Burma Project/ Southeast Asia Initiative, Open Society Institute ကနေ ရန်ပုံငွေ ထောက်ပံ့ ပေးခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ သံချပ် တင်ဆက်မှုကို ၁၉၉၇ ခုနှစ်က အစပြုခဲ့ပြီး၊ ၂ဝဝ၂ ခုနှစ်နဲ့ ၂ဝဝ၅ ခုနှစ်မှ အပ နှစ်စဉ် စီစဉ် တင်ဆက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ အရင်နှစ်တွေက ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ သံချပ်တွေကတော့ –

၂ဝဝ၈ ခုနှစ် – ဘုန်းဘုန်းချမှ၊ လုံးလုံးရမယ်
၂ဝဝ၇ ခုနှစ် – စိတ်ကူးမပြင် ထိပ်ဖူးဝင်လိမ့်

၂ဝဝ၆ ခုနှစ် – ထုလေ မာလေ ဒို့ လူတွေ
၂ဝဝ၄ ခုနှစ် – အိပ်ငိုက်ချင်းမှ ချက်ချင်း ထလော့
၂ဝဝ၃ ခုနှစ် – ဘယ်ပုရပိုဒ် မင်းကြိုက်သလဲ
၂ဝဝ၁ ခုနှစ် – ဗမာပြည်ကို တံတိုင်း ခတ်လိုက်

၂ဝဝဝ ခုနှစ် – ရပ်ကြည့်လို့ အမြတ် မရှိ
၁၉၉၉ ခုနှစ် – မိုးကို ဒူးနဲ့ တက်တိုက်စို့
၁၉၉၈ ခုနှစ် – သစ္စာ ကျောက်တုံး မြှောက်လိုက်ပြီ
၁၉၉၇ ခုနှစ် – ထားပ ချေမိ ငါ့ဝန် ရှိလိမ့်
တို့ ဖြစ်ကြပါတယ်။

ဒီနှစ် ထုတ်ဝေ ဖြန့်ချိမဲ့ ပွဲသိမ်း တိုက်ပွဲခေါ် သံချပ်ခွေ “အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့” ကို ဒီနေ့ ညနေပိုင်းမှာ သံချပ် ပရိသတ် ဆွဲယူ နားထောင်နိုင်ဖို့ myanmarisp.com မှာ အပြည့်အစုံ (အင်တာနက် အဆက်အသွယ် နှေးသူတွေ အတွက် တပုဒ်ချင်း အနေနဲ့ရော၊ မြန်နှုန်းမြင့် အင်တာနက် အဆက်အသွယ် ရှိသူတွေ အတွက် တခွေစာလုံးကိုပါ) လွှင့်တင် ပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts