>past and present

>

ယခင်နှင့် ယခု
အရှင်ဉာဏိက
ဖေဖော်ဝါရီ ၂၃၊ ၂၀၀၉


ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်။ အဲဒီတုန်းက လူသားတွေ တွေးခဲ့တဲ့ အတွေးအခေါ်နဲ့ အပြု အမူ။ လူ့ဖြစ်စဉ်လအဆင့်ဆင့် ပြောင်းလဲပုံကို ပြောတဲ့အခါတိုင်း ပညာရှင်များက ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်နဲ့အတူ စိတ်ပိုင်းဆိုင်ရာ တွေးခေါ် မြော်မြင်မှုတွေ တိုးတက်လာပုံကိုပါ ထည့်သွင်း ပြောဆိုလေ့ ရှိတတ်တယ်။ လူ့ယဉ်ကျေးမှု ဖြစ်စဉ်တွေ ဘယ်လောက် တိုးတက် ပြောင်းလဲလာခဲ့သလဲ။ ဆင်ခြင်ကြည့်ပါဦး။
မဃလုလင်ရဲ့အတွေး – လောကမှာ မွေ့လျော်ရာ နေရာမျိုးဆိုတာ လူတိုင်း နှစ်သက်တယ်။ ဘယ်သူတဦးတယောက်မှ မွေ့လျော်ဖွယ်ကောင်းတဲ့ အရာကို မနှစ်သက်သူ မရှိဘူး။ ဒီတော့ ဒီနေ့ကစပြီး သူတပါးတွေ မွေ့လျော် နိုင်စေဖို့ မကောင်းတဲ့ လမ်းတွေကို ကောင်းအောင် ပြုပြင်မယ်။ အိုဟောင်းနေတဲ့ ဇရပ်တွေကိုလည်း အသစ်ဖြစ်အောင် ပြန်လည်ပြုပြင်မယ်။ တဦးက ဒီလိုတွေးတယ်။

အခြားတဦးကတော့

ရွာသူကြီးရဲ့ အမြင် – အိမ်ရာတည်ထောင် လူ့ဘောင်မှာ နေတဲ့သူတွေဆိုတာ ခုလို ကောင်းမှုလုပ်ငန်းတွေချည်းကိုသာ လုပ်နေဖို့ မသင့်ဘူး။ တောကနေပြီး အမဲသားငါးတွေ ရအောင်လုပ်ဖို့၊ သေရည်သေရက် သောက်စားကာ အပျော် ကြူးနေဖို့၊ ဒါမှ မဟုတ်လဲ အထူးထူး အပြားပြား လုပ်ဖွယ်ရှိတဲ့ အလုပ်တွေကိုပဲ လုပ်နေဖို့သင့်တယ်။

စာရေးသူရဲ့ အတွေးအမြင် – မနက်ဖန်မှာ သင်ကြားပေးရမယ့် ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ၊ ဒေလီစီးတီးမြို့၊ ထေရဒါဒဓမ္မအသင်း ဓမ္မသင်တန်းအတွက် ဓမ္မပဒလာ မဃဝတ္ထုကို ဖတ်ဖြစ်တယ်။ ဒီဝတ္ထုထဲမှာပါတဲ့ ဇာတ်လမ်း တပိုင်းက ဒီလိုပါ။ သိကြားမင်းလောင်းဖြစ်တဲ့ မစလရွာသား မဃလုလင်နဲ့ မိတ်ဆွေ ၃၃ ယောက်အဖွဲ့က အများ ပြည်သူ အဆင်ပြေပြေ ချောချောမွေ့မွေ့ နေထိုင်နိုင်စေဖို့ ကောင်းမှုကောင်းရာ လုပ်ရပ်တွေကို အားကြိုးမာန်တက် လုပ်ဆောင်ကြတယ်။ ‘လောကမှာ မွေ့လျော်ရာ နေရာမျိုးဆိုတာ လူတိုင်းနှစ်သက်တယ်။ ဘယ်သူ တဦးတယောက်မှ မွေ့လျော်ဖွယ်ကောင်းတဲ့အရပ်ကို မနှစ်သက်သူ မရှိဘူး။ ဒီနေ့ကစပြီး သူတပါးတွေ မွေ့လျော်နိုင်စေဖို့ မကောင်းတဲ့ လမ်းတွေကို ကောင်းအောင် ပြုပြင်မယ်’ ဆိုတဲ့ ကောင်းမြတ်တဲ့ အတွေးကို ရှေ့တန်းတင်လို့ပေါ့။

ဒါကို မကြည့်လို မမြင်လိုတဲ့ မစလရွာသူကြီးက သူတို့လုပ်ရပ်တွေကို တားမြစ်ပိတ်ပင်တယ်။ နောက်ပြီး သူကြီးက ‘အိမ်ရာတည်ထောင် လူ့ဘောင်မှာ နေတဲ့ သူတွေ ဆိုတာ ခုလို ကောင်းမှုလုပ်ငန်းတွေချည်းကိုသာ လုပ်နေဖို့ မသင့်ဘူး။ တောကနေပြီး အမဲသားငါးတွေ ရအောင်လုပ်ဖို့၊ သေရည်သေရက်တွေ သောက်စားကာ အပျော်ကြူးနေဖို့၊ ဒါမှ မဟုတ်လည်း အထူးထူး အပြားပြား လုပ်ဖွယ်ရှိတဲ့ အလုပ်တွေကိုပဲ လုပ်နေဖို့ သင့်တယ်’လို့ ပြောတယ်။ မဃတို့အဖွဲ့ မူးယစ်သောက်စားကာ ပျော်ပါးနေစဉ်က သူတို့ကို အမှီပြုလို့ မူးယစ်ခွန်တွေ ရတယ်။ အမှုအခင်းဖြစ်တော့ လဘ် လက်ဆောင်ပဏ္ဍာလည်း သူကြီးမှာရတယ်။ ခု မဃတို့ ကောင်းတာတွေ လုပ်နေတော့ ဒါတွေ မရနိုင်တော့ဘူးပေါ့။ နောက်ပြီး ကောင်းမှု ကောင်းရာ လုပ်တဲ့သူဆိုတာ ချစ်ခင်သူများမယ်။ အများတကာရဲ့ လေးစားမှုကိုလည်း ခံရမယ်။ ဒါက သဘာဝပဲဟာ။ ဒါပေမယ့် တဦးတယောက် ခုလို မိတ်ဆွေများလာတာ၊ ချစ်ခင်သူ ပေါလာတာက သူ့အတွက် အန္တရာယ်တခုလို့ သူကြီးက မြင်ဟန်ရှိတယ်။ သူပြောတဲ့အတိုင်း မလိုက်နာတော့ မဃလုလင်တို့အဖွဲ့ ပျက်စီးရာ ပျက်စီးကြောင်းအတွက် ‘ဒီလူတွေဟာ ခိုးဆိုးတိုက်ခိုက် လုယက်နေသူတွေပါ’ ဆိုပြီး အာဏာရှိတဲ့ ဘုရင်ကို သူကြီးက မဟုတ်မမှန် သတင်းပေးကာ ချောပစ်ဂုန်းတိုက်တယ်။

ရှင်ဘုရင်ကလည်း ရွာသူကြီးပြောတဲ့စကားကို စူးစမ်းစစ်ဆေးမှုမပြုဘဲ မဃလုလင်တို့အဖွဲ့ကို ဖမ်းဆီးပြီး ဆင်နဲ့နင်းသတ်ဖို့ အမိန့်ပေးတယ်။ တကယ်တော့ ရှင်ဘုရင်ဆိုတာ တဖက်စကားကိုသာ နားထောင်ရမှာတော့ မဟုတ်ပေဘူးပေါ့။ ဒီလို ရှင်ဘုရင်က အပြစ်ပေးတော့ မဃလုလင်က အပြစ်ဒဏ်ချမှတ်တဲ့ ရှင်ဘုရင်ကိုရော၊ မဟုတ်မမှန် ချောပစ်ဂုန်းတိုက်တဲ့ ရွာသူကြီးကိုရော၊ နင်းသတ်ဖို့လာတဲ့ ဆင်အပေါ်မှာပါ အမျက်မထွက်ဖို့ သူ့မိတ်ဆွေတွေကို ပြောတယ်။ သူတို့မှာ မေတ္တာမှတပါး အားကိုးရာ မရှိပြီမို့ အားလုံးအပေါ်မှာ သန့်စင်စွာ မေတ္တာပွားများကြဖို့ တိုက်တွန်းပါတယ်။ ဒါ ကြောင့် နင်းရန်လာတဲ့ဆင်က သူတို့ကို နင်းသတ်ဖို့ မဝံ့ရဲဘဲ ပထမအကြိမ် ငြင်းဆန်တယ်။ ဒါကို ရှင်ဘုရင်က ဆင်က လူအုပ်ကိုမြင်လို့ ကြောက်လန့်ကာ မနင်းတာဖြစ်မှာ။ လူတွေ မမြင်ရအောင် အဝတ်နဲ့လုံအောင် အုပ်ပြီး ထပ်မံနင်းသတ်လို့ မိန့်ပြန်တယ်။ ရှင်ဘုရင်ရဲ့ ဒီ ဒုတိယ အမှားကတော့ ခွင့်လွှတ်ဖို့ ခက်တဲ့အမှားပါ။ သို့ပေမယ့် ဒီတကြိမ်မှာလည်း ဆင်က နင်းဖို့ ငြင်းဆန်ပြီး ထွက်ပြေးသွားတယ်။ ဒီတော့မှ ရှင်ဘုရင်က အကျိုးအကြောင်း မေးမြန်းပြီး အဖြစ်မှန်ကို သိလို့ မဃလုင်တို့အဖွဲ့ကို လွှတ်ပေးကာ မစလရွာသူကြီး ရာထူးပေး ချီးမြှောက်တယ်။ သူ့ကိုယ်သူလည်း တိရိစ္ဆာန် ဖြစ်တဲ့ ဆင်ကမှ သိတတ်သေး။ သူက အသိဉာဏ်ရှိတဲ့ ရှင်ဘုရင်တပါးဖြစ်နေပြီး တိရိစ္ဆာန်တကောင်လောက်မှ မဆင်ခြင် မစဉ်းစားနိုင်ဘူးဆိုပြီး သူ့ကိုယ်သူ အပြစ်တင်တယ်။ မဃလုလင်တို့အဖွဲ့ကိုလည်း သူ့အပြစ် ခွင့်လွှတ်ဖို့ တောင်းပန်တယ်။

ဒီအဖြစ်အပျက်မှာ ပါဝင်ကြသူတွေရဲ့ ပြောစကားတွေ၊ တွေးခေါ်ယူဆပုံတွေကို ဖတ်နေတဲ့စာ ခဏရပ်ပြီး ဆင်ခြင်မိ တယ်။ ဒီလိုဆင်ခြင်နေမိတာက ဖတ်တဲ့အချိန်ထက် အများကြီး ပိုကြာသွားခဲ့တယ်။ လောကမှာ အမြင်မတူကြသူတွေဆိုတာက နေရာတကာမှာ ရှိပါတယ်။ အမြင်မတူတော့ အသိမတူ။ အသိမတူတော့လည်း ခံစားပုံခြင်း မတူတော့ဘူးပေါ့။ ခံစားပုံခြင်း မတူတော့ အကြိုက်ကမတူ၊ အကြိုက်မတူတော့လည်း သဘောထား တူဖို့က မလွယ်ကူပြန်ပါဘူး။ သဘောထား မတူတော့ ပူးပေါင်းလုပ်ကိုင်ဖို့က ခက်ခဲသွားတတ်ပြန်ပါတယ်။ ယဉ်ကျေးမှုဖြစ်စဉ်မှာ အတူတကွ ပူးပေါင်းကာ အခက်အခဲတွေကို ဖြေရှင်းတတ်ကြတဲ့ သတ္တိမျိုးနွယ်စုတွေသာ ရပ်တည်ရှင်သန်ရစ်ကြ၊ အသိဉာဏ် အဆင့်လည်း တိုးမြင့်လာကြတယ်လို့ ပညာရှင်များက လက်ခံထားကြပါတယ်။ (Evolutionary Process ကို လေ့လာကြည့်ပေါ့)။

သဘောထား မတူတဲ့အရာကို ရာနှုန်းပြည့် တူအောင် ညှိဖို့ ဆိုတာကတော့ ဖြစ်နိုင်ခဲပါတယ်။ သို့ပေမယ့် ကိုယ်နဲ့ သဘောထားမတူသူဟာ ကိုယ့်ရန်သူပဲဆိုတဲ့ လွဲမှားတဲ့ အခြေခံ ယူဆချက် မရှိဘူးဆိုလျှင် မတူတဲ့ သဘောထားတွေကို အနီးကပ်ဆုံး တူညီအောင် ညှိယူဖို့က မဖြစ်နိုင်တဲ့အရာ မဟုတ်တော့ပါဘူး။ အနည်းဆုံး ဦးတည်ချက်တူတဲ့ လုပ်ငန်း တခု ပူးပေါင်းလုပ်နိုင်အောင် တူညီတဲ့အထိ ညှိယူနိုင်ဖို့ ဖြစ်နိုင်ပါတယ်။ ကိုယ့်ဘက်က မြင်တဲ့အမြင်ထက် အခြားဖက်က အမြင်ကိုပါ ထည့်စဉ်းစားပေးဖို့တော့ လိုတာပေါ့။ အသိဉာဏ်မြင့်မှု ဂုဏ်ရည်ထဲမှာ အခြားသူများရဲ့အမြင်ကို ထည့်သွင်း စဉ်းစားခြင်း၊ နားလည်ပေးနိုင်ခြင်းတို့ ပါဝင်ပါတယ်။

ဒီဝတ္ထုမှာ ထုံးစံအတိုင်း အဆုံးမတော့ မဃလုလင်တို့အဖွဲ့ရဲ့ လုပ်ရပ်မှန်တွေကို ရှင်ဘုရင်က နားလည်သွားတယ်။ မဃလုလင်ကိုလည်း မစလရွာသူကြီးခန့်အပ်ကာ အများအကျိုးဆောင် ကောင်းမှုကောင်းရာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ မဃလုလင်တို့အဖွဲ့ကလည်း အသက်ထက်ဆုံး လူသားကောင်းကျိုးပြု လုပ်ငန်းတွေကို လုပ်ကိုင်သွားကြတယ်။ ကွယ်လွန်တဲ့အခါမှာလည်း တာဝတိံသာကို အစိုးရတဲ့ သိကြားမင်း ဖြစ်လာတယ်။ စည်းစိမ် ဥစ္စာ အခြံအရံတွေလည်း အလျံအပယ်နဲ့ပေါ့။ မစလရွာသူကြီးကတော့ သူ့ရဲ့အပြစ်ဒဏ်ကြောင့် ရွာသူကြီးအဖြစ်က လျောချကာ တဆွေမျိုးလုံး မဃလုလင်တို့ထံမှာ တသက်တာ ကျွန်ခံကြရတယ်။ နောက်ဆက်တွဲ ဘဝဖြစ်စဉ်ကိုတော့ မသိရပါဘူး။

ဒီဇာတ်လမ်းကနေ ကောင်းတဲ့အလုပ်ပေမယ့် သဘောမကျနိုင်သူတွေ ရှိတတ်တယ်၊ စိတ်ရှည်သည်းခံကာ ကိုယ့် အလုပ်ကို ဆက်လုပ်က အဆုံးမှာ အောင်မြင်မှုကို ရနိုင်တယ်ဆိုတဲ့ သင်္ခန်းစာကို ထုတ်ယူနိုင်ပါတယ်။ တဖက်မှာလည်း မကောင်းတဲ့လုပ်ရပ်မှာ မကောင်းတဲ့ တန်ပြန်ဆိုးကျိုး ရှိတတ်တယ်၊ ဖုံးကွယ် လှည့်စားထားပေမယ့် အမှန်တရားက အချိန်တန်တော့ ပေါ်လာတတ်တယ်၊ မကောင်းမှုဆိုတာ အသိဉာဏ်ရှိတဲ့ လူသားတွေ မဆိုထားနဲ့ တိရိစ္ဆာန်တွေတောင်မှ မကြိုက်ဖူးဆိုတဲ့ အသိကိုလည်း ဆင်ခြင်ပါက ရနိုင်ပါတယ်။

မဃလုလင်တို့အဖွဲ့နဲ့ မစလရွာသူကြီးအမှုမှာ စီရင်ချက် ဆုံးဖြတ်သူက ရှင်ဘုရင်ကြီးပေါ့။ သူ့ရဲ့ မဆင်မခြင် မှားယွင်း စွာစီရင်ဆုံးဖြတ်ခဲ့မှုကြောင့် အသက်သေလုမတတ် ဖြစ်ရသည်အထိ မဃလုလင်တို့ ဖြစ်ခဲ့ရတယ်။ တကယ်လို့သာ တိရိစ္ဆာန်တကောင်ဖြစ်တဲ့ဆင်က ရှင်ဘုရင်အမိန့်အတိုင်း နင်းသတ်ခဲ့လျှင် ဇာတ်လမ်းက ဘယ်လိုများ ဖြစ်သွားလေမလဲ လို့ စဉ်းစားမိတယ်။ နောက်ပြီးလည်း ယဉ်ကျေးမှု အဆင့်တွေ တိုးတက်လာပါတယ်ဆိုတဲ့ ခေတ်သစ် လူ့အဖွဲ့အစည်းအချို့က လူတော်တော်များများကို ယဉ်ကျေးမှု မဖွံ့ဖြိုးသေးဘူးလို့ သတ်မှတ်ကြတဲ့ ရှေးခေတ်က ဆင်တကောင် စဉ်းစားသလိုမျိုး စဉ်းစားစေချင်မိတယ်။ ခိုင်းသမျှ အမှားကို ခေါင်းညိတ် လုပ်ကိုင်ခြင်းဆိုတာ လူ့စံနှုန်းထဲက အနိမ့်ကျဆုံးသော မိုက်မဲခြင်း လက္ခဏာ တရပ်ပါ။ အပြစ်မရှိတဲ့သူတွေကို အပြစ်ရှိတဲ့သူတွေလို ဘာကြောင့် မိုက်မဲစွာ ဆက်ဆံကြရမှာလဲ။

အပြစ်မဲ့တဲ့ လူပေါင်းများစွာ အသက်ကို သတ်စေလို့ မှားယွင်းကာ စီရင်ဆုံးဖြတ်ခဲ့တဲ့ ရှင်ဘုရင်အတွက် နောက်ဆက်တွဲဖြစ်စဉ်က ဘာလဲလို့ ရေးသားတာ မပါဝင်ခဲ့တဲ့အတွက် ရှင်ဘုရင်ကြီး ဘယ်လိုများ ဖြစ်သွားလေသလဲလို့ သိချင်နေမိတယ်။

မစလရွာသူကြီးအသစ် မဃလုလင်က ကွယ်လွန်ချိန်မှာ အဆောင်အယောင်အပြည့်နဲ့ တာဝတိံသာ နတ်ပြည်ကို အစိုးရတဲ့ သိကြားမင်း ဖြစ်သွားတယ် ဆိုတော့ တိုင်းပြည်သခင်ရှင်ဘုရင်ကြီးက တာဝတိံသာ နတ်ပြည်ရဲ့ အရှင် မဖြစ်ဘူး ဆိုတာတော့ သေသေချာချာ သိရတယ်။ ရွာသူကြီးက နတ်ဘုရင်ဆိုတော့ တိုင်းပြည်အရှင် ဘုရင်ကြီးက ဘာဘုရင်များ ဖြစ်သွားပါလိမ့်။ တနေရာက ဖတ်မိလို့ ဒီအဖြေကို သိလျှင်ဖြင့် ပြောပြစမ်းပါဘိ။ သိချင်စမ်းလှချည့်။ ။

မေတ္တာဖြင့်

အရှင်ဉာဏိက
ဖေဖော်ဝါရီ ၂၁၊ ၂ဝဝ၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts