Uncategorized

Khin Aung Aye – Essay

အ၀ါရောင်ခဲတံအကြောင်း အက်ဆေး
ခင်အောင်အေး
ဇူလိုင် ၁၁၊ ၂၀၁၃


မိတ်ဆွေယခုဖတ်နေသော အ၀ါရောင် ခဲတံ အမည်ရှိ စာသားများကို ခဲတံတစ်ချောင်းနှင့် ရေးသားထားခြင်း မဟုတ်ပါ။ ကိုယ့်မှာ ခဲတံတစ်ချောင်းရှိပါသည်။  အ၀ါရောင်ဖြစ်ပါသည်။ ယခု စာသားများကိုတော့ ကွန်ပြူတာ လက်ကွက်ပေါ်မှာ ရိုက်နှိပ်ထားခြင်းဖြစ်ပါသည်။ သို့သော်မိတ်ဆွေ ကောင်းစွာဖတ်၍ရမည်မြော်လင့်ပါသည်။ ခဲတံနှင့်ရေးသလိုတော့ ကိုယ့်လက်ရေးကို မိတ်ဆွေ မြင်တွေ့ခွင့်ရမည်မဟုတ်ပါ။ ထို့အတွက် ကိုယ့်မှာ စိတ်မကောင်း နည်းနည်းဖြစ်မိပါသည်။ နည်းနည်းဟု တမင်တကာပြောပါသည်။ ခဲတံနှင့်စာမရေးသဖြင့် ကိုယ့်လက်ရေးကို မိတ်ဆွေတို့မမြင်ရခြင်း မှာ ယူကြုံးမရ အော်ဟစ် ငိုယိုရလောက်အောင် အရေးမပါလှသဖြင့်ဖြစ်ပါသည်။ ကိုယ့်မှာ အ၀ါရောင် ခဲတံ တစ်ချောင်းရှိပါသည်။
ထိုအ၀ါရောင်ခဲတံလေးမှာ ကိုယ့်ဆီ ဘယ်လိုရောက်လာခဲ့မှန်းမသိပါ။ တစ်နေ့တွင် အရေးကြီးသောဖုံးနံပါတ်တစ်ခုကို တဖက်လူတစ်ယောက် က ဖုံးထဲမှာ ပေးနေသောအခါက (ဒီနေ့လို အစစ တိုးတက်နေသော ခေတ်ကြီးတွင် ထိုလူက ဖုံး text message function မသုံးတတ်ပါတဲ့) သို့ဖြင့် တိုလီမုတ်စများ တင်လေ့ရှိသော ရေခဲသေတ္တာအမိုးပေါ်မှာ ဘောလ်ပင် တစ်ချောင်းတစ်လေ တွေ့မလားဟု လိုက်ရှာရပါသည်။ ဖုံးကို ပခုံးနှင့် နားရွက်ကြား ညှပ်၍ ကိုယ် ဘောလ်ပင် ရှာနေပုံကို မိတ်ဆွေ မြင်ယောင်မိနေပါသလား။ မဟုတ်ပါ။ ကိုယ် အဲဒီလိုလုပ်ရမှာ အလွန်မုန်းပါသည်။ လက်တစ်ဖက်က ဖုံးကို ကိုင်လျက်နှင့်ပင် ကျန်လက်တစ်ဖက်က ဟိုဟာ မ ကြည့် ဒီဟာ ဖယ်ကြည့်နှင့် ဘောလ်ပင် တစ်ချောင်း တွေ့လိုတွေ့ငြား လိုက်ရှာမိနေခြင်းဖြစ်ပါသည်။ အလွန်မသေချာ မရေရာသောအလုပ်ဖြစ်ပါသည်။ “ခဏနော်”ဟု တစ်ဖက်ကလူ ကို စကားပန်လိုက်ပြီး ဖြစ်နိုင်ချေရှိသောနေရာများမှာ လိုက်ရှာနေရပါသည်။ ခုနင်ကကိုယ်ပြောခဲ့ပါသည်။ အလွန်မသေချာ သော အလုပ်ဖြစ်ပါသည်..ဟု။ ဘယ်အလုပ်ကို ပြောတာလို့မိတ်ဆွေယူဆ မိပါသလဲ။ ဟုတ်ပါသည်။ ဘောလ်ပင် လိုက်ရှာနေသောအလုပ်ကို ပြောနေခြင်းဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ကိုယ်သည် အလွန်စည်းကမ်းမဲ့သူ တစ်ယောက်ဖြစ်ပြီး ပစ္စည်းတခုကို ယူပြီးသော် နေရာတကျပြန်မထားတတ် (၀ါ) ပြန်ထားလေ့မရှိသူတစ်ယောက် ဖြစ်သောကြောင့် ဖြစ်ပါသည်။
သို့ဆိုပင်ဆိုငြားသော်လည်း ကိုယ်သည် အသင်အကြားမဲ့ ကြီးပြင်းလာသူတစ်ယောက်တော့မဟုတ်ခဲ့ပါ။ အလွန်စည်းကမ်းကြီးသော ရှေး ဂျီးဒေါ်ကြီးများအိမ်တွင် တလှည့်စီ နေထိုင်ခဲ့ရသူ တစ်ယောက်ဖြစ်ပါသည်။ မောင်နှမ သားချင်းများထဲတွင် အထီး ဆို၍ တစ်ကောင်ထဲလည်းဖြစ်ကာ စုန်းပြူး ဟုခေါ်ဝေါ်သမုတ်ရအောင် အထိန်းရခက်သည့်သား ဟုလည်း မိဘတွေက လူတကာလာတိုင်း အမောသားကြွားဝါရသူတစ်ယောက်ဖြစ်ပါသည်။ သို့ဖြစ်၍လည်း စည်းကမ်းအရာတွင် နံမယ်ကြီးလှသည့် မြောင်းမြမှ ဂျီးဒေါ်ကြီးထံတွင် ၂ နှစ်ခန့်၊ ရန်ကုန် ကမာရွတ်မှ အအုပ်အထိန်းအရာတွင် ပြောင်မြောက်လှသည့်ဂျီးဒေါ်အငယ် ထံတွင် နွေရာသီကျောင်းပိတ်တိုင်း မဲဇာပို့သလို အပို့ခံခဲ့ရခြင်းဖြစ်ပါသည်။ ယာလဲညက်၊ ကြက်လဲ ပမ်း အစီအစဉ်ဖြစ်ပါသည်။ ကိုယ့်ကိုလဲ အထိန်းအကျောင်းသက်သာစေ၊ စည်းကမ်းကွပ်ညပ်မှုများနဲ့လဲ ထိတွေ့စေ ဆိုသည့် အစီအစဉ်ဖြစ်ပါလိမ့်မည်။ မြောင်းမြ ဂျီးဒေါ်ကြီး၏ ကျောင်းတော်တွင် တသက်မမေ့နိုင်သည့် သင်္ခန်းစာမှာ ပစ္စည်းတခုကို နေရာတကျ ပြန်မထားမိသည့်အတွက်“ယူပြီးပြန်ထား၊ ဖွင့်ပြီး ပြန်ပိတ်” ဟု နှုတ်က အကြိမ် ၂၀ မျှ ဆိုနေရစဉ်အတွင်း လက်သီးဆုတ်ထားသည့် မိမိ လက်ဆစ်များအား ပေတံစောင်းဖြင့် ၁၀ ချက်မျှ အခေါက်ခံရခြင်းဖြစ်ပါသည်။ သင်္ခန်းစာခံယူရပုံကိုသာ တသက်မမေ့ခြင်းဖြစ်ပါသည်။ လက်တွေ့ အကျင့်ကောင်းကလေးကတော့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သည်နှင့် ကြက်ပျောက်ငှက်ပျောက် ဖြစ်ချေတော့သည်တမုံ့။
ဘောလ်ပင် တစ်ချောင်းမျှ မရှိတော့ဘူးလား။ ဘုရားရုပ်ပွားတော် တစ်ဆူ ထီးထီးငေါငေါ စံပယ်နေတော်မူရာ သုံးဆင့် စင်ကလေးနားကို ကပ်လာရပြန်ပါသည်။ ဒီနေရာမှာလဲ စာအုပ် စာရေးကိရိယာဆိုင်ရာများ ထားတတ်သည့် အလေ့ရှိပါသည်။ အမှန်က ဒီမှာ ဘောလ်ပင်တစ်ချောင်း သေချာပေါက်တွေ့မယ်လို့လဲ မြော်လင့်လို့ ရသည်တော့မဟုတ်ပေ။ ရှိလိုရှိငြား စိတ်နဲ့သာ ရှာဖွေမိခြင်းဖြစ်ပါ၏။
တကယ်ဖြစ်နိုင်သည်မှာ ကိုယ်အပြင်ထွက်လျင် လွယ်လေ့ရှိသော အိတ် ၂လုံးအနက် တခုခုတွင်ရှိနေနိုင်ပါသည်။ လမ်းမှာ အရေးအကြောင်း ဆိုလျင် ရေးစရာရှိ ရေးရအောင် ဟူသော အမြော်အမြင်ဖြင့် ယခုလို ထည့်ယူသွားခြင်း ဖြစ်ပါသည်။ တကယ်တော့ အပြင်သွားလျင် ဘောလ်ပင် ဆောင်ယူသွားတတ်ရုံဖြင့် အမြော်အမြင်ရှိလှပြီဟု မပြောဆိုသင့်ပါ။ သို့သော် ဒီစာကို ပြန်ပြင်ရမှာလည်းပျင်းနေမိသဖြင့် ဒီအတိုင်းထားလိုက်ပါသည်။ ပြူးတူးပြဲတဲ ထ ကန့်ကွက်မယ့်သူလဲ ရှိလိမ့်မယ် မထင်မိပါ။ ဤသည်မှာ ရိုးရိုးသားသား ပြောခြင်းဖြစ်ပါသည်။ ကိုယ့်စာကို ဖတ်မည့်သူမှာ များများစားစားလည်း မရှိလှပဲ၊ ခုနင်က ပြောခဲ့သလို ဟိုလူ့စာ လိုက်ဝေဖန် ဒီလူ့စာ လိုက်အပုပ်ချနေတတ်သည့်
မျောက်မီးခြစ် (ဟိုရှို့ ဒီရှို့လုပ်တတ်သူကို သည်လိုပဲ တင်စားခေါ်ဝေါ်တာ ကြားဖူးသည်) လိုလူမျိုးလဲ ကိုယ့်စာဖတ်သူတွေထဲမှာ မပါဝင်ဟု အတပ် ပြောနိုင်ပါသည်။ ကိုယ်သည် ဒီလိုပဲတခါတခါမှာအရဲကိုးတတ်ပါသည်။ အရဲကိုးတယ်ဆိုသည်မှာ တခုခုကို အပိုင်ပြောချလိုက်ခြင်းကို ဆိုလိုပါသည်။
ရထားခိုးစီးတာမျိုး၊ ကိုယ့်ကို သိပ်ဖေဘာ မပေးမှန်းသိသည့် မိန်းကလေးတစ်ယောက်ကို ကြိုးစားကြည့်ခြင်းမျိုးကို မဆိုလိုပါ။
ကိုယ်ဘာတွေ လျှောက်ပြောနေမိမှန်း မသိတော့ပါ။ ဤစာစု၏အစမှာ အ၀ါရောင် ခဲတံတစ်ချောင်းအကြောင်း ပြောမလိုလို ဟန်ပြင်ခဲ့ပါသည်။ သည်စာလုံးများ စာကြောင်းများ စာပိုဒ်များကို ချမရေးမီ တစ်နည်း typing မရိုက်မီကပင်လျင် ကြိုတင်စဉ်းစားခဲ့ပါသည်။ အ၀ါရောင် ခဲတံ တစ်ချောင်းနဲ့ကိုယ်နဲ့ ပတ်သက်ပုံ၊ သူ မမြော်လင့်ပဲ ကိုယ့်ဆီ ရောက်လာပုံ (အမှန်က အ၀ါရောင်ခဲတံ တစ်ချောင်းကိုယ့်မှာ တနေ့နေ့ တချိန်ချိန်က အကယ်ပင်ရှိခဲ့ဖူးပါသည်) နောက် သူပျောက်ကွယ်နေပုံ (သူကိုယ်၌က တမင် ရည်ရွယ်ချက်ဖြင့် ပုန်းအောင်းနေတာလား) ပြီးလျင်တော့ သူ့ကို ဘွားကနဲ ပြန်တွေ့ပုံဖြင့် စာကို အဆုံးသတ်လိုက်ရမည်လား။ အ၀ါရောင် ခဲတံ ကလေး ပို၍ ကြွတက် အသက်ဝင်လာအောင် ဖွဲ့နွဲ့ဖို့ကိုလဲ ကိုယ်မမေ့လျော့ခဲ့ပါ။ ပေါလ် ဂေါ်ဂင် ဆိုသူ ကမ္ဘာကျော် ပန်းချီဆရာကြီး၏အ၀ါရောင် ခရစ်တော် ဆိုသည့် ပန်းချီကား အကြောင်းကို စောင်းပါးရိပ်ခြေ ထည့်ရေးပြပြီး ကိုယ့်ရဲ့ အ၀ါရောင် ခဲတံ ကို လူစိတ်ဝင်စားလာအောင် ရေးမည်ဟု ကြိုတင် ကြံစည်ခဲ့ပါသည်။ စာကိုစပြီး မရေးခင် သို့မဟုတ် စာလုံးတွေကို စပြီး typing မရိုက်ခင်ကပင်လျင် အင်တာနက်ထဲဝင်၍Google Search Engine ထဲမှာ the yellow Christ, painting ဟု ရိုက်ထည့်ကာ ထိုပန်းချီကားအကြောင်း ရှာဖွေခဲ့ပါသေးသည်။ Paul Gauguin ဟု တခါတည်း ရိုက်မထည့်ဖြစ်ခြင်းမှာ စိတ်ထဲက ဒီပန်းချီကားကို ဗင်ဂိုးရေးတာများလား ဟု ဇဝေဇ၀ါ ထင်နေမိသောကြောင့်ဖြစ်ပါသည်။ အဖြစ်အပျက်များမှာ ကြာခဲ့ပြီ။ မဟုတ်ပါ။ ပေါလ် ဂေါ်ဂင်နှင့် ဗင်ဂိုးတို့ အဖြစ်အပျက်များကို ပြောခြင်းမဟုတ်ပါ။ ဒီ ပန်းချီကား အကြောင်း ဖတ်ခဲ့ဖူးသည့် ကိစ္စကို ပြောခြင်းဖြစ်ပါသည်။ ဤသည်မှာလည်း ကိုယ့်ရဲ့ များစွာသောအားနည်းချက်တွေထဲက အားနည်းချက် တစ်ခုဖြစ်ပါသည်။ ထစ်ကနဲ ရှိလျင် လေးလေးပင်ပင် စကားလုံးမျိုးကို မဆီမဆိုင် ကောက်သုံးတတ်သည့် အကျင့်ဖြစ်ပါသည်။ ထားပါတော့..ခုန ပြောနေတာ ဘယ်ရောက်သွားပါလိမ့်။
သည်လိုနှင့် ဘောလ်ပင်ကို တော်တော်နှင့် ရှာမတွေ့နိုင်ခဲ့ပါ။ နောက်ဆုံး အပြင်ထွက်စဉ်က၀တ်သွားသည်ဟု ထင်ရသော သရီးကွာတား ဘောင်းဘီရဲ့ များမြောင်လှသော အိတ်တွေထဲမှာလည်း နှိုက်စမ်းပြီးသွားပြီ။ စောစောက သုံးဆင့်စင်မှာ ရှာနေရာက နောက်ထပ်အဖြစ်အပျက်
များ အဲ နောက်ထပ် ကိုယ် ဆက်လုပ်မိနေပုံ ဘောလ်ပင်ကို အသဲအသန်ရှာနေပုံတို့ကို တောက်လျှောက်ပြောရမည့်အစား မဆိုင်သည့် စာသားများ ပေါလ်ဂေါ်ဂင်တွေ ဗင်ဂိုးတွေ ဆီရောက်သွားမိတာကို နားလည်ခွင့်လွှတ်ပေးဖို့လည်း မိတ်ဆွေအား တိုက်တွန်းလိုပါသည်။ အသေအချာစဉ်းစားကြည့်လျင်တော့ ဂေါ်ဂင်နဲ့ ဗင်ဂိုးတို့အကြောင်း အမြွက်မျှ ပြောမိသည်မှာ အ၀ါရောင် ခရစ်တော်ပန်းချီကားနှင့် ပတ်သက်ဆက်စပ်နေ၍ ဖြစ်ပါသည်။ အ၀ါရောင် ခရစ်တော်ကို ထည့်သွင်း ဖော်ပြရခြင်းမှာလဲ အ၀ါရောင် ခဲတံ ကလေးကို ပို၍ ကြွတက် အသက်ဝင်လာစေလို၍ ဟု အကြောင်းပြခဲ့ပါသည်။ ဤသည်မှာ အကယ်ပင် ကျိုးကြောင်းခိုင်လုံမှုရှိပါရဲ့လား။ စဉ်းစားတွေးတောစရာဖြစ်ပါ သည်။ သို့သော် စာတပုဒ်ကို ဖတ်သည်ဟု ဆိုလျင် မိတ်ဆွေ အနေဖြင့် စာရေးသူက ပြောနေသော အကြောင်းအရာ အပေါ်မှာပဲ တချိန်လုံး စိတ်ငြိကပ်နေတတ်ပါသလား။ ခဏ နားပြီး တွေးကြည့်ရတာမျိုး ၀ါသနာမပါဘူးလား။ ကိုယ် မဆိုင်တာတွေ လျှောက်ရေးမိနေပြီ။ ကိုယ့် စာထဲတွင်အ၀ါရောင် ခဲတံ တစ်ချောင်း အကြောင်းပြောဖို့ အားထုတ်နေခြင်းသာ အဓိက ဖြစ်ပါသည်။ ယခုအခါ ကိုယ်သည် အတန်ငယ် ရိပ်စားမိလာပါပြီ။ ကိုယ်သည် အလွန်ဝေ့လည်ကြောင်ပတ်နိုင်သောစာရေးဝါသနာထုံသူ တစ်ယောက်မျှသာဖြစ်ပါသည်။ ကိုယ်သည် ဘယ်နံရော အခါမျှ အောင်မြင်ကျော်ကြားသော စာရေးသူ (၀ါ) စာရေးဆရာ တစ်ယောက်ဖြစ်လာနိုင်မည် မဟုတ်ပါချေ။
ကိစ္စမရှိပါ။ အောင်မြင်ကျော်ကြားသော စာရေးသူ (၀ါ) စာရေးဆရာ တစ်ယောက်ဖြစ်လာရေးမဖြစ်လာရေးထက် ပို၍ အရေးကြီးသည်မှာ ဘောလ်ပင်တစ်ချောင်းလောက် လက်ထဲ အမြန်ရောက်လာရေးဖြစ်ပါသည်။ လက်ထဲက သရီးကွာတား ဘောင်းဘီကို ပြီးလွယ်စီးလွယ် အ၀တ်လှမ်းစင်ပေါ် ပြန်ပစ်တင်လိုက်ရပါသည်။ ဟယ်လို ဟယ်လို ဟု တယ်လီဖုံး ဟိုဘက်ခြမ်းက လူကို လှမ်း အသံပြုရပါသေးသည်။ တီဗွီစင်ရှေ့မှာ အပုံလိုက်တချို့ ပြန့်ကျဲလျက်တချို့ ရှိနေသောစာအုပ်များထံသို့ အကြည့်ရောက်သွားပြန်ပါသည်။ တစ်ခါဖြင့် နေရာကျပြီ။ ကိုယ်သည် စာအုပ်တွေကြားမှာ ဘောလ်ပင် သို့မဟုတ် ခဲတံ သို့မဟုတ် ရေးစရာတစ်ခုခုကို ညှပ်ထားတတ်ပါသည်။
ဤသည်မှာ ကိုယ့်အကျင့်ပင်ဖြစ်ပါသည်။ နို့ စောစောက အဘယ်ကြောင့် ဒါကို သတိမရသနည်း။လူ့စိတ်ဆိုတာ ခက်ပါသည်။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် အခြေအနေမျိုးမှာ အလွယ်တကူ ပိုင်းခြားဆုံးဖြတ်နိုင်သည့်ကိစ္စမျိုးကို ပူပူထူထူ အချိန်မျိုးမှာ တလွဲတချော် လုပ်တတ်ကြပါသည်။ ဒီနေရာမှ ကြားဖြတ်၍ ကိုယ့်ကိုယ်ကို ပြောရပါပြီ။ မင်းက လူတွေရဲ့ အကျင့်စရိုက် စိတ်သဘာဝ အကြောင်းတွေ ပြောမှာလား အ၀ါရောင် ခဲတံ တစ်ချောင်း အကြောင်း ပြောမှာလား။
မိတ်ဆွေတော့ မသိပါ။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကို စိတ်ပျက်စ ပြုလာပါပြီ။ ကိုယ် ခဲတံတစ်ချောင်း အကြောင်းကို တကယ် မရေးတတ်ဘူးလား။ ကိုယ့်မှာ ခဲတံနဲ့ ပတ်သက်၍ ဘာပြောစရာမှ မရှိဘူးလား။ ပြီးတော့ အတည်ပေါက်ဖြင့် အ၀ါရောင် ခဲတံ ဟု တိတိပပ ဆိုထားလိုက်သေးသည်။ သို့ဆိုလျင် ပြောပါတော့လား ရေးပါတော့ စာရိုက်ပါတော့လား ခဲတံ အကြောင်းကို။ ခုတော့ သည်လို မဟုတ်ပါ။ သို့ပါသော်လည်း စောစောက ဒီစာပိုဒ်ရဲ့ စာကြောင်းရေ ၆ ကြောင်းမြောက်မှာ ရေးထားသည့်အတိုင်းဆိုလျင်တော့ (ကိုယ်သည် စာအုပ်တွေကြားမှာဘောလ်ပင် သို့မဟုတ် ခဲတံ သို့မဟုတ် ရေးစရာတစ်ခုခုကို ညှပ်ထားတတ်ပါသည်။) ဟူသော ၀ါကျမှာ အ၀ါရောင် ခဲတံ အကြောင်းပြောမည့် ကိစ္စနှင့် ဆက်စပ်ပါတ်သက်နေပါသည်။
ကိုယ့်အစီအစဉ်မှာ သည်သို့ဖြစ်ပါသည်။ ကိုယ့်ထံကို လူတစ်ယောက်ဆီက ဖုံးဝင်လာသည်။ သူက ကိုယ့်ကို အရေးကြီးသော ဖုံးနံပါတ်တခု ပေးသဖြင့် လိုက်မှတ်ရန် ဘောလ်ပင်တစ်ချောင်းလိုအပ်လာပါသည်။ ကိုယ်သည် စာရေးလျင် အလွန်စေ့စေ့စပ်စပ် ရေးတတ်သူ တစ်ယောက်ပီပီထိုလူ text message function မသုံးတတ်ကြောင်းကို ပင်လျင် မမေ့မလျော့ ဖော်ပြလိုက်ပါသေးသည်။ ထားပါတော့ ဘောလ်ပင် ရှာရင်း၊ ဘောလ်ပင်ရှာသည့်အကြောင်းရေးရင်းကမှ စာပိုဒ်များကို တည်ဆောက်သွားပြီး စာရေးသူအား ကိုယ့်စာရေးနည်း အတတ်ပညာဖြင့် ဖမ်းစားရန်ရည်ရွယ်ခဲ့ပါသည်။ ထိုရည်ရွယ်ချက် အထ မြောက်သည် မမြောက်သည်တော့ မသိပါ။ စာပိုဒ်တစ်ပိုဒ်လျင်စာကြောင်းရေ ၁၂ ကြောင်းခန့်မှ ၁၈ ကြောင်းလောက်အထိ ပါဝင်သော စာပိုဒ် ၇ ပိုဒ်တိတိကိုချောမွေ့ အောင်မြင်စွာရေးသားနိုင်ခဲ့ပြီး ယခု အခါ ၈ ပိုဒ်မြောက် စာသားများ ချရေးနေကြောင်းသတိချပ်လိုက်မိ၍ပင် ဖြစ်ပါသည်။ တကယ်တော့ စာတပုဒ်တွင် အ၀ါရောင် ခဲတံဟု အစချီထားပြီး အ၀ါရောင် ခဲတံအကြောင်း အကယ်တန္တု ချမရေးမိခဲ့လျင်လည်း သိပ်တော့ ကိစ္စမရှိလှဘူး
ဟု ထင်မြင်မိပါသည်။ အ၀ါရောင် ခဲတံ အကြောင်းမသိလိုက်ရ၍ မိတ်ဆွေမှာ ဘာမှထိခိုက်သွားစရာ အကျိုးယုတ်စရာ မရှိပါ။ မသကာလျင် ဤအကြောင်းသိရမည်ဟု ထင်ထားပြီးကာမှ ဘာမှမသိရသဖြင့် (၀ါ) ဘာမျှ မဖတ်ရသဖြင့် မချင့်မရဲကလေး ခံစားရကောင်း ခံစားရနိုင်ပါသည်။
ရိုးရိုးသားသားပြောရလျင် ကိုယ်သည် အ၀ါရောင် ခဲတံကလေး အကြောင်းကိုသာ အဓိက ပြောလိုရင်းဖြစ်ပါသည်။ သို့ဆိုလျင် အ၀ါရောင် ခဲတံကလေးနဲ့စပ်ဆိုင်သော (၀ါ) အ၀ါရောင် ခဲတံကလေးအကြောင်းဆီသို့ ဆိုက်ရောက်စေမည့် စာသားများကို ပြန်ကောက်ရမည်ဖြစ်ပါသည်။
ကိုယ်ဘယ်လောက် အ၀ါရောင် ခဲတံကလေး အကြောင်း ပြောချင်နေသလဲ ဟုဆိုလျင် ယခုဝါကျ မတိုင်မီ ရှေ့က၀ါကျမှာ – စပ်ဆိုင်သော (ပုဒ်ထီး တခုချပြီးမှ) အ၀ါရောင် ခဲတံ – ဟုဆက်ရေးလျင် ရသော်ငြားလည်း (၀ါ) ဆိုသည့် အသုံးကို တမင် သုံးနှုံးခဲ့ပါသည်။ ဤသည်မှာအ၀ါရောင် ခဲတံကလေးနှင့် ပါတ်သက်၍ ကိုယ်နိုင်သည့်နည်းနှင့် အားထုတ်ခြင်းဖြစ်ပါသည်။ (၀ါ)ဆိုသည့် စကားလုံးကလေးက မိတ်ဆွေနှင့် ကိုယ်နှင့်ကြားမှာ အဖုအထစ်ရှိနေခြင်းများကို နည်းနည်းပါးပါးတော့ ပြေပြစ်စေလိမ့်မည်ဟု ကိုယ်ဘာကြောင့် ယူဆမိပါလိမ့်။ ကိုယ်သည် မိမိချို့ယွင်းချက်များကို သည်လိုပဲ မယောင်ရာဆီလူး လုပ်ရပ်ဖြင့် ဖြေရှင်းလေ့သူ တစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်သွားခဲ့ပြီလော။ သို့ဆိုလျင်တော့ ကိုယ် ၀မ်းနည်းကြေကွဲရမှာ အမှန်ပဲ ဖြစ်ပါသည်။
ကိုယ်အမှန်ပဲ ၀မ်းနည်းကြေကွဲမိပါသည်။ ကိုယ်သည် အလကားနေရင်း စိတ်အားငယ်တတ်သူလည်းဖြစ်ပါသေးသည်။ ကိုယ် သည် အ၀ါရောင် ခဲတန်ကလေး အကြောင်း ရေးကွင်းရေးကွက်ကို သည်လိုစဉ်းစားထားပါသည်။ မိတ်ဆွေက ဖုံးနံပါတ်တခု ဖုံးထဲကပေး (ကိုယ် အမြန်ပဲ ပြောပါမည်) လိုက်မှတ်ဖို့ ဘောလ်ပင် လိုက်ရှာ၊ ကိုယ်က စည်းကမ်းမရှိသူဖြစ်၊ ဘောလ်ပင် ရှာမတွေ့။ မိတ်ဆွေကို ဟဲလိုဟဲလို ဟု လှမ်း၍ အသံပြု။ ဖုံးထဲက တီ တီ တီ တီ ဟူသော သံတို သံပြတ်တွေ တရစပ် ထွက်လာတော့မှ ဖုံးကျသွားခြင်း သို့မဟုတ် သူငယ်ချင်းက စိတ်မရှည်တော့သည့် အဆုံး ဖုံးကို ချသွားခြင်းဖြစ်နိုင်ကြောင်း သတိမူမိပါတော့သည်။ သူ့ဖုံးထဲမှာ ပိုက်ဆံ ကုန်သွားခြင်းလည်း ဖြစ်နိုင်ပါသည်။
ဤအတိုင်းသာ ဆိုလျင်တော့ သူငယ်ချင်းသည် ကိုယ့်ကို တော်တော် စိတ်ဆိုးမည်ဖြစ်ပါသည်။ကိုယ်ကတော့ နောင်မှာ သူနဲ့ ဒီအကြောင်းပြောဖြစ်ကြတဲ့အခါ မင်းကမှ text message မပို့တတ်ပဲ ဒီလိုပဲ ဖြစ်မှာပေါ့ ဟု နှုတ်လှန်ထိုးရန် ကြိုတင်ပြီး စဉ်းစားလိုက်မိပြီးဖြစ်ပါသည်။ ကိုယ်သည် မလိုတော့ပေသည့် လုပ်လက်စအလုပ်ကို ယောင်ယမ်း၍ ဆက်လုပ်နေမိပါသည်။ စာအုပ်ပုံကို လှန်လှော၍ဘောလ်ပင် တစ်ချောင်း ရှာသည့် အလုပ်ကို ဆိုလိုပါသည်။ ထိုအခိုက်မှာပဲ မောင်သာနိုးဘာသာပြန်ရှင်းလင်းရေးသားသော တောမှော်ရုံလမ်း စာအုပ်ကို ကောက်ကိုင်မိလိုက်ပါသည်။ စာအုပ်မှာ ဖုတုတုဖြစ်နေသည့်အတွက် ခု နေသည့်စာမျက်နှာကို လှန်လိုက်သည့်အခိုက်တွင် အ၀ါရောင် ခဲတံကလေးတစ်ချောင်းသည် စာအုပ်ထဲမှ လျှောကနဲ ထွက်ကျလာပါတော့သည်။
မိတ်ဆွေတို့ကို ဒုက္ခပေးမိသလိုဖြစ်ခဲ့ပါသည်။ ယခု အ၀ါရောင် ခဲတံကလေးကိုတွေ့ပါပြီ။ ထိုအ၀ါရောင်ခဲတံလေးမှာ ကိုယ့်ဆီ ဘယ်လိုရောက်လာခဲ့မှန်းမသိပါ။ ဘယ်တုန်းကတည်းက ရှိနေခဲ့မှန်းလည်း မသိပါ။ အ၀ါရောင် ခဲတံ ဆိုသည့်အမည်ဖြင့် စာတပုဒ် ရေးမည်ကြံခဲ့စဉ်ကလည်း ကိုယ့်မှာအ၀ါရောင် ခဲတံတစ်ချောင်းရှိနေတာကို မေ့လျော့နေခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ မိတ်ဆွေယခုဖတ်နေသော အ၀ါရောင် ခဲတံ အမည်ရှိ စာသားများကို ခဲတံတစ်ချောင်းနှင့် ရေးသားထားခြင်းမဟုတ်ပါ။ ကိုယ့်မှာ ခဲတံတစ်ချောင်းရှိပါသည်။  အ၀ါရောင်ဖြစ်ပါသည်။ ယခု စာသားများကိုတော့ကွန်ပြူတာ လက်ကွက်ပေါ်မှာ ရိုက်နှိပ်ထားခြင်းဖြစ်ပါသည်။ သို့သော်မိတ်ဆွေ ကောင်းစွာဖတ်၍ရမည်ဟု မြော်လင့်ပါသည်။ ခဲတံနှင့်ရေးသလိုတော့ ကိုယ့်လက်ရေးကို မိတ်ဆွေ မြင်တွေ့ခွင့်ရမည်မဟုတ်ပါ။ ထို့အတွက် ကိုယ့်မှာ စိတ်မကောင်း နည်းနည်းဖြစ်မိပါသည်။ နည်းနည်းဟု တမင်တကာပြောပါသည်။ ခဲတံနှင့်စာမရေးသဖြင့် ကိုယ့်လက်ရေးကို မိတ်ဆွေတို့မမြင်ရခြင်း မှာ ယူကြုံးမရ အော်ဟစ် ငိုယိုရလောက်အောင် အရေးမပါလှသဖြင့်ဖြစ်ပါသည်။ ကိုယ့်မှာ အ၀ါရောင် ခဲတံ တစ်ချောင်းရှိပါသည်။
ခင်အောင်အေး

၂၇၊ နိုဝင်ဘာ၊ ၂၀၁၁ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၀း၅၅ နာရီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts