ကျော်ဟုန်း

Kyaw Home – Poem

ဆရာကြီးမောင်စွမ်းရည်သို့  ရွှေနားတော်သွင်းခြင်း
ကျော်ဟုန်း
ဇူလိုင် ၁၁၊ ၂၀၁၃


ဆရာစွမ်း …
ဆရာစွမ်းသလောက်
တပြည့် မစွမ်းတာ ခွင့်လွှတ်ပါ။
ခေတ်ကဗျာတွေကိုက
မော်ဒန် ၊ ပို့ စ်မော်ဒန်
ဘယ်ဟာ အမည်တပ်ရမယ်မှန်းမသိ
သနားစရာအတိရယ်လို့ 
ဆရာ ရင်ဖိရှာလေမလား
ခေတ်ကဗျာစာသားတွေကိုက ကွိကွပေသကိုး။
“ကောင်းကင်နံရံကြီးကို အပြားလိုက်ခွာပြီး
ငါ ချဉ်းနင်းဝင်ရောက်ခဲ့တဲ့ လမ်း”
ဒီလိုလေး ရေးလိုက်တဲ့ စာအဖွဲ့ နဲ့ ကဗျာဆို
ဟို အယ်ဒီတာ လူကြီးမင်းတွေကလဲ ကြိုက်
ဒီ အရွယ်ဖော် လူငယ်တွေကလဲခိုက်
ကြည်စရာမြာ ပျိုကညာတွေဆိုလဲ ရွှိုက်
ကိုယ်တိုင်ကလဲ ကြောင်တောင်တောင်နဲ့ ပါဆရာ။
အသံ မပါတဲ့ကဗျာ
ဟန်ပါလို့  တော်ပါသေးသရဲ့။
ကာရံ မသီတဲ့ကဗျာ
စံချီလို့  တော်ပါသေးသဟဲ့။
ဒီလိုမျိုး နှစ်သိမ့်ဖြေတွေး
ရေးမိတဲ့ ကဗြွတ်ကဗျာတွေ
ရည်ရွယ်ရင်းကတော့
အမြီး အမောက် မတည့်တဲ့လောက
အတီး အခေါက် လွဲတဲ့လောက
ပန်းနဲ့ မပေါက်ဘဲ ကဗျာနဲ့ ခေါက်ပါတယ် ဆရာ။
ခေတ်ကိုက (ဖြိုးတင့်ကျက်သရေ) မရှိသမို့ 
ကဗျာတွေလဲ (ဂိုးဂွင့်ဂွက်ဂွေ) ခဲ့ရပါတယ် ဆရာ။
ကာရံတွေမစွဲ
အစာသရံတွေမွဲ
ကဗျာစံတွေလွဲနေလို့ 
မချင့်ရင်ထဲ ရှိရင်းစွဲနဲ့ 
ရတက်ပူတဲ့ ဆရာသခင်။
ခေတ်စမ်းချိန်မို့ ဆိုမရတောင်
ခေတ်ရမ်းချိန်က ကဗျာတွေကို
ဘာအမည် ဘာအမျိုးအစား
သေခြာတပ်ရမှန်း မသိသေးလဲ
ဒီကဗြွတ်များ – အဲလေ- ဒီကဗျာများ
တိုင်းကျိုးပြည်ရွာ လူတို့ ကမ္ဘာတင့်
ပဏ္ဍာဆင့်ရင်ပဲ (တော်ပါပြီ)လို့ 
ဖြေသာတော်တွေး
နေရာတော်ပေးကာ
မျက်နှာတော်လွှဲ
ခဲပစ်ခွင့်သာပေးပါတော့ ဆရာ။   ။

(ဆရာကြီး (မောင်စွမ်းရည်) နှင့် ဖုံးပြောစဉ် ခေတ်ကဗျာအကြောင်း ဆရာ့ပူပင်မှုအတွက် ခံစားရေးဖွဲ့မိသည့်ကဗျာ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts