>talk with kanaung.net

>

ကနောင် နှင့် ဆက်သွယ် မေးမြန်းခြင်း
မိုးမခ
မတ် ၁၃၊ ၂၀၀၉

ကွန်ပျူတာအသုံးပြုပြီး မြန်မာစာ ရေးသား ဖတ်ရှုသူများအတွက် အလွန် တန်ဖိုးရှိသည့် ပရိုဂရမ်တခု ပေါ်ပေါက်နေသည်။ ထို ပရိုဂရမ်မှာ ကနောင် ကွန်ဗာတာ ဖြစ်သည်။ ၎င်း၏ တခြား အားသာချက်များမှာ အင်တာနက် မရှိသော်လည်း အသုံးပြုနိုင်ခြင်း၊ ပေါ့ပါးခြင်း၊ သုံးစွဲရန် လွယ်ကူခြင်းတို့ ဖြစ်သည်။

မိုးမခက ကနောင် အဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သည့် ဆွီဒင်နိုင်ငံ အခြေစိုက် ကိုမင်းကျော်နှင့် ဆက်သွယ်ပြီး မေးမြန်းခဲ့သည်။

ကနောင်ကို အသုံးပြုပြီး အသုံးများသည့် ဖောင့် နှင့် ယူနီကုတ် စုစုပေါင်း ၁၆ မျိုးအထိ ပြောင်းလဲနိုင်သည်။


မေး – “ကနောင်” က စာလုံး အပြောင်းအလဲ လုပ်သူတွေအတွက် အင်မတန် အသုံးဝင်တာပဲ၊ “ကနောင်” ကို ဘယ်တုန်းက စပြီး လုပ်ကြတာလဲ။

ဖြေ – ကနောင်ကွန်ဗာတာ လုပ်တာက မြန်မာပညာရှင်တွေ လုပ်တယ်။ ကုဒ်ဒင်း (CODING) ရေးတဲ့သူက လေးယောက်လောက် ရှိတယ်။ စ လုပ်တာ ကိုစိုးမင်း၊ ဂျပန်က စလုပ်တယ်၊ နောက် – သြစီ (သြစတေးလျ)က တယောက်၊ စင်္ကာပူက နှစ်ယောက် ပါတယ်။ ကနောင်ကို ဖြန့်လိုက်တော့ လူတွေ စိတ်ဝင်စားလာတယ်၊ တော်တော်လေး ယူသုံးကြတယ်။

မေး – ဘယ်နှစ်ခုနှစ်က စပြီး လုပ်ကြတာလဲ။
ဖြေ – ကွန်ဗာတာကို စရေးတာ ၂ဝဝ၆ လောက်မှာ ဖြစ်လိမ့်မယ်။ မြန်မာဘာသာနဲ့ ယူနီကုတ် စပြီး ပေါ်လာတဲ့အချိန်မှာ ဖတ်ဖို့၊ ရေးဖို့၊ အခက်အခဲ ရှိတယ်။ ဖောင့်တွေ ယူနီကုတ်တွေ ပြောင်းလဲဖို့လည်း အခက်အခဲ ရှိတယ်။ တချို့ Wwin_Burmese ရိုက်ထားတယ်၊ ကိုယ့်ဘလော့မှာ Zawgyi နဲ့ တင်ချင်တယ်၊ ဒါတွေကို အထောက်အကူဖြစ်အောင်၊ အလွယ်တကူ ပြောင်းလို့ ရအောင် ကနောင်အဖွဲ့က ရေးပေးကြတာပါ။ လူတိုင်းသုံးလို့ရအောင် ပထမတော့ ဖောင့် လေးငါးမျိုးနဲ့ စီစဉ်ပေးခဲ့တယ်။ နောက်ပိုင်းတော့ ပိုပြီးအဆင်ပြေအောင် ကိုစိုးလင်းက ၂ဝဝ၇ ဇန်နဝါရီလောက်မှာ ဖောင့်ကို ၁၂ မျိုးလောက်အထိ တိုးချဲ့ပေးခဲ့တယ်။

မေး – ကိုမင်းကျော် ဘာတာဝန်ယူထားသလဲ။
ဖြေ – ကျနော်က ဝက်ဘ်မာစတာ အဖြစ် တာဝန်ယူထားပေးတယ်။ ကနောင် ဝက်ဘ်ဆိုက်မှာ ကျောင်းသား ၅ ယောက် ပါတယ်၊ အားလုံး ကျောင်းတက်နေတဲ့သူတွေချည်းပဲ။ သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝန်ယူထားကြတယ်။ ကျနော်က Joomla နောက်တယောက်က wordpress စသဖြင့် တာဝန်ခွဲပြီး လုပ်တယ်။

မေး – “ကနောင်”က ဘာတွေ လုပ်ဦးမလဲ။
ဖြေ – ဘလော်ဂါတွေအတွက် လုပ်မယ်။ သူတို့ ဘလော့ဂ်ရေးနိုင်ဖို့ ကျနော်တို့က နည်းပညာအရ ကူညီပေးတယ်၊ သူတို့ရဲ့ blogspot နဲ့ လုပ်ထားတဲ့ ဘလော့ဂ်တွေ မြန်မာပြည်ကလူတွေ ဝင်ကြည့်လို့ မရဘူး။ ကျနော်တို့ တခြား ဘလောဂ့်တခုမှာ ပြောင်းတင်ပေးတယ်၊ ဆာဗာ အနေနဲ့ အခကြေးငွေယူပြီး လုပ်ပေးတယ်။ ဒီဇိုင်း လုပ်ပေးတယ်။ အခကြေးငွေ ဆိုပေမယ့် နည်းနည်းပါပဲ။

မေး – ကိုမင်းကျော်က မြန်မာအလုပ်သမားတွေအရေး ဆောင်ရွက်ပေးနေသူလို့ ကျနော်တို့ သိထားတယ်၊ အခုတော့ အိုင်တီ စိတ်ဝင်စားတဲ့သူ ဖြစ်နေပါလား။
ဖြေ – ကျနော် မလေးရှားမှာ ကျောင်းပြီးတာက ၁၉၉၉ ခုနှစ်မှာ။ အိုင်တီ နဲ့ပဲ ပြီးတယ်။ ဒါပေမယ့် ၂ဝဝဝ လောက်မှာ မလေးရှားကို မြန်မာပြည်သားတွေ တော်တော်ရောက်လာတယ်၊ အခက်အခဲဖြစ်တယ်၊ အခက်အခဲဖြစ်တော့ ကိုယ်က ကျောင်းတက်နေတာ ကြာပြီဆိုတော့ မလေး လို ပြောတတ်တယ်၊ ကိုယ့်ကို အကူအညီတောင်းတယ်။ တောင်းတော့ လိုက်ကူညီပေး၊ အဖွဲ့တွေနဲ့ ဆက်သွယ်ပေးရတယ်၊ ဒီတော့ မြန်မာ့အရေး၊ အလုပ်သမားအရေးတွေ ဝင်လုပ်ခဲ့ပေးတယ် ဆိုပါတော့။

နောက် ဥရောပရောက်တော့လည်း မြန်မာပြည်အတွက် ဘာတွေ အကောင်းဆုံး လုပ်ပေးနိုင်သလဲဆိုပြီး စဉ်းစားကြည့်လိုက်တော့ အိုင်တီ ပဲ ရှိတယ်။ ဒါနဲ့ ဒီလိုင်းမှာ လုပ်ဖြစ်သွားတယ်။

[ မှတ်ချက် – ကနောင် နှင့် ပတ်သက်ပြီး kanaung.net တွင်လည်း သွားရောက် ကြည့်ရှုနိုင်သည်။ ကနောင် ကွန်ဗာတာကို http://myanmarisp.com/Services/sw/KaNaung_converter/view တွင် အခမဲ့ ရယူနိုင်သည်။ ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts