>birthday

>

မွေးနေ့
အရှင်ဉာဏိက

မတ် ၇၊ ၂၀၀၉

ဖေဖော်ဝါရီလ ၁၁ ရက်။ အဲဒီနေ့က ကိုယ့်မွေးနေ့။ သူသူငါငါ ပြောရိုးစဉ်လာအရ ပြောရရင်ပေါ့။ ဒါပေမယ့် ကိုယ်က ကိုယ့်ရဲ့ ဒီမွေးနေ့ဆိုတာကို သိပ်ပြီး လေးလေးနက်နက် ထားတတ်သူတော့ မဟုတ်ပါဘူး။ ဒါကလည်း အကြောင်းရှိပါတယ်။ ငယ်စဉ်ကအကြောင်းနဲ့ ကြီးမှ ကြုံရတဲ့ အကြောင်းတွေကလည်း မတူတတ်ဘူးပေါ့။ ငယ်စဉ်ကတော့ ကိုယ်မွေးဖွားကြီး ပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကြောင့်။ ဟုတ်တယ်လေ။ ငယ်စဉ်ဘဝတလျှောက် ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်သူတဦးတယောက်မှ မွေးနေ့ပွဲ ကျင်းပတယ် ဆိုတာကို မတွေ့ခဲ့ဖူးဘူး။ ကိုယ့် ပတ်ဝန်းကျင်က သူတွေထဲက ဘယ်သူမှလည်း သူတို့ မွေးနေ့ဆိုတာကို စကားတရပ်အနေနဲ့ ပြောကြတာကိုလဲ မတွေ့ခဲ့မိဖူးဘူး။ ကုန်ကုန်ပြောရရင် ကိုယ့်ရှေ့က မွေးနှင့်ကြတဲ့သူ အများစုဟာ သူတို့ မွေးနေ့ ဘယ်နေ့ ဆိုတာကိုတောင် အမှတ်မထားသူတွေ၊ မသိသူတွေက ခပ်များများပါ။ ကိုယ်က ဇနပုဒ်သားလေ။ ချက်မှာက ရွှံ့တွေနဲ့။

မွေးနေ့ဆိုတာ အသာထား။ အဖိုးအဖွားအရွယ် လူကြီးပိုင်းတွေဆို သူတို့သားသမီးများ မွေးနေ့ကို ဟိုဂျပန်တွေ ဝင်လာတုန်းက သားကြီးကို မွေးတာလေ။ သမီးအလတ်မကတော့ ရောင်စုံသူပုန်တွေ သောင်းကျန်းတုန်းက မွေးတာပေါ့ စသဖြင့် ရေရာတဲ့ အရာတွေနဲ့ သေချာတဲ့ အရာတွေကို မသေမချာ မှတ်တတ်ကြတာပါ။ ဒီထက်ဆိုးတဲ့ တချို့မှတ်သားမှုမျိုးကိုလည်း တွေ့ဖူးပါတယ်။ ဟိုကောင် တောက်ထိန် မွေးတဲ့နှစ်နဲ့ အိမ်ကနွားပြာမကြီး သားဦးကျတဲ့နှစ်နဲ့ တနှစ်ထဲလေ ဆိုတာမျိုး။ နွားပြာမကြီး သားဦးကျတာ ဘယ်နှစ်လဲ မသိသလို တောက်ထိန် ဘယ်နှစ် မွေးဖွားခဲ့တယ် ဆိုတာကိုလည်း အစရှာမရနိုင်တော့တဲ့ မှတ်သားမှုမျိုးပေါ့။ ရွာလယ်က သူဌေး ဦးရွှေသီးအိမ် ဓားပြဝင်စီးတဲ့ညမှာ အိမ်က အငယ်မ မိရွှေကို မွေးတာလေတဲ့။ ဒေါ်ရွှေရဲ့ မွေးနေ့မှန်ကို သိရဖို့ ဓားပြသတ်လို့ အသက်ပျောက်ခဲ့ရတဲ့ တမလွန်က ဦးရွှေသီးကိုပဲ လိုက်ပြီး မေးရမလို ဖြစ်တဲ့ မှတ်သားမှုမျိုးလည်း မရှားပါဘူး။ ဒီလိုမှတ်သားတတ်တာတွေဟာ အစဉ် အလာ ယဉ်ကျေးမှုလား၊ မယဉ်ကျေးမှုလား။ ကိုယ်တော့ အတိအကျ မပြောနိုင်တာ အမှန်ပါ။ ဒါက အညာက ရွာမှာလေ။ ဘယ်မှာ မွေးစာရင်းမှတ်ဖို့ စာအုပ်နဲ့ခဲတံ ရှိနိုင်ပါ့မလဲ။

ဒီတော့ အဲဒီလို ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းခဲ့ရတဲ့ ကိုယ်က ကိုယ့်မွေးနေ့ကို အလေးအနက် မရှိခဲ့တာ အဆန်းတော့လည်း မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကိုယ်ကတော့ ကိုယ့်ရွာကို မကြာမကြာ ရောက်လာတတ်တဲ့ ရွာနီးချုပ်စပ်က ဗေဒင်ဆရာကြီး ကောင်းမှုကြောင့် ထန်းဖူးဇာတာလေးထဲမှာ ကိုယ့်မွေးနေ့ကို မှတ်တမ်းတင်နိုင်ခွင့်ရခဲ့တယ်။ ဒါတောင် မွေးချိန်ကိုတော့ ညနေ စက်နာရီ ၃ နာရီခန့်ဆိုပြီး ခန့်မှန်းခြေ မှန်းဆမှတ်တမ်းတင်တာကို ခံရပါသေးတယ်။ ဖြစ်ရမှာ ပေါ့။ ကိုယ့်မိဘတွေအိမ်မှာ ကိုယ်အရွယ်ရောက်လို့ သိတတ်ချိန်အထိ စက်နာရီလေး တလုံးတလေမှ ရှိမနေတာကို ကိုယ်သိထားတာပဲ။ ဒီတော့ နေ့စဉ်သုံးနေကျ ညနေစောင်း ထမင်းအိုးတည်ချိန် ဆိုတဲ့ စကားအစား ညနေစက်နာရီ ၃ နာရီခန့်လို့ မှတ်တမ်းတင်ခံရတာကိုကပဲ ကိုယ့်အတွက် အတော်ခေတ်မီစွာ မှတ်တမ်းပြုခံရမှုလို့ ဆိုနိုင်ပါတယ်။ ငါကွ၊ မော်ဒန်လူသားလို့ ဂုဏ်ယူစရာပေါ့။

ခုနောက်ပိုင်း ကြီးပြင်းလာချိန်မှာတော့ ဘာသာရေးစာပေတွေနဲ့ အထိအတွေ့များတာရယ်၊ ကိုယ်ကိုယ်တိုင်လည်း သဘာဝတရားတွေရဲ့ ဖြစ်ပေါ် ပျောက်ကွယ်မှု သဘောတွေကို လက်တွေ့ နားလည်လာလို့ မွေးနေ့ဆိုတာ အပေါ်မှာ အဓိပ္ပာယ် ကောက်ယူပုံ ပြောင်းလဲလာတာရယ်ကြောင့် ကိုယ့်မွေးနေ့ ဖေဖော်ဝါရီလ (၁၁) ရက်ဆိုတာကို ဘဝတခု အတွက် သတ်မှတ်ချက် မှတ်တမ်းထက် ပိုလွန်တဲ့အရာလို့ မခံယူမိတော့ပါဘူး။ ဒါပေမယ့် ဇနပုဒ်သားကိုယ်က မွေးနေ့ ဆိုတာကို အမှတ်ထားတတ်တဲ့ မြို့ပြလူနေမှုကြားမှာ ရှင်သန် လှုပ်ရှားနေတာက ကြာခဲ့ပြီလေ။ ပြောရရင် အသက်ရဲ့ သုံးပုံနှစ်ပုံမျှမကပင် ရှိပြီ။ ဒီတော့ ခေတ်မီလူသားတွေရဲ့ မြို့ပြယဉ်ကျေးမှုက ကိုယ့်အပေါ်ကို အရိပ်ထင်နေခဲ့တာ ကြာပြီ။ ကိုယ်စားခဲ့တဲ့ အစားတွေထဲမှာတောင် မွေးနေ့နဲ့ ပတ်သက်တဲ့ အစာတွေဆိုတာက မနည်းလှတော့ဘူး။ ဒီဖေဖော်ဝါရီလမှာ မွေးတဲ့သူတွေနဲ့ တွေ့တိုင်း သူတို့ကို ကိုယ်လဲ ဖေဖော်ဝါရီလမှာမွေးတာ။ ကိုယ်နဲ့မင်းတို့နဲ့က မွေးလတူတယ်။ ဒီတော့ မင်းတို့က မွေးနဲ့ပွဲကျင်းပ။ ကိုယ်ကမင်းတို့မွေးနေ့ပွဲမှာ လာရောက်စားပေးမယ်လို့ နောက်နောက်ပြောင်ပြောင် ပြောနေကျ။ စိတ်ထဲကလည်း သူတို့အတွက် ဟက်ပီ ဘတ်ဒေး၊ မင်္ဂလာ မွေးနေ့ အခါသမယမှာ အစဉ်သာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့လည်း နက်ရှိုင်းဖြူစင်စွာ တောင်းဆု ဆိုပေးနေကျပါပဲ။ ဒါက ကောင်းခြင်းမင်္ဂလာပဲဟာကိုး။

တကယ်တော့ ကိုယ့်ဆုတောင်းထဲမှာ ရည်ညွှန်းတဲ့ ဟက်ပီဘတ်ဒေးကတော့ အများသတ်မှတ်တဲ့ ဘဝတခုရဲ့ မွေးနေ့ဆိုတာကို ဆိုလိုတာ မဟုတ်ပါဘူး။ တကယ့် သဘာဝတရားတွေရဲ့ မွေးဖွားမှု ဖြစ်စဉ်သဘောကို ရည်ညွှန်းတာပါ။ ဆိုလိုတာက စက္ကန့်ပိုင်းနဲ့အမျှ ဖြစ်ပျက်ပြောင်းလဲနေတဲ့ မွေးနေ့ဆိုတာကို ရည်ညွှန်းတာပါ။ ဒီတော့ စက္ကန့်တိုင်း မိနစ် တိုင်း နာရီတိုင်း နေ့တိုင်း လတိုင်း နှစ်တိုင်း ပျော်ရွှင် ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးတာပါ။ အချိန်တိုင်းဟာ ရွှေလေ။

ခုလို ဖေဖော်ဝါရီလမှာ မွေးခဲ့သူတွေအတွက် ဆုတောင်းပေးပေမယ့် ကမ္ဘာလောကဓာတ်ကြီး တခုလုံးရှိ သတ္တဝါတွေ အားလုံးကိုလည်း စက္ကန့်ပိုင်း မိနစ်ပိုင်း နာရီပိုင်းနဲ့အမျှ ပျော်ရွှင် ချမ်းမြေ့စေချင်တာပါ။ သို့ပေမယ့် တောင်းဆုဆိုတာက တောင်းဆုပဲလေ။ ကိုယ်ဖြစ်စေချင်သလိုတော့လည်း ဘယ်မှာ အရာအားလုံး ပြည့်လာနိုင်ပါ့မလဲ။ ဆုတောင်းမှုရဲ့ နောက်မှာ လက်တွေ့ကျတဲ့ လုပ်ရပ်ကလဲ လိုက်ပါပါမှ တောင်းဆုဆိုတာက ပြည့်လာနိုင်မယ် မဟုတ်လား။ ဒီတော့ ကမ္ဘာလောကဓာတ်ကြီး ချမ်းမြေ့သာယာ ရှိနိုင်စေဖို့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ စွမ်းနိုင်သလောက် ပါဝင်ကူညီ လုပ် ကိုင်ပေးဖို့လိုတာပေါ့။ ကိုယ်က ဘာလုပ်ပေးနိုင်သလဲ။ ဘယ်အရာမှာ ကျွမ်းကျင်သလဲ။ အနည်းဆုံး တခုတော့ ရှိရမှာပေါ့။ လူသားတယောက်ပဲဟာ။

ကိုယ့်မှာ နှစ်ပေါင်းများစွာ လေ့လာဆည်းပူးထားတဲ့ အသိပညာတွေရှိတယ်။ ဒီအသိပညာတွေကို အရင်းပြုလို့ ကိုယ်လုပ်နိုင်တာကို လုပ်ပေါ့။ နောက်ပြီး ကိုယ် လေ့လာသိမှတ်ထားတာတွေကို အခြားသူများကိုလည်း လက်ဆင့်ကမ်း ဖြန့်ဝေပေါ့။ ကိုယ်က အပြောမှာ အားသန်သလား။ ဟင့်အင်း။ သိပ်ပြီး စကားများများ မပြောချင်ပါဘူး။ စကားပြောလည်း မကောင်းဘူး။ ကိုယ်ကာယ ခွန်အားကို ရင်းကာ တခုခု လုပ်ပေးနိုင်မလား။ ဒါကလဲ နေရာတိုင်းအတွက် သင့်မယ်မထင်ဘူး။ ဒါဆို ရေးနိုင်မလား။ ရေးတတ်သလား။ ဒါဖြစ်နိုင်တယ်။ ကိုယ်ရေးသမျှကို သည်းခံဖတ်ကြသူတွေ ရှိတယ်။ သူတို့ ကံကောင်းတာပေါ့။

နောက်ပြီးလည်း ကိုယ့်ရေးသားမှုတွေက သူတို့အတွက် အသုံးဝင်တယ်၊ ဆက်ရေးပါလို့ အားပေးသူတွေလည်း တော်တော်များများ ရှိတယ်။ ဒါဆို မဆိုးဘူး။ ကိုယ် ဒီဘက်မှာ လုပ်လို့ရနိုင်မယ်။ ဒါဆိုလုပ်ပေါ့။ ခုလဲ ရေးနေတာပဲ မဟုတ်လား။ ဟုတ်တယ်။ ဒါပေမယ့် နည်းနေသေးတယ်။ နောက်ပြီး ကိုယ်သိထားသမျှရဲ့ တကယ့် အနည်းငယ်မျှသော ရာခိုင်နှုန်းလေးလောက်သာ ရေးနေခြင်းဖြစ်တယ်။ ဒါဆို သူများတွေကို ကူညီလိုရင် များများရေးပေါ့။ အချိန်ပဲ ပေးရတာလေးများ။

ရေးနေတာပဲရှိတယ်။ လက်တွေ့ဖြင့် မလုပ်ဘူးလို့ တယောက်က ပြောပါပြီတဲ့။ ဒါဆို ကိုယ်ကသူ့ကို ဘယ်လို နားလည်အောင် ရှင်းပြနိုင်မလဲ။ သြော် ဒါများ လွယ်လွယ်လေး။ အဲဒီလို ရေးနေတာကိုက လက်တွေ့လုပ်နေတာပဲလေ။ စာရေးသူက စာရေးတဲ့အလုပ်ကို လုပ်နေတာဟာ သူ့အလုပ် သူ လက်တွေ့လုပ်နေတာပဲပေါ့။ ကိုယ့်ဟာကို ခုလိုပြန် ထောက်ခံချက် ပေးလိုက်တော့လဲ ဟုတ်သလိုရှိသား။ နိပ်ဟ။

တကယ်တော့ အများအကျိုးကို များများ လုပ်နိုင်ဖို့ဆို ရာထူးအာဏာရင်လည်းရှိမှ။ ဒါမှမဟုတ် စည်းစိမ်ဥစ္စာရင်လည်း ပေါမှ။ သို့မဟုတ်ရင်လည်း ထင်ပေါ်ကျော်ကြား လူသိများမှ။ ကိုယ့်ဆီမှာ အဲဒီအချက်တွေထဲက တချက်မှ ရှိမနေဘူး။ ဆိုတော၊့ စဉ်းစားစမ်း၊ စဉ်းစားစမ်း။ ကိုယ်ပေးနိုင်တာ ဘာများ ကိုယ့်ဆီမှာ များများရှိနေသလဲ။ ဟင်း။ မေ့နေလိုက် တာ။ ကိုယ့်မှာ ထားစရာ မရှိလောက်အောင်ကိုပဲ ပိုလျှံ များပြားနေတဲ့ အကြင်နာတွေ၊ မေတ္တာတွေ ရှိနေတာပဲဟာ။ ဒါတွေကို မျှဝေပေးလို့ ရနိုင်တာပဲ။ နောက်ပြီး ဒီအရာတွေ ဆိုတာကလည်း ပေးလို့လျော့သွားတာမျိုး မဟုတ်သလို ချိန်ခါမရွေး တိုးပွားလာအောင် ပျိုးထောင် စိုက်ပျိုးလို့ ရနိုင်တာမျိုးပဲဟာကို။ ပေးလိုက်ပါ့၊ ဖြန့်လိုက်ပါ့၊ အားရပါးရ။ လို အပ်သမျှ။

တို့တွေ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကြီးတွေကို မလုပ်နိုင်ပေမယ့် သေးငယ်တဲ့အရာတွေကို ကြီးကျယ်ခမ်းနား တဲ့ အကြင်နာ မေတ္တာနဲ့တော့ လုပ်နိုင်ပါတယ်-တဲ့။ ဘယ်လောက် မှတ်သား လိုက်နာဖို့ ကောင်းတဲ့ စကားလဲ။

ကိုင်း စာဖတ်သူ ၊ သင်(မင်း)က ဖေဖော်ဝါရီလ မွေးလား။ ဒါဆို ဒီစာက သင့်(မင်း)အတွက် အမှတ်တရ မွေးနေ့လက် ဆောင်။ သင်(မင်း)က အခြားလတွေမှာ မွေးသူလား။ ဒါဆို ဒီစာက သင့်(မင်း)အတွက် လူတွေ သတ်မှတ်တဲ့ မွေးနေ့ အစား၊ စက္ကန့်မလပ် တရစပ် ဖြစ်ပျက်နေတဲ့ သဘာဝတရားတွေရဲ့ မွေးစဉ်ကို ယူပြီး သင့်(မင်း) မွေးနေ့လို့ပဲ သတ်မှတ် လိုက်ပေါ့။ ဒါမှမဟုတ်လည်း မွေးနေ့ရှင် ကိုယ့်ရဲ့ ဧည့်ခံစာလို့ မှတ်လိုက်ပေါ့။ သင့်ရဲ့ အချိန်တိုင်းမှာ ပျော်ရွှင် ချမ်းမြေ့ခြင်းသာ အတိဖြစ်ပါစေပေါ့။ ဘယ်လောက်ကောင်းသွားလဲ။ သိတယ်လေ။ အကြင်နာဆိုတာ လူသားတိုင်းနဲ့ တန်တဲ့ အရာ။ မေတ္တာဆိုတာ လူသားတိုင်းအဖို့ အသုံးဝင်တဲ့အရာ။ လူသားတိုင်း လူသားတိုင်း ပျော်ရွှင်ချမ်းမြေ့မှုကို တမ်းတ ခုံမင်တတ်တာ။ ဒါ မျှော်လင့်ကောင်းတဲ့ အလိုဆန္ဒပဲဟာ။ ဒါကြောင့် အစဉ်ထာဝရ ပျော်ရွှင်နိုင်ပါစေကြောင်း အမှတ်ရတိုင်း အားလုံးအတွက် ကိုယ်က ဆုတောင်းပေးနေမှာ။ ရေးနိုင်သမျှလည်း ရေးနေမှာ။ လုပ်နိုင်မျှလည်း လုပ်ပေးနေဦးမှာ။ နောင် နှစ်ပေါင်းများစွာ ရှည်ကြာကြာ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts