>Kyaw Thu – FFSS Yangon Activity (26th February 2011)

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁

ပိုင်ရှင်မဲ့များ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သန္ဓေတည်ခဲ့ပုံမှာ ကျေးဇူးရှင် စာရေးဆရာ/ဒါရိုက်တာကြီး ဘဘ ဦးသုခ ဆေးရုံတက်စဉ်အချိန်ကာလမှ စတည်ခဲ့ပါသည်။ ဘဘ ဦးသုခ၏ ဆေးရုံကုတင်နံဘေးတွင် ဆေးဝါးလာရောက်ကုသနေသော အမေအိုကြီးကို အမေအိုကြီး၏မိသားစုမှ နေ့စဉ် အမေအိုကြီးအား လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
 
အမေအိုကြီး၏ မိသားစုသည် ဆင်းရဲနွမ်းပါးလှသော မိသားစုဖြစ်သည်။ တရက်တွင် အမေအိုကြီး၏မိသားစုအား သက်ဆိုင်ရာ ဆရာဝန်ကြီးမှ အမေအိုကြီးအား နေအိမ်သို့ ပြန်လည် ခေါ်ဆောင်လိုပါက ခေါ်ဆောင်သွားနိုင်ပြီဖြစ်ကြောင်း ဆေးဝါးကုသမှု အပိုင်းကဏ္ဍသည်လည်း အစွမ်းကုန် ကုသပေးခဲ့ပြီးဖြစ်ကြောင်း သို့သော် အမေအိုကြီး၏ ရောဂါသည် ကျွမ်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

 
ထိုနေ့မှစ၍ အမေအိုကြီး၏မိသားစုသည် ဆေးရုံသို့လာရောက်ခြင်း မပြုခဲ့သည်ကို ဘဘ ဦးသုခ သတိထားမိသည်။ အကြောင်းမှာ အမေအိုကြီးအား မိသားစုမှ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားပါက အမေအိုကြီးအား ပြုစုဂရုစိုက်မည့် အဖော်မရှိခြင်း အမေအိုကြီးအား ကျွေးမွေးပြုစုရမည့် စရိတ်မရှိခြင်း၊ အမေအိုကြီး ဆုံးပါးသွားပါကလည်း အမေအိုကြီးအား မီးသင်္ဂြိုဟ်ရန် စရိတ်၊ အသုဘ စရိတ်၊ နိဗ္ဗာန်ယာဉ်ငှားခ စရိတ် စသည့် စသည့် ကုန်ကျစရိတ်များ မတတ်နိုင်၍ဖြစ်ကြောင်းဟု နောက်ပိုင်းတွင် သိရှိခဲ့ရတော့သည်။ အမေအိုကြီးမှာ ယင်းဆေးရုံတွင် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ပြီး ပိုင်ရှင်မဲ့အနေဖြင့် ဆေးရုံမှ သင်္ဂြိုဟ်ပေးခဲ့ရသည်။
ထို့ကြောင့် ထိုစဉ်အခါက ဘဘ ဦးသုခသည် အခြားသော (ခရစ်စယာန်၊ ဟိန္ဒူ၊ အစ္စလာမ်) စသည့် ဘာသာများတွင် နာရေးကူညီမှုလုပ်ငန်းများ ရှိနေခဲ့ပြီး မြန်မာပြည်တွင် မြန်မာလူမျိုး ဗုဒ္ဓဘာသာလူမျိုးများ အတွက် နာရေးကူညီမှုလုပ်ငန်းဟူ၍ မရှိသေးသောကြောင့် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စေတနာရှင် လူမှုရေးသမားများနှင့်ပူးပေါင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်) တည်းဟူသော (အခမဲ့) နာရေးကိစ္စများကို ဖေးမကူညီ ထမ်းဆောင်ခဲ့ပါသည်။ 
ထိုအချိန်မှစ၍ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများဖြစ်ပေါ်လာပါက (အခမဲ့) မီးသင်္ဂြိုဟ်ပေးခြင်း၊ အအေးခန်းထားပေးခြင်းတို့ကို အလူမီနီယမ် အခေါင်းများ၊ မှန်ခေါင်းများဖြင့် ကူညီမှုကို လုပ်ဆောင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ပိုင်ရှင်ရှိ သေဆုံးသွားသူများအပြင်၊ ပိုင်ရှင်မဲ့ (အမည်၊ လိပ်စာ၊ မိသားစု) မသိသူများ၏ ရုပ်အလောင်းများကိုပါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သယ်ဆောင်သင်္ဂြိုဟ်ခြင်း၊ သက်ဆိုင်ရာ ရင်ခွဲရုံများသို့ ပို့ဆောင်ပေးခြင်းများကို ပေးဆပ်လျှက်ရှိသည်။ 
ပိုင်ရှင်မဲ့များသည် လမ်းဘေးတွင် သေဆုံးခြင်း (အဆိပ်မိခြင်း၊ လုယက်ခံရခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း)၊ ရေနစ်သေဆုံးခြင်း၊ ရထားကြိတ်သေဆုံးခြင်း၊ ကားတိုက်သေဆုံးခြင်း စသည့်တို့ ဖြစ်သည်။ ယင်းတို့သည် မိသားစုနှင့် တကွဲတပြားဖြစ်နေသော လမ်းဘေးတွင် လေလွင့်နေသော ကလေးငယ်များ လူငယ်/ရွယ်များနှင့် သားသမီးတို့မှ စွန့်ပစ်ခြင်းခံခဲ့ရသည့် မိဘများတို့ဖြစ်ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ဤကဲ့သို့ ဖြစ်ရပ်များသည် မဖြစ်ပေါ်သင့်၊ မမြင်သင့်၊ မကြားသင့်ပေ။ လောကဓံ၏ ရိုက်ပုတ်ခြင်း ဒဏ်ရာဒဏ်ချက်တို့ကို ကြံ့ကြံ့ခံနိုင်ဖို့ အရေးကြီးလှသည်။ အမှန်စင်စစ် ပိုင်ရှင်မဲ့ ဟူသည် မရှိသင့်သော စကားရပ်ဖြစ်သည်။ လူရယ်လို့ လူ့လောကကြီးထဲ ရောက်ရှိလာကတည်းက ပိုင်ရှင်များရှိကြသည်။
မည်သို့ဖြစ်စေ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ တာဝန်မှာ သေဆုံးသွားသူတို့၏ ရုပ်အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးရန်သာ ဖြစ်ပေသည်။ ကမ္ဘာမြေပြင်ပေါ်တွင် အာဏာကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့စစ်ပွဲ၊ အာဃာတကြောင့် တိုက်နေတဲ့စစ်ပွဲ၊ စီးပွားရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လူမှုရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ကျန်းမာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အိမ်ထောင်ရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ရေးကြောင့် တိုက်နေတဲ့စစ်ပွဲ … စတဲ့ စတဲ့ ဝိရောဓိစစ်ပွဲများတွင် ကျဆုံးသွားသော၊ ဆုံးပါးသွားသော သူများ၏ ရုပ်အလောင်းများအား လူလူချင်း စာနာစိတ်မွေးကာ ဗြဟ္မစိုရ်တရားလက်ကိုင်ပြု၍ ကူညီဖေးမသွားကြဖို့ အရေးကြီးလှပေသည်။ ။
ခံစားမှု၏ နိဂုံး
သင်တို့နှင့်ကျွန်ုပ် . . . ဆန့်ကျင်ဘက်ကြီး ဖြစ်ချင်ဖြစ်နေလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . နားလည်မှုတွေ တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . လျှောက်လှမ်းကြသည့်လမ်း တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . ရည်ရွယ်ချက်ခြင်း တူချင်မှတူလိမ့်မည်။
မည်သို့ဖြစ်စေ …. ဤအရာများသည် ခံစားမှုမှ ပေါ်ပေါက်လာခြင်းပင် ဖြစ်တော့သည်။
တကယ်တော့ … ခံစားမှုဟာ
နူးညံ့သိမ်မွေ့တဲ့ ကဗျာစာနုတွေ ထွက်လာသလို
ကြမ်းတမ်းဆိုးမွေ့တဲ့ ကဗျာစာကြမ်းတွေ ပေါ်ပေါက်စေခဲ့တယ်။
တကယ်တော့ … ခံစားမှုဟာ
ငြိမ်းချမ်းရေးသံစဉ်ဂီတတွေ မွေးဖွားစေသလို
ပေါက်ကွဲမှုဂီတသံစဉ်တွေကို ပေါ်ပေါက်စေခဲ့တယ်။
တကယ်တော့ … ခံစားမှုဟာ
သမိုင်းကို ပျက်ရယ်ပြုနိုင်ခဲ့သလို
သမိုင်းရဲ့ အတ္ထုပ္ပတိကို အတည်ပေါက်လုပ်ပြနိုင်ခဲ့တယ်။
တကယ်တော့ … ခံစားမှုဟာ
လူသားများကို ချွတ်ခြုံကျ ငတ်ပြတ်စေနိုင်သလို
လူသားများ တိုးတက်ကြီးပွား အောင်မြင်မှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ … ခံစားမှုဟာ
စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံစိတ်ကို မွေးဖွားနိုင်စေတယ်။
တကယ်တော့ … ခံစားမှုဟာ
ကမ္ဘာမြေပြင်ကြီး သွေးချောင်းစီးစေနိုင်သလို
ကမ္ဘာမြေပြင်ကြီး စိမ်းလန်းသာယာမှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ … ခံစားမှုဟာ
အာဏာရှင်တွေ ပေါ်ပေါက်လာနိုင်စေသလို
အဖိနှိပ်ခံ ပြည်သူတွေကို မွေးဖွားပေးစေခဲ့တယ်။
တကယ်တော့ … ခံစားမှုဟာ
ဒို့အရေးတွေ ပေါက်ကွဲစေသလို
ငြိမ်းချမ်းတဲ့ မေတ္တာပို့သံတွေ လွှမ်းခြုံနိုင်ခဲ့တယ်။
တကယ်တော့ … ခံစားမှုဟာ
လောကကြီးကို ဖြိုခွင်းမယ့် အနုမြူတွေကို ဖော်ထုတ်နိုင်တဲ့ ယမမင်းဖြစ်သလို
လောကကြီးအတွက် ငြိမ်းချမ်းရေးပန်းပွင့်တွေကို ပွင့်စေနိုင်တဲ့ ဥယျာဉ်မှူးဖြစ်တယ်။
တကယ်တော့ … ခံစားမှုဟာ
အဆိုးမြင်ဝါဒများကို မွေးဖွားပေးသော “ဗာလမိခင်” ဖြစ်သလို
အကောင်းမြင်ဝါဒများကို မွေးဖွားပေးနိုင်သော “ပဏ္ဍိတမိခင်” ဖြစ်တယ်။
တကယ်တော့ … ခံစားမှုဟာ
တုံ့ပြန်မှုကို တန်ပြန်စေနိုင်သလို
တန်ပြန်မှုကို ရိုက်ချိုးနိုင်စေတယ်။
တကယ်တော့ … ခံစားမှုဟာ
ဝါဒအစွဲများ ပေါ်ပေါက်လာစေသလို
ဥပေက္ခာဝါဒလည်း မွေးဖွားပေးနိုင်တယ်။
တကယ်တော့ … ခံစားမှုဟာ
သုံးတတ်ရင် “ဆေး”
မသုံးတတ်ရင် “ဘေး”
တကယ်တော့ … ခံစားမှုဟာ
ခံစားခဲ့ကြရတဲ့ အမှုအခင်းလေးပါ။
ကြီးတဲ့အမှုကို ငယ်အောင်လုပ်
ငယ်တဲ့အမှုကို ပပျောက်အောင်လုပ်
ဒါမှ … ခံစားမှု မဇ္စျိမပဋိပဒါ ဥပဒေသ
မြတ်ဗုဒ္ဓရဲ့ ဓမ္မနည်းဥပဒေသ ဖြစ်တော့မှာ။
တကယ်တော့ … ခံစားမှုဟာ
ဖန်ဆင်းရှင်မဟုတ်ဘူး ခံစားမှုသက်သက်သာဖြစ်တယ်။
ခံစားမှုကို အကျိုးရှိအောင် သုံးတတ်ဖို့ပဲလိုတယ်။
ကျွန်ုပ်အတွက်တော့ ခံစားမှုတိုင်းဟာ ငြိမ်းချမ်းမှုပန်းပွင့်တွေကိုဘဲ ပွင့်စေနိုင်ရမယ်။
ဒါကြောင့်, ကျွန်ုပ်၏ ခံစားမှုနိဂုံးဟာ … ကျွန်ုပ်ရဲ့ ငြိမ်းချမ်းမှု
ကျွန်ုပ်၏ ငြိမ်းချမ်းမှုဟာ … ကျွန်ုပ်၏ ထွက်ရပ်လမ်း
ကျွန်ုပ်၏ ထွက်ရပ်လမ်းဟာ … ကျွန်ုပ်၏ ထွက်ပေါက်
ကျွန်ုပ်၏ ထွက်ပေါက်ဟာ … ကျွန်ုပ်၏ ဗြဟ္မစိုရ်တရားပဲ ဖြစ်တော့တယ်။
၂၂.၂.၂၀၁၁ (03:00 am)
ကျော်သူ
(လူမှုရေး … ပြည်သူ့အရေး … နိုင်ငံ့အရေးကို စိတ်ဓာတ်မကျ စိတ်မပျက်ဘဲ စွဲစွဲမြဲမြဲ စိတ်နာနာနဲ့ ဖိလုပ်ခဲ့ရာမှ ၁၀ နှစ်ကျော်ကာလ၊ ၂ လ စွန်းစွန်းအချိန်ကာလမှာ ပေါ်ပေါက်လာတဲ့ ခံစားမှု)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts