>Students Movement in Burma (09)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၉)
‘အိမ်စောင့် အစိုးရလက်ထက် ကျောင်းသားသမဂ္ဂ’
အောင်ဝေး
မတ် ၁၄၊ ၂၀၀၉


၁၉၅၈ ခုနှစ်ဟာ ကျောင်းသားသမဂ္ဂ နဲ့ မြန်မာ့ နိုင်ငံရေး သမိုင်း အတွက် အရေးကြီးတဲ့ နှစ် တနှစ် ဖြစ်ခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ ပဉ္စမကွန်ဂရက် ခေါ်ယူ ကျင်းပခဲ့တဲ့ ဒီ ၁၉၅၈ ခုနှစ်ထဲမှာပဲ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး အစဉ်အလာ ကြီးမားခဲ့တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးဟာ ညီညွတ်ရေး ပြိုကွဲပြီး နု-တင် နဲ့ ဆွေ- ငြိမ်း၊ သန့်ရှင်း နဲ့ တည်မြဲ ဆိုပြီး နှစ်ဖွဲ့ နှစ်ခြမ်း ခွဲထွက်သွားပါတော့တယ်။

ဦးနုနဲ့ သခင်တင် ဦးဆောင်တဲ့ အခြမ်းကို သန့်ရှင်းဖဆပလ လို့ ခေါ်ပြီး ဦးဗဆွေနဲ့ ဦးကျော်ငြိမ်း ခေါင်းဆောင်တဲ့ အခြမ်းကို တည်မြဲလို့ ခေါ်ကြပါတယ်။ အဲဒီလို ဖဆပလ နှစ်ခြမ်းအကွဲမှာ ကျောင်းသားသမဂ္ဂ ဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး မျှော်လင့်ချက်နဲ့ နု-တင် သန့်ရှင်းဖဆပလ ဘက်က ရပ်တည် ထောက်ခံပေးခဲ့ကြပါတယ်။

၁၉၅၈ ခုနှစ် သြဂုတ်လမှာ ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီးတော့ အမျိုးသား ပညာရေး နှီးနှော ဖလှယ်ပွဲကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ကျောင်းသားထုက ကမောက်ကမ ပညာရေးစနစ်ကို ဖျက်သိမ်းပစ်ဖို့၊ ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲပေးဖို့ အစိုးရ အပါအဝင် တနိုင်ငံလုံးကို တင်ပြ တောင်းဆိုခဲ့ကြတယ်။ ပညာရေး နှီးနှောဖလှယ်ပွဲက ဆုံးဖြတ်တဲ့ စာတမ်း (၂၂) စောင် ဝန်ကြီးချုပ်ဦးနု လက်ထဲကို ပေးအပ်ခဲ့ကြပါတယ်။

ဖဆပလ အစိုးရအဖွဲ့ အတွင်းမှာလည်း သန့်ရှင်းနဲ့ တည်မြဲ အားပြိုင်မှုက ကြီးထွား ပြင်းထန်လာနေပါပြီ။ စက်တင်ဘာလဆန်းပိုင်း ဦးနုက ဗိုလ်ချုပ်နေဝင်းဆီကို ရေးလိုက်တယ် ဆိုတဲ့ စာနှစ်စောင် ဂယက်ကလည်း ကျောင်းသားထုနဲ့ ပြည်သူကြားမှာ သို့လောသို့လော ဖြစ်နေချိန်ပါ။

၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ဟာ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ပြုလုပ်တဲ့နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ဖဆပလ ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်နေဝင်း စစ်တပ်ကို အာဏာ လွှဲပြောင်းပေးလိုက်ပါတော့တယ်။ အိမ်စောင့်အစိုးရ ဆိုပြီး ဗိုလ်ချုပ်နေဝင်း လက်ထဲကို တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာ အားလုံး ကျရောက်သွားပါပြီ။ တကယ်တော့ ဒါဟာ စစ်တပ်က သန့်ရှင်း ဖဆပလ အစိုးရထံကနေ လက်နက်နဲ့ အာဏာသိမ်းလိုက်တဲ့ ဖြစ်စဉ်ပါပဲ။

ဒီ ၁၉၅၈ စစ်အာဏာသိမ်းမှု ဖြစ်စဉ်ဟာပဲ နောင် မြန်မာ့သမိုင်းမှာ ၁၉၆၂၊ ၁၉၈၈ အတောမသတ် စစ်အာဏာသိမ်းမှုတွေရဲ့ ရှေ့ပြေး ပထမဆုံး စစ်အာဏာသိမ်းမှု ဖြစ်လာခဲ့ပါတယ်။ ဒီ ၅၈ ခုနှစ် စစ်အာဏာသိမ်းတာကို တပြည်လုံးက ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။ ဥပဒေတွင်း ဒီမိုကရေစီ အင်အားစုများနဲ့ ကျောင်းသား သမဂ္ဂများက တပြည်လုံး အနှံ့ လှုံ့ဆော်စည်းရုံးပြီး ဗိုလ်ချုပ်နေဝင်း စစ်တပ် အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

တက္ကသိုလ် ကျောင်းသားထုကြီးဟာ စစ်အာဏာသိမ်းတာကို အပြင်းအထန် ဆန့်ကျင် ရှုတ်ချတဲ့ အနေနဲ့ စက်တင်ဘာ (၃ဝ) ရက်နေ့မှာ ရန်ကုန် တက္ကသိုလ်ကျောင်းဝင်း အတွင်းမှာ လှည့်လည် ဆန္ဒပြ အော်ဟစ် ကန့်ကွက်ခဲ့ကြပါတယ်။ စစ်အစိုးရဟာ ကျောင်းသားတွေ၊ ပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ပါပြီ။

ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရ၊ တနည်းအားဖြင့် စစ်အစိုးရဟာ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ကိုကိုးကျွန်း အကျဉ်းစခန်းကို ပို့ပစ်လိုက်ပါတယ်။

တကသ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဥက္ကဌ ကိုခင်မောင်အုန်း၊ အတွင်းရေးမှုး ကိုအောင်ဘန်း၊ အမှုဆောင် ကိုဖိုးသာဘေးတို့ အပါအဝင် ခရိုင် မြို့နယ် ကျောင်းသားခေါင်းဆောင် တချို့ ကိုကိုးကျွန်း အပို့ခံရပြီး တချို့ခေါင်းဆောင်တွေ ဝရမ်းပြေး ဖြစ်ခဲ့ရပါတယ်။

အိမ်စောင့်အစိုးရဟာ ကျောင်းသားသမဂ္ဂများရဲ့ ရပ်တည်ခွင့်ကိုလည်း တဖြည်းဖြည်း ကန့်ကွက် ပိတ်ပင် ချုပ်ချယ်လာပါပြီ။

ကျောင်းသားသမဂ္ဂဆိုတာ ကိုလိုနီခေတ်မှာ ကတည်းက ဗြိတိသျှအစိုးရက တရားဝင် ရပ်တည်ခွင့် ပြုခဲ့တာဖြစ်တယ်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေအရ တကသ ကို ရန်ကုန်တက္ကသိုလ် ဖွဲ့စည်းပုံ ထဲမှာ ထည့်သွင်း ထားခဲ့တယ်။ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီထဲမှာ တကသ ကိုယ်စားလှယ် (၂) ဦး ပါဝင်ခွင့် ရှိခဲ့တယ်။ သမဂ္ဂအဆောက်အအုံ UNION ပြုပြင် ထိန်းသိမ်းရေး စရိတ်ကို တက္ကသိုလ် ပြုပြင်ရေးအဖွဲ့က ကျခံပေးရတယ်။ တက္ကသိုလ်ရုံးက တာဝန်ယူပြီး သမဂ္ဂ ဝင်ကြေးကို နှစ်စဉ် ကောက်ခံပေးခဲ့တယ်။ တကသ ရွေးကောက်ပွဲတွေကို ရန်ကုန် တက္ကသိုလ်က ဆရာ၊ ဆရာမတွေက ဦးစီး ကျင်းပပေးခဲ့တယ်။

ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသား လှုပ်ရှားမှုများဟာ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ အတွင်းမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့် ရခဲ့တာဖြစ်တယ်။

ဒါပေမဲ့ လွတ်လပ်ရေး ရပြီးတဲ့အခါမှာတော့ ပထမဦးစွာ ဖဆပလ အစိုးရက ကျောင်းသား သမဂ္ဂများကို ပိတ်ပင်တားဆီးဖို့ အမိန့်အာဏာ နဲ့ ကြိုးပမ်းလာခဲ့တယ်။ ၁၉၅၆ တုန်းက ဖဆပလ အစိုးရက ကျောင်းသား သမဂ္ဂ္ဂတွေကို ဖျက်သိမ်း ဖို့ အမိန့်ထုတ်ခဲ့ဖူးတယ်။

အခု ၁၉၅၈ ဗိုလ်ချုပ်နေဝင်း စစ်တပ်အစိုးရတက်လာတဲ့ အခါမှာတော့ ကျောင်းသား သမဂ္ဂများအပေါ် မှာ ပိုပြီး ဖိနှိပ် ကန့်သတ် ချုပ်ချယ် လာပါတော့တယ်။

၁၉၅၉ ခုနှစ် စက်တင်ဘာလ (၂၃) မှာ တကသ က ကျောင်းသားထု အစည်းအဝေး ခေါ်ယူပါတယ်။ အကြောင်းရင်းတွေ ထဲမှာ အောက်တိုဘာ ကျောင်းပိတ်ရက် အတွင်း ရပ်ဝေး နယ်ဝေး မပြန်နိုင်ကြတဲ့ ကျောင်းသားတွေ အဆောင်နေခွင့် ကိစ္စ ပါသလို၊ ပိုပြီးအဓိက ကျတဲ့ အကြောင်းကတော့ ကျောင်းပိတ်ရက်အတွင်း တက္ကသိုလ် အရန်တပ်ရင်း (UTC) ကို ခုတုံးလုပ်ပြီး တက္ကသိုလ် နယ်မြေထဲမှာ စစ်အခြေခံ စခန်း လာဖွင့်တာကို ကန့်ကွက်ဖို့ပဲဖြစ်တယ်။ အစည်းအဝေးပြီးတာနဲ့ ကျောင်းသားတွေဟာ တက္ကသိုလ် နယ်မြေအတွင်း လှည့်လည် ဆန္ဒပြကြပါတယ်။ ဒီလိုတကသရဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး အစိုးရက ပါမောက္ခချုပ်ကို ထုချေလွှာ တောင်းပါတော့တယ်။ ကျောင်းသားတွေက ပါမောက္ခချုပ်ကို ဝမ်းနည်းကြောင်း ပြောပြီး တောင်းပန် ခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ စစ်အစိုးရ ဟာ မတရားတဲ့ ကျောင်းဆောင်စည်းကမ်းတွေ ကို ထုတ်ပြန်လာပါတော့တယ်။ တက္ကသိုလ်ကောင်စီမှာ ပါဝင်တဲ့ တကသ ကိုယ်စားလှယ် (၂) ဦးကို ဖြုတ်ပစ်နိုင်ဖို့ အစိုးရက ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို တဖက်သတ် ပြင်ဆင် ပစ်လိုက်ပါပြီ။ ဒါကို တကသ က အပြင်းအထန် ကန့်ကွက် ရှုတ်ချခဲ့တာပါပဲ။

အဲဒီလို အိမ်စောင့် စစ်အစိုးရလက်ထက် ၁၉၅၉-၆ဝ ပညာသင်နှစ်အတွက် တကသ ရွေးကောက်ပွဲ ဖြစ်လာပါတယ်။ ဒီတခါ ရွေးကောက်ပွဲဟာ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း သမဂ္ဂသမိုင်းမှာ နိုင်ငံရေး၊ စည်းရုံးရေးအရ အလွန် ခက်ခဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ ‘ရဲခေါင်’ ကျောင်းသားအင်အားစု နဲ့ တိုးတက်တော်လှန်တဲ့ ‘တပ်ဦး’ ကျောင်းသားအင်အားစုတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြတာပါ။

ဒီရွေးကောက်ပွဲမှာ ကျောင်းသားညီညွတ်ရေးတပ်ဦးက အနိုင်ရရှိသွားခဲ့ပါတယ်။ အိမ်စောင့်အစိုးရ၊ စစ်အစိုးရရဲ့ မလိုမုန်းထား၊ ဖိနှိပ်မှုတွေကြားမှာပဲ ဒူးမထောက်၊ လက်မမြှောက်တဲ့ မကြောက်တရားနဲ့ ခွပ်ဒေါင်းအလံတွေ တရဲရဲ တလူလူ လွင့်ပျံနေခဲ့ပါတော့တယ်။ ။

[ မူရင်း – လွတ်လပ်သည့်အာရှအသံ www.rfa.org/burmese ]



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts