>9 year passing of Poet Zaw (Pyinmanar)

>

ကဗျာဆရာ ဇော်(ပျဉ်းမနား) ကွယ်လွန်ခြင်း ၉ နှစ်ပြည့် ဆွမ်းကျွေး

မိုးမခ အထောက်တော် (ရန်ကုန်)

မတ် ၄၊ ၂၀၀၉

ပြီးခဲ့သည့် မတ်လ ၁၊ ၂၀၀၉ က ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်၊ သုဓမ္မာရုံကျောင်းတိုက်၊ အောင်မေတ္တာကျောင်းဆောင်မှာ ကဗျာဆရာ၏ ကျန်ရစ်သူ မိသားစု၊ ကဗျာဆရာမိတ်ဆွေနှင့် ကဗျာဆရာများ စုဝေးပြီး ဆွမ်းကျွေးအလှူပြုခဲ့ကြသည်ဟု ဆိုသည်။

တက်ရောက်လာသည့် ကဗျာဆရာများထဲမှ ညွန့်သစ်၊ အောင်ဇင်မင်း၊ ကိုခါး(ကွမ်းခြံကုန်း)၊ သူရဇော်တို့က ကဗျာများ အမှတ်တရ ရွတ်ဆိုကြသည်ဟု သိရသည်။ နံနက်ပိုင်း ၁၀ နာရီက စတင်သည့် အလှူပွဲသည် နေ့လည် ၂ နာရီခန့်တွင် ကဗျာရွတ်ဆိုပွဲနှင့် အဆုံးသတ်ခဲ့သည်ဟု ဆိုသည်။

ဇော် (ပျဉ်းမနား) သည် မိုးဝေကဗျာအုပ်စုက ထင်ရှားသူ ဖြစ်သည်။ မောင်လေးအောင်၊ မောင်သင်းခိုင်၊ သခွပ်နီ၊ မောင်သွေးသစ်တို့နှင့် ခေတ်ပြိုင် ကဗျာဆရာတဦး ဖြစ်သည်။ မဆလခေတ်အစောပိုင်း ခေတ်ကို ထင်ဟတ်ခံစား သရုပ်ဖော်သော ခေတ်ပေါ်ကဗျာများ ရေးသားခဲ့သည်။ ထင်ရှားသောကဗျာများမှာ – ပျဉ်းမနားမေတ္တာစာ၊ မနာလိုစရာကောင်းတဲ့ ဦးခေါင်း၊ မိကြုံ နဲ့ ဟေမန္တဓာတ်ပြား စသည်တို့ဖြစ်ကြောင်း ကဗျာဆရာ အောင်ဝေးက မိုးမခသို့ ပြောကြားသည်။

“ဆရာရဲ့ ဇာတိက သပြေလှရွာဗျ။ ပျဉ်းမနားအ၀င်မှာ ရှိတယ်။ အခု ပျဉ်းမနားကို နေပြည်တော်ကြပ်ပြေးက ၀င်ပြီး ကျူးကျော်တော့ အဲဒီ ရွာကလေးတောင် ရှိသေးရဲ့လား မသိတော့ပါဘူးဗျာ …” ဟု ကဗျာဆရာအောင်ဝေးက မှတ်ချက်တခုပေးခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts