>Maung Swan Yi – Remembering Poet Lay Maung

>

ကဗျာဆရာ လေးမောင်

မောင်စွမ်းရည်

ဖေဖော်ဝါရီ ၂၀၊ ၂၀၀၉

လေးမောင် (မြင်းခြံ) ဆိုတဲ့ ကဗျာဆရာဟာ “ဖူးကြွေ” ဆိုတော့ ကဗျာဆရာအနေနဲ့ ထင်ရှားကျော်ကြားခွင့် မရခဲ့ရှာပါ။ ဒါပေမဲ့ စစ်အစိုးရလက်ထက် ကိုကိုးကျွန်း အကျဉ်းထောင် အစာငတ်ခံတိုက်ပွဲမှာ ရက်ပေါင်း ၅၀ ကျော် အစာငတ်ခံ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့လို့ အကျဉ်းထောင်သမိုင်းမှာ သူရဲကောင်း အာဇာနည်တဦးအဖြစ် ကျော်ကြားသူပါ။



ကိုကိုးကျွန်း ဆန္ဒပြကြသူတွေထဲမှာ လေထီးဦးအုန်းမောင်၊ သခင်ခင်အောင်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့် စတဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ အကျော်အမော် စာရေးဆရာတွေကြားမှာ ကျနော်နဲ့ ညီအကိုလို ခင်မင်ရင်းနှီးခဲ့ကြတဲ့ လူထုစိန်ဝင်း၊ လူထုဖိုးသံချောင်းနဲ့ လေးမောင် (မြင်းခြံ)တို့လည်း ပါဝင်ခဲ့ကြပါတယ်။လူထုစိန်ဝင်းက သေကောင်ပေါင်းလဲ မကျန်းမာလို့ ပြည်မကို စောပြီး ပြန်ပို့ခံရတဲ့အတွက် အစာငတ်ခံတိုက်ပွဲနဲ့ မတော်တဆကင်းလွတ်သွားခဲ့ရပါတယ်။



မန္တလေးတက္ကသိုလ်ကို လေးမောင်နဲ့ ကျနော် အတူရောက်ခဲ့ကြပါတယ်။ တက္ကသိုလ်ငွေရတုကာလပါ။ ၁၉၅၆ ခုနှစ်မှာ မြင်းခြံမြို့ အမှတ် ၁ အစိုးရအထက်တန်းကျောင်းက ဆယ်တန်းကို အတူ အောင်လာခဲ့ကြပါတယ်။ ကြည်အောင်၊ ညွန့်အေး (အင်းဝ)၊မောင်မိုးသူ၊ ၀င်းကြွယ် စတဲ့ ကဗျာသမားတွေလည်း စုပြုံရောက်လာကြတယ်။ ၁၉၅၃ အောက်တိုဘာအရေးတော်ပုံမှာ အဖမ်းခံကြရသူ၊ ကျောင်းထုတ်ခံကြရသူတွေလည်း ကျောင်းပြန်ဝင်လာကြတယ်။ အဲဒီအထဲမှာ မောင်သာနိုးလည်း ပါလာတယ်။ သူနဲ့အတူ တက္ကသိုလ်ဝင်းနဲ့ ကိုတင်ရွှေ(မုံရွာ)တို့လည်း ပါလာခဲ့ကြပါတယ်။ ကဗျာသမားရယ်လို့ အတော်ကြာမှ သိရသူ နှစ်ဦးက ဘုတလင်ရွေှ့စိုး အမည်ခံ ကိုစိုးဝင်းမောင်နဲ့ လေးမောင်တို့ နှစ်ဦးပါပဲ။



ကျနော်တို့အသုတ်က သမဂ္ဂနဲ့ ကလောင်ရှင်အသင်း တာဝန်ယူပြီးတော့ သူတို့ဆက်ပြီး တာဝန်ယူကြပါတယ်။ မြန်မာစာဂုဏ်ထူးရှင် (၁၉၅၆)နဲ့ မြန်မာစာဂုဏ်ထူးရှင် (၁၉၅၇)ဖြစ်တဲ့ မောင်သိန်းနိုင်နဲ့ တင်မိုးတို့က နောက်တနှစ်မှာ အတူရောက်လာကြပြီး ပေါင်းမိသွားခဲ့ကြလို့ စာပေလောကထဲကို မန္တလေးတက္ကသိုလ်က စာရေးဆရာတွေ တပြုံတမကြီး ရောက်ရှိသွားခဲ့ကြပါတယ်။ အထူးသဖြင့် ကဗျာဆရာတွေပါ။



ကျနော်တို့ တက္ကသိုလ်ကို ရောက်စနှစ်မှာ “ထရစ်ပယ်သရီး” လို့ အင်္ဂလိပ်လိုခေါ်တဲ့ သုံး သုံး လုံး တံဆိပ်၊ ဂျပ်ထူဖုံး ဗလာစာအုပ်ငယ်လေးတွေ ပေါ်ပေါက်ခေတ်စားနေပါတယ်။ အဲဒီစာအုပ်ကလေးတွေကိုယ်စီနဲ့ ကျနော်တို့တတွေ ကဗျာရေးခဲ့ကြပါတယ်။ ကဗျာသမားအားလုံးရဲ့ ခေါင်းအုံးဘေးမှာ ခေါင်းအုံးအောက်မှာ ကဗျာစာအုပ်ကလေးတွေ ရှိတတ်ပါတယ်။ ကြည်အောင်နဲ့ လေးမောင်တို့က ၀ှက်ထားလေ့ရှိပါတယ်။ ကဗျာရေးတယ် ပြောရမှာ ရှက်လို့တဲ့။ ဒါပေမဲ့ နောက်တနှစ် ကိုဘဂျမ်း (တင်မိုး) ရောက်လာတော့ ဘယ် နေလို့ ရမလဲ။ သူက လူချင်းခင်ခင် မခင်ခင်၊ တွေ့သမျှစာအုပ် ယူဖတ်ပါတယ်။ မတွေ့ရင် ခွင့်တောင်းတာ မရှိဘဲ အိပ်ရာဘေးက စာအုပ်ပုံကြီးထဲက စာအုပ်တွေကိုသာမက ဘီဒိုအံဆွဲတွေထဲက သီးသန့်စာဖိုင်တွေကိုပါ ဆွဲဖတ်ပါတယ်။ “ဟာ … ကိုတင်မိုးကလဲ” လို့ပြောရုံကလွဲလို့ ဘာမှ မတတ်နိုင်။



ကိုဘဂျမ်း (တင်မိုး)က ရေစကြိုကနေ တက္ကသိုလ်ဝင်တန်း အောင်လာခဲ့ပေမယ့် သူ့ဇာတိက မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲက ကန်မြဲ ဇဂျမ်း ရွာကြီးကပါ။ ရေစကြိုက စာမေးပွဲ အောင်ပြီး သူ့ရွာပြန်လာခဲ့ပါတယ်။ ဒါကြောင့် တက္ကသိုလ်မှာ မြင်းခြံခရိုင်အသင်းနဲ့ တောင်သာမြို့နယ်အသင်း၊ ရေစကြိုမြို့နယ်အသင်းနဲ့ ကလောင်ရှင်အသင်းတို့မှာပါ အကုန် သူ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ မြင်းခြံသားတွေနဲ့ ဆုံမိကြတာပါ။ တက္ကသိုလ်ရောက်တော့ “တမြို့တည်းသားတွေ” လို ဖြစ်သွားမြဲပါပဲ။



ရောက်စနှစ် (၁၉၅၇ – ၅၈) မှာပဲ ကိုဘဂျမ်းက ကလောင်ရှင်အသင်း ဒုတိယဥက္ကဋ္ဌအနေနဲ့ ပါဝင်လှုပ်ရှားတဲ့အခါ “ကလောင်နံ့” ရတဲ့လူဟူသမျှကို လိုက်လံချဉ်းကပ် စည်းရုးံပါတယ်။ တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းနဲ့ ခရိုင်အလိုက် ကျောင်းအလိုက် ကျောင်းသားဟောင်းတွေ ထုတ်ကြတဲ့ စာစောင်တွေမှာ တွေ့သမျှ ကလောင်နာမည်တွေကို မှတ်သားပြီး မိတ်ဆက်ရင်း ကျနော်နဲ့ စသိတယ်။ ကျနော်ကတဆင့် လေးမောင်၊ လေးမောင်ကတဆင့် ကြည်အောင်တို့နဲ့ သိကျွမ်းလာခဲ့ပါတယ်။ သူတို့ကို ကဗျာတွေ ရေးနေတာ သတိမထားမိသေးပါဘူး။



လေးမောင်နဲ့ ကြည်အောင်က ကျောင်းသားသစ်ဘ၀မှာ ရတနာပုံဆောင် ခေါ်တဲ့ အဆောင်အိုကြီးမှာ အတူနေခဲ့ကြပါတယ်။ သူတို့နှစ်ဦးက စာပေနဲ့ မိတ်ဆွေဖွဲ့မိကြတာ မဟုတ်ဘဲ ဆေးလိပ်နဲ့ စတင် မိတ်ဖွဲ့ခဲ့ကြသူတွေပါ။ ကိုဘဂျမ်းနဲ့ မိတ်ဆွေဖြစ်သွားတော့ သူတို့အိပ်ရာတွေကိုလည်း ကိုဘဂျမ်းက ၀င်အိပ်ပါတယ်။ အိပ်ရာဝန်းကျင်ရှိသမျှ စာအုပ်တွေ ဆွဲဖတ်ရင်း လေးမောင်နဲ့ ကြည်အောင်လည်း ကဗျာရေးမှန်း သိလာခဲ့ပါတယ်။ ကျနော့် အရင် သိခဲ့တာပါ။



လေးမောင်ဆိုတာ ၂ နှစ် ၃ နှစ် လောက်အတွင်း သုံး သုံး လုံး ဗလာစာအုပ်တွေ သူ့အိပ်ရာဘေးမှာ ပုံနေအောင်ရေးပြီးနေပြီ။ နောင်အခါမှာတော့ ဒါတွေနဲ့ပဲ စာအုပ်လိုက်ရေးပြီး သူ့ရည်းစားနဲ့ သူနဲ့ စာအုပ်ချင်း လဲဖတ်ကြပါတယ်။ ကဗျာတွေ အများကြီး ရှိပေမယ့် ဘယ်မှ မပို့ပါဘူး။ ကျနော်တို့ တိုက်တွန်းလို့လည်း မရပါဘူး။ စာနယ်ဇင်းနဲ့ ကျောင်းစာစောင်တွေမှာ ပါခဲ့တာကလည်း အပေါင်းအသင်းတွေ ဆွဲထည့်ကြလို့ ပါခဲ့ကြတာတွေပဲ ဖြစ်ပါတယ်။



ကိုလေးမောင်ကို ကြည်အောင်က “လိုင်မော်ဇီး” လို့ တရုတ်လိုလို၊ ရုရှားလိုလို နာမည်နဲ့ ခေါ်လေ့ရှိပါတယ်။ ကြည်အောင်ကိုတော့ အများက “ကျယ်လောင်” လို့ ခေါ်လေ့ရှိတယ်။ ကြည်အောင်က “လိုင်မော်ဇီး” က ကဗျာတွေ အများကြီးရေးတယ်။ အင်္ဂလိပ်စာအုပ်တွေလည်း အများကြီး ဖတ်တယ်။ တကယ့် “Great Unknown” ပဲ။ ရွက်ပုန်းသီးကြီး ပဲလို့ အားပါးတရ ကြော်ငြာလေ့ရှိပါတယ်။



ဒါပေမဲ့ လေးမောင်က သူဖတ်ထားတဲ့ စာအုပ်တွေအကြောင်းကို ပြန်ပြောလေ့ မရှိပါဘူး။ သူက အပျော်ဖတ်တာ တဲ့။ သူက လျှို့ဝှက်သဲဖိုမဂ္ဂဇင်းတွေ ဖတ်နေရာက ကဗျာတွေ ဖတ်လာတာ တွေ့ရပြန်ပါတယ်။ အုပ်စုတစုလုံး ဖတ်နေတဲ့ တဂိုး၊ အက္ကဘား၊ ခါလစ်ဂျီဘရန်၊ အိုခေယန်း တို့ကိုလည်း ဖတ်ပါတယ်။ ၀တ္ထုကတော့ ရုရှား၊ တရုတ် များပါတယ်။ ပြင်သစ်ဝတ္ထု တချို့လဲ ဖတ်ပါတယ်။ အင်္ဂလိပ် ဖတ်ကြတာပါ။



ကိုလေးမောင်က နေတာ ထိုင်တာ အလွန်ရိုးပါတယ်။ စကားလည်း နည်းပါတယ်။ ညွန့်အေး (အင်းဝ)လည်း စကားနည်းပါတယ်။ ကြည်အောင်ကပဲ အာကျယ်၊ ပါကျယ် ပြောလေ့ရှိပါတယ်။ ဒါကြောင့် သူ့ကို သူငယ်ချင်းတွေက “ကျယ်လောင်” လို့ ခေါ်ကြတာပါ။ တင်မိုးက နှစ်ကိုယ်ကြားလောက်ပဲ အရသာခံပြီး ပြောလေ့ရှိပါတယ်။ ကျနော်က စကားကို တာရှည်လည်း မပြောချင်၊ တာရှည်လည်း နားမထောင်ချင်။ ရောမ၊ ခေါမခေတ် အဆောက်အဦနဲ့ တူတဲ့ အဆောင်မကြီးရဲ့ လှေကားထစ်တွေပေါ်မှာ၊ လရောင်အောက်မှာ တင်မိုးနဲ့ ၀င်းကြွယ်တို့ သီချင်းဆိုကြတာကို နားထောင်ရတာ နှစ်သက်ပါတယ်။ သူတို့ ၂ ယောက်က သီချင်းကြီးတွေကိုပါ ဟဲ တတ်ကြပါတယ်။ မောင်သာနိုးကတော့ မြိုင်ထ အဆိုကောင်းပါတယ်။ ကျန်တဲ့လူတွေက တယောက်မှ မဆိုတတ်ကြပါဘူး။ ကိုလေးကတော့ တီးတတ် ဆိုတတ်ပေမယ့် ဖဲဝိုင်းသွားနေတာ များပါတယ်။ ကျနော်တို့နဲ့ မတွဲပါ။



လေးမောင်က အသားမည်းတယ်။ စကားနည်းတယ်။ မျက်ခုံးထူတယ်။ နှာတံပေါ်ပေါ်နဲ့ ဆိုတော့ ကုလားလူမျိုးဆိုရင် ယုံမယ်။ သူ့အဖေနဲ့တူတယ်။ ညီအကို မောင်နှမတွေဟာ ရုပ်ချင်တူကြလို့ ဘယ်သူမှ မပြောရဘဲ မောင်နှမမှန်း သိကြပါတယ်။ လေးမောင်က စကားနည်းရုံမက အလည်အပတ်လည်း နည်းပါတယ်။ ကြည်အောင်နဲ့ပဲ တွဲပြီး စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ဆေးလိပ်တလိပ်စီ လက်ကြားညှပ်ရင်း သွားတာများပါတယ်။



လေးမောင်ငယ်စဉ်က မြင်းခြံမြို့၊ မြို့ရှေ့ကျောင်းမှာ နေတယ်။ နောက်မှ ကျနော်နေတဲ့ “ဂါးဗားမင်း” ကျောင်း (Government High School) အမှတ် ၁ အစိုးရအထက်တန်းကျောင်းကို ပြောင်းရွှေ့လာပါတယ်။ သူနဲ့ မြို့ရှေ့ကျောင်းမှာ ကျောင်းနေဖက်က ဖေစိန် တဲ့။ ကျနော်အဖေဖက်က ညီအကိုဝမ်းကွဲ တော်ပါတယ်။ ဖေစိန်က တဆင့် မြို့ရှေ့ကျောင်းသားတွေနဲ့ ခင်မင်လာခဲ့ရပါတယ်။



ဖေစိန်က တက္ကသိုလ်ကို စောပြီး ရောက်တယ်။ အဲဒီနှစ်တွေမှာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက လည်း မြင်းခြံက ဖြစ်နေတယ်။ ၁၉၅၅ -၅၆ မှာ ဥက္ကဋ္ဌက ကိုမျိုးညွန့်တဲ့။ ၁၉၅၈-၅၉ မှာ ဥက္ကဋ္ဌက ကိုသာလှ တဲ့။ နှစ်ယောက်လုံး မြင်းခြံက။ အမျိုးသမီး အမှုဆောင် မသန်းသန်းထိုက်ရယ်။ နောက်နှစ်တွေမှာ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ ဖြစ်လာကြတဲ့ ညောင်ဦးစောလွင်၊ ကျောက်ပန်းတောင်း ဘိုဇံ၊ မြင်းခြံအောင်သူ စတဲ့ ရဲဘော်တွေကလည်း မြင်းခြံခရိုင်အသင်း အမှုဆောင်တွေကနေ သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာခဲ့ကြပါတယ်။ အဲဒီရှေ့ပိုင်း လူတွေကို ကျနော်တို့အရင် စောရောက်တဲ့ ဖေစိန်က မိတ်ဆက်ပေးပါတယ်။ နောင်အခါ အားရင် ဆေးကျောင်းထဲရှိ သူ့အိမ်ကို သွားလည်ပတ်တဲ့အခါ ကျနော်တို့ ကဗျာသမားတအုပ်လုံး သွားကြတာပါ။ တခါတရံ ဖဲရိုက်ကြပါတယ်။ ဆေးကျောင်းသားတွေပ ဖဲဝိဇ္ဇာတွေများပါတယ်။ ဖေစိန်က ငယ်သူငယ်ချင်း လေးမောင်တို့ညီအကိုတော်တဲ့ ကျနော့်ထက် ရင်းနှီးခင်မင်ပါတယ်။ ကျနော်တို့က အပျင်းပြောပါပဲ။



စပ်မိလို့ ပြောရရင် ခု – ၀န်ကြီး ဦးအောင်သောင်းကလည်း တောင်သာမြို့နယ်သားဆိုတော့ မြင်းခြံခရိုင်အသင်းသားပါပဲ။ ကျနော်သမဂ္ဂအမှုဆောင် အရွေးခံရတဲ့နှစ်တွေမှာ သူက ကျနော်တို့နဲ့ ဆန့်ကျင်ဖက်အဖွဲ့က အရွေးခံဖို့ ကြိုးစားစည်းရုံးခဲ့တယ်လို့ မှတ်မိနေပါတယ်။ ယှဉ်ပြိုင်စာရင်းထဲမှာ သူ ပါ မပါ မသေချာပေမဲ့ ကျနော်တို့နဲ့ ဟိုတုံးကတည်းက ဆန့်ကျင်ဖက်ပါ။ တင်မိုးနဲ့လည်း ရွာနီးချင်းပါ။ ကျနော်တို့ကို “ပမညတ ကျောင်းသားတွေ”၊ “ကွန်မြူနစ်တွေ” လို့ သူတို့က ခေါ်ပြီး သူတို့ကို “ပြူစောထီး ပြောက်ကျား” အဆက်၊ “တည်မြဲဖဆပလ” နောက်လိုက်တွေလို့ ခေါ်လေ့ရှိပါတယ်။ ကမ္ဘာရန်တွေလို့ ပြောရပါလိမ့်မယ်။



ကျနော်တို့အဖွဲ့ရဲ့ တရားဝင်အမည်က “ကျောင်းသားညီညွတ်ရေးတပ်ဦး” တဲ့။ အတိုကောက်က “တပ်ဦး” ပဲ ခေါ်တယ်။ အရင်ကတော့ “တိုးတက်” လို့ ခေါ်ခဲ့သတဲ့။ သူတို့အဖွဲ့ရဲ့နာမည်က “အင်အား” တဲ့။ အရင်က “ဒီမိုကရက်တစ်ကျောင်းသားအဖွဲ့” တဲ့။ “တပ်ဦး” နဲ့ “အင်အား” ကို SUF & DSO လို့ အတိုကောက်လည်း ခေါ်ကြပါတယ်။ တင်မိုးနဲ့ ကျနော်က တပ်ဦးအဖွဲ့ရဲ့ လက်ကမ်းစာစောင်တွေ ရေးပါတယ်။ တခါတလေလည်း ကဗျာတွေချည်း ရေးရတယ်။ မောင်သာနိုးက အင်္ဂလိပ်လို ဘာသာပြန်ပေးပါတယ်။ အဲဒီတုန်းက လေးမောင်နဲ့ ကြည်အောင်တို့ကို မဲပေးဖို့တောင် အတင်း ခေါ်ရပါတယ်။ သူတို့က လူတောတိုးရမှာ ရှက်တတ်ကြလို့ပါ။



ကျနော်တို့အထဲမှာ မောင်မိုးသူက ပထမဆုံး အိမ်ထောင်ကျတယ်။ မောင်သိန်းနိုင်က ၈ တန်းကတည်းက အိမ်ထောင်ကျခဲ့တာ ဆို ထင်ပါရဲ့။ တင်မိုးနဲ့ ကျနော်က အိမ်ထောင်ကျတော့လည်း အတူတူ ကျပြီး တအိမ်တည်း ငှားနေကြတယ်။ အိမ်ထောင်တာဝန်တွေနဲ့ အပြင်မှာ အလွတ်ပညာသင်ဆရာတွေ ဖြစ်နေကြတယ်။ လေးမောင်၊ ကြည်အောင်တို့အနေနဲ့ သမဂ္ဂတာဝန်၊ ကလောင်ရှင်တာဝန်တွေ မယူလို့ မရတော့ဘူး။ ကျောက်ဆည်က ကိုစိုးဝင်းမော် (ဘုတလင်ဇာတိ) နဲ့ မြင်းခြံက ကိုအောင်သူတို့ရယ်၊ လူထုဖိုးသံချောင်းရယ် သူတို့တတွေ တွဲမိသွားပြီး တကသမှာရော၊ ဗကသမှာရော တာဝန်တွေ ယူကြပါတယ်။



ကျနော်တို့က “အိမ်စောင့်” အစိုးရ လက်ထက်မှာဆိုတော့ ပြေးရလွှားရပေမဲ့ သူတို့လောက် မဆိုးပါဘူး။ သူတို့က စစ်တပ်နဲ့ ပါတီနဲ့ ပေါင်းချတာဆိုတော့ ပိုကြမ်းပါတယ်။ “အိမ်လုံ အစိုးရ” လို့ ခေါ်ရမယ် ထင်ပါတယ်။ ကြည်အောင်က မန္တလေးခရိုင် ဗကသဥက္ကဋ္ဌ ထင်တယ်။ သူအပြေးကောင်းလို့ လွတ်သွားခဲ့တယ်။ လူထုစိန်ဝင်း၊ လူထုဖိုးသံချောင်းနဲ့ လေးမောင်(မြင်းခြံ) တို့ကတော့ ကိုကိုးကျွန်းအကျဉ်းစခန်းအထိ ပါသွားခဲ့ပါတယ်။



တကယ်က လေးမောင်နဲ့ ကျနော်က မယားညီအကိုတော်ရဖို့ပါ။ သူ့ ‘အဆက်’ က မန္တလေးတက္ကသိုလ်မှာ ကျောင်းလာတက်နေတဲ့ တောင်သာသူတဦးပါပဲ။ ကျနော့် ဇနီးနဲ့ ညီမအရင်းပါ။ လေးမောင်က ကျွန်းကို ပါသွားပြီး ကျဆုံးသွားခဲ့လို့ သူတို့ချင်း ဖူးစာမဆုံခဲ့ကြသလို ကျနော်နဲ့လည်း ဆွေမျိုး မတော်ရတော့ပါဘူး။ သူတို့ဖူးစာဆုံကြရင်တော့ မနှိုင်းကောင်း၊ နှိုင်းကောင်း သူနဲ့ ကျနော်တို့လည်း သခင်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့လို ဆွေမျိုးတော်နေကြမှာပါ။



လေးမောင်က ဆေးလိပ်အလွန်အကျွံ သောက်ပါတယ်။ အိပ်ရာထက အိပ်ရာဝင်အထိ ဆေးလိပ်လက်ကြားက မချပါဘူး။ သူ့ကို တွေးကြည့်လိုက်ရင် စိတ်ကူးရုပ်ပုံထဲမှာ ဆေးလိပ်နဲ့ တွဲရက်ချည်းပါပဲ။ တင်မိုး၊ ကြည်အောင်၊ ညွန့်အေး(အင်းဝ)၊ လူထုစိန်ဝင်း၊ လေးမောင်တို့ဟာ ဆေးလိပ်သရဲတွေပါ။ ကိုစိန်ဝင်းက အသက် ၆၀ ကျော်မှ (အမေလူထုဒေါ်အမာရဲ့ ဆူပူမှုကြောင့်) ဆေးလိပ်ပြတ်သွားပါတယ်။ တင်မိုးက ဆေးလိပ်ကြောင့် အဆုတ်ကို ထိသွားလို့ အသက်တိုရတယ်။ ညွန့်အေးက အသည်းကို ထိပြီး အသေစောရတယ်။ လေးမောင်ကတော့ ကိုကိုးကျွန်း ရက် ၅၀ အစာငတ်ခံတိုက်ပွဲ နောက်ဆုံးနေ့မှာ အသက်ထွက်ခါနီးမှာတောင် ဆေးလိပ်ကို တမ်းတလို့ သူ့ပါးစပ်ကို ဆေးလိပ်တပ်ပေးရစဉ် အသက်ထွက်သွားခဲ့ရရှာတယ်လို့ သူ့အကြောင်းကို သူ့ရဲဘော်တွေကြားရတော့ စိတ်ထိခိုက်ရတယ်။ ကျနော်က အလှူမင်္ဂလာဆောင် သွားရင်ပဲ ဖြစ်ဖြစ်၊ သူများအိမ်တွေကို အလည်သွားလို့ ဆေးလိပ်တည်ရင်ပဲဖြစ်ဖြစ် တလိပ်ပဲ ဖြစ်အုံးတော့ လက်ကြားညှပ်ခဲ့ရပါတယ်။ သူတို့ထဲက ဦးရာလူ ဆွဲသောက်ကြပါတယ်။



ထူးဆန်းတဲ့ ကံကြမ္မာ တချက်ကိုလည်း ပြောလိုက်ချင်ပါတယ်။ သူတို့နဲ့ မူလတန်းကတည်းက တက္ကသိုလ်ဘွဲ့ရချိန်အထိ အတူတူ တွဲခဲ့ကြတဲ့ ငယ်သူငယ်ချင်း ဖေစိန်က ဆရာဝန်ဖြစ်လာတယ်။ လေးမောင် ဘာ ဘာသာယူလို့ ဘယ်အတန်းအောင်ခဲ့တယ်ဆိုတာ ကျနော်မသိရိုး အမှန်ပါ။ အချင်းချင်း လဖက်ရည်ဆိုင်မှာပဲ ဆုံလေ့ရှိကြပြီး စာသင်ခန်းတွေထဲမှာ မဆုံဘူးကြပါဘူး။ အဲဒီ ဒေါက်တာဖေစိန်က ကိုကိုးကျွန်းဆရာဝန် ဖြစ်လာတဲ့အခါမှပဲ တိုက်တိုက်ဆိုင်ဆိုင် မောင်လေးမောင်ကလည်း ကိုကိုးကျွန်းအကျဉ်းသား ဖြစ်လာပါသတဲ့။ ကျွန်းမှာ ငပိတိုက်ပွဲ အထိ ဒေါက်တာဖေစိန် ရှိနေပါသေးတယ်။



ငပိကဖွဲများပြီး ပုပ်ဟောင်နေလို့ မစာဘူး ဆိုပြီး အကျဉ်းသားတွေ ဆန္ဒပြကြသတဲ့။ ထောင်အာဏာပိုင်တွေက ထောင်ဆရာဝန်ကြီးအနေနဲ့ စားဖို့ မသင့်ဘူး ပြောရင် လက်ခံမယ်လို့ ဆရာဝန်ကို တိုက်ပွဲရဲ့ ဒိုင်းအဖြစ်ထားလိုက်တယ်။ ဆရာဝန်ကြီးက ဒီငပိတွေဟာ လူစားဖို့ မသင့်၊ ကျန်းမာရေးနဲ့ မညီဘူးလို့ တချက်လွှတ်ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ကိုကိုးကျွန်း ပွဲဦးထွက် ငပိတိုက်ပွဲမှာ အကျဉ်းသားတွေဖက်က နိုင်သွားပါတယ်။ ဒေါက်တာဖေစိန်က လူထုစိန်ဝင်းကိုလည်း ကျွန်းမှာထားဖို့မသင့်ဘူး၊ ကျန်းမာရေး မကောင်းဘူးဆိုပြီး ပြည်မကို ပြန်ပို့တယ်။ ဒါတွေကြောင့် ဒေါက်တာဖေစိန်ကို ကျွန်းက အမြန်ပြန်ခေါ်တယ်။ နောက်ရောက်တဲ့ ဆရာဝန်ကလည်း ကျနော့်သူငယ်ချင်းပဲ။ သန်းအောင် တဲ့။ သူကတော့ ဒေါက်တာဖေစိန်နဲ့ မတူဘူး။ တရားတာ မတရားတာ နားမလည်ဘူး။ အာဏာပိုင်တွေဘက်ကို ပင်းတယ်။ ဒါကြောင့် သူ့ကို အာဏာပိုင်တွေက သဘောကျပြီး ကျွန်းမှာပဲ ကြာရှည်ထားလို့ သူ့ခင်မျာ နိုင်ငံခြားပညာသင်သွားဖို့တောင် ဆုံးရှုံးလက်လွှတ်ခဲ့ရတယ် လို့ ကိုကိုးကျွန်းပြန်တွေပ ပြောတာ မှတ်သားခဲ့ရဖူးပါတယ်။



ဒေါက်တာဖေစိန် ကိုကိုးကျွန်းက ပြန်လာတော့ ကျနော်ကို သူ့အိမ်ခေါ်ပြီး အလွမ်းသယ်ပါတယ်။ ငယ်စဉ်က သူတို့ ကျောင်းမှာ လေးမောင်နှင့် တွဲရိုက်ထားတဲ့ ဓာတ်ပုံကလေးကို ထုတ်ပြပါတယ်။ သူနဲ့ ကိုကိုးကျွန်းမှာ ဆုံကြတော့ လေးမောင်ကိုယ်တိုင်က သူ့ကို မသိချင်ယောင်ဆောင်ပေးပါတယ်။ အကျဉ်းသားတွေ အားလုံးကတော့ ဒေါက်တာဖေစိန်ဟာ လေးမောင်နဲ့ ငယ်သူငယ်ချင်းဆိုတာ သိကြပါတယ်။ ဖြောင့်မတ်တဲ့ ဆရာဝန်အဖြစ် လေးစားကြပါတယ်။ သူတို့လေးစားတာ ခံရလို့လား မသိပါ၊ ဖေစိန်ဟာ ချင်းတောင်ကိုတောင် ရောက်သွားခဲ့ပါတယ်။ သူဟာ ကျနော်တို့ အားလုံးရဲ့ သူငယ်ချင်းပါ။ ကျနော်ပြည်ပထွက်လာတော့ မြောက်ဥက္ကလာ မေ့ဆေးဆရာဝန်ကြီးအဖြစ်နဲ့ ယာယီဆေးရုံအုပ်ကြီး လုပ်နေရာက အငြိမ်းစားယူသွားခဲ့ပါပြီ။



တက္ကသိုလ်မှာတော့ လေးမောင်နဲ့ ကျနော်တို့ အကြောင်းပြုပြီး တင်မိုးရော၊ ကြည်အောင်ပါ ဖေစိန်တို့ဆီ သွားလည်လေ့ရှိပါတယ်။ ကျောင်းပိတ်ချိန် မြင်းခြံကို ပြန်ကြရင်လည်း အတူတူ ပြန်ကြလေးရှိပါတယ်။ မြင်းခြံမှာ ဖေစိန်အိမ်ကို ကျနော် စက်ကျခဲ့ပါတယ်။ လေးမောင်အိမ်မှာလဲ ကျနော် ‘စက်ကျ’ ပါတယ်။ နောက်တဆင့် ထူးဆန်းတိုက်ဆိုင်တာက ကျနော်တို့ရဲ့ ညီအရင်းတွေရော၊ ၀မ်းကွဲတွေရော ကျနော်တို့ မသိဘဲ တက္ကသိုလ်ထိ တွဲသွားကြတဲ့အပြင် သူတို့အားလုံးကလည်း စာပေနဲ့ နိုင်ငံရေးကို ၀ါသနာပါကြတယ်။ တချို့ထောင်ကျ၊ တချို့တောခိုကြနဲ့ ဖြစ်ကုန်ပါတယ်။ ကျန်ာတို့ထက်တာင် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်ကြပါတယ်။ နိုင်ငံရေးဖိနှိပ်မှု ပိုများတဲ့ ခေတ်နဲ့ ကြုံသွားကြလို့နဲ့ တူတယ်။



ဒီလိုဖြစ်သွားတဲ့ လူတွေထဲတွေထဲမှာ လေးမောင်ညီနဲ့ ကျနော်ညီလည်း ပါကြပါတယ်။ ခုချိန်အထိ တောထဲမှာ ညီ ၄ ယောက် ရှိပါတယ်။ သူတို့အထဲမှာ အားလုံးရဲ့ သူငယ်ချင်းတဦးရဲ့ နှမငယ် တယောက်လည်း ပါသွားလေရဲ့။ အားလုံးရဲ့ တောထဲမှာ ၅ ယောက်။ အဲဒီနှမငယ်ဟာ အခုအခါ မြင်းခြံအောင်သူရဲ့ ညီနဲ့ အိမ်ထောင်ကျနေတယ်လို့ ကြားရပါတယ်။



ကျနော် ရန်ကုန်ကို ရောက်စက တင်မိုးအိမ်မှာ နေလိုက်ပါသေးတယ်။ သူတို့တတွေ အရေးကြီးရင် တင်မိုးနဲ့ ကျနော့်ဆီကို ရောက်လာတတ်တယ်။ တနေ့တော့ မြင်းခြံအောင်သူဟာ တင်မိုးအိမ်ကို ရောက်လာပြီး “ခင်ဗျားတို့သူငယ်ချင်းတော့ ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲမှာ သူရဲကောင်းအဖြစ်နဲ့ ကျဆုံးသွားရှာပြီ” လို့ သတင်းပေးလာပါတယ်။



အဲဒီသတင်းကို အားလုံးသိရအောင် သတင်းစာထဲကို သွားထည့်မယ်လို့ ဆိုပါတယ်။ ကျနော်က မအောင့်နိုင် မအည်းနိုင်နဲ့ ကဗျာတိုလေးတပုဒ် ရေးပေးလိုက်ပါတယ်။ နာရေးကြော်ငြာမှာ ကဗျာနဲ့ ဂုဏ်ပြုလိုက်ရတယ် ပြောရပါမယ်။ (မှတ်မိသမျှ ပြန်ပြီး ရေးလိုက်ပါမယ်)။



နှင်းဆီနီ



မဟူရာရောင်

ယင်းကျောက်ဆောင်ဝယ်

တောက်ပြောင် ရဲနီ

ထိုနှင်းဆီသည်

ဓွန့် ရှည် သင်းပျံ့ ကြိုင်လတ္တံ။



မောင်စွမ်းရည်



လေးမောင်ကို အသားနက်မှောင်သူ ဖြစ်လို့ “မဟူရာကျောက်ဆောင်” လို့ တင်စားလိုက်ရတာပါ။ နောင်တခေတ် မန္တလေးတက္ကသိုလ်မှာ မဟူရာကျောက်တိုင် တခု တွေ့မြင်ရပါစေသတည်း။



ဒီဆောင်းပါးနဲ့ သူငယ်ချင်း လေးမောင်ကို ဂုဏ်ပြုရင်း မန္တလေးတက္ကသိုလ် ရွှေရတုပွဲကိုလည်း ဂုဏ်ပြုလိုက်ပါကြောင်း။



၂၀၀၉ ဖေဖော်ဝါရီ ၉။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts