>Mann Win Maung – Ludu U Hla according to me

>

ကျနော်သိသော လူထုဦးလှ
မန်းဝင်းမောင်
ဖေဖော်ဝါရီ ၁၇၊ ၂ဝဝ၉

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အပေါင်း အပါများ ကျဆုံးပြီးနောက်တွင် ကျနော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့တွင် ဝင်ရောက် တာဝန် ထမ်းဆောင်ရပါသည်။ ၁၉၄၇ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့ မှစ ၁၉၅၇ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ဖြစ်ပါသည်။ ကိုး နှစ် ခုနှစ် လ ကျော် ဆယ် နှစ် နီးပါးမျှ ဖြစ်ပါသည်။ ၄င်းနောက် နိုင်ငံတော် သမ္မတ၏ တာဝန် ဝတ္တရားများကို ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှ ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့ထိ ဆက်လက် တာဝန် ထမ်းဆောင်ရပါသည်။ ငါးနှစ် တိတိ ပြည့်ရန် ဆယ် ရက်သာ လိုပါသည်။

လူထုဦးလှကို ကျနော် ဝန်ကြီးဖြစ်စဉ် ၁၉၅ဝ ခုနှစ်က စတင် သိခဲ့ရပါသည်။ မန္တလေးသို့ စာရေးစက္ကူများ စာရေး ကရိယာများ လေယာဉ်ဖြင့် တင်ဆောင်သွားရန် အတွက် ကျနော်က ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဖြစ်ပါသောကြောင့် ကျနော့်ဆီ လာရောက် အကူအညီ တောင်းပါသည်။ အဲဒီအချိန်မှ စ၍ သူနှင့် စတင်သိပါသည်။ ကျနော် သမ္မတ ဖြစ်သောအခါ သူနှင့် ပိုမို ရင်းနှီးသွားပါသည်။ သမ္မတ ဘဝနှင့် ကျနော် မန္တလေး-ပြင်ဦးလွင်သို့ မကြာခဏ ရောက်ခဲ့ပါသည်။ ဦးလှသည် မန္တလေးမှာ နေထိုင်သူ ဖြစ်သဖြင့် ကျနော် မန္တလေး ရောက်တိုင်းလိုလို သူနှင့် တွေ့ပါသည်။

တခါက ကျနော် မန္တလေး ရောက်သောအခါ သူ အကြံပေးပါသည်။ အကြံကတော့ ကျနော် မန္တလေး ရောက်နေစဉ် နိုင်ငံတော် အစိုးရက ဆက်ကပ် လှူဒါန်းသော အဘိဓဇ မဟာရဋ္ဌ ဂုရု အဂ္ဂမဟာ ပဏ္ဍိတ အစရှိသော ဘွဲ့တံဆိပ်တော်များကို ရရှိသော ဘုန်းတော်ကြီးများအား ၄င်းတို့ သီတင်းသုံးရာ ကျောင်းတိုက်သို့ သွားရောက် ဖူးမြော် ကန်တော့ရန် ဖြစ်သည်။ ဘုန်းတော်ကြီးများအား နိုင်ငံတော် အစိုးရက ဆက်ကပ် လှူဒါန်းသော ဘွဲ့တံဆိပ်တော်များကို သမ္မတက အစိုးရ ကိုယ်စား သမ္မတ အိမ်တော်မှာ အခမ်းအနားနှင့် ဆက်ကပ် လှူဒါန်းရပါသဖြင့် ဘုန်းတော်ကြီးများကို ကျနော် တွေ့ဖူး မြင်ဖူး ပါသည်။ ဦးလှ၏ အကြံပေးချက်ကို ကျနော် လက်ခံပြီး သူနှင့် အတူ မစိုးရိမ် ကျောင်းတိုက် ဆရာတော်ကြီး အပါအဝင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများကို သွားရောက် ဖူးမြော် ကန်တော့ ကြပါသည်။

သမ္မတအဖြစ် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများသာ မကဘဲ ပထမပြန် စာမေးပွဲ ဖြေဆို အောင်မြင်သော ဘုန်းကြီးများကိုပါ မန္တလေးမြို့ မဟာမုနိဘုရားအနီး၊ ၄၅တောမှာ သွားရောက်ပြီး အောင်လက်မှတ်များကို ဆက်ကပ် လှူဒါန်းရပါသည်။

သမ္မတအဖြစ် ကျနော် နောက်ဆုံးအခေါက် မန္တလေး-ပြင်ဦးလွင်သို့ သွားပြီး အပြန်မှာ မန္တလေးမှ မီးရထားဖြင့် ရန်ကုန်သို့ ပြန်လာပါသည်။ မန္တလေးဘူတာမှ မီးရထား နံနက် ၆ နာရီ ထွက်မည် ဖြစ်ပါသည်။ မမျှော်လင့်ဘဲ နံနက် ၅း၃ဝ နာရီ အချိန် မန္တလေး ဘူတာသို့ ဦးလှ ပေါက်လာပါသည်။ ကျနော့်ကို လာရောက် နှုတ်ဆက်ခြင်း ဖြစ်သည်။ နှုတ်ဆက်ပြီး ကျနော့်ကို တခု မေးပါသည်။ နိုင်ငံတော် သမ္မတ သက်တမ်း ကုန်ဆုံးသောအခါ နိုင်ငံရေး ပြန်လုပ်ရန် ရည်ရွယ်ချက် ရှိသလားလို့ မေးပါသည်။ မမျှောာ်လင့်သော မေးခွန်းဖြစ်၍ ရုတ်တရက် မဖြေတတ်ပါ။ အချိန်ယူပြီး စဉ်းစားရမည်ဟုသာ ပြန်ဖြေလိုက်ပါသည်။

မန္တလေး ဘူတာမှာ ဦးလှနှင့် တွေ့ဆုံခြင်းသည် သမ္မတ ဘဝနှင့် နောက်ဆုံး တွေ့ဆုံခြင်း ဖြစ်ပါသည်။ ဦးလှနှင့် နောက်ထပ် မတွေ့ကြတော့ဘဲ ခြောက်နှစ်ခန့်မျှ ခွဲခွာသွားကြပါသည်။ အကြောင်းမှာ တော်လှန်ရေးကောင်စီ တက်လာသဖြင့် ကျနော် အထိန်းသိမ်းခံရခြင်းကြောင့် ဖြစ်ပါသည်။

ကျနော်သည် အထိန်းသိမ်းခံဘဝမှ ၁၉၆၇ ခု အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွတ်မြောက်လာပါသည်။ အချုပ်မှ လွတ်မြောက်ပြီး ပြင်ဦးလွင်သို့ ပြန်သွားကာ ငါးနှစ်မျှ နေထိုင်ခဲ့ပါသည်။

ပြင်ဦးလွင်မှာ နေထိုင်စဉ်အတွင်း လူထုဦးလှနှင့် ပြန်လည် ဆုံစည်းကြပြန်သည်။ မန္တလေးသို့ အလည်သွားတိုင်း လိုလိုပင် ဦးလှဆီ ဝင်လည်ပါသည်။ သူထုတ်ဝေသော စာအုပ်များကို ကျနော် ဖတ်ရန် ပေးပါသည်။ မှတ်မိသမျှသော စာအုပ်များမှာ `သတင်းစာက ပြောသော ဂျပန်ခေတ်၊ ကျနော်ဗြူရိုကရက်၊ ကျနော် လှေသူကြီး၊ ကျနော် အရက်သမား၊ ကျနော်စတီးပွဲစား၊ မနီးတဲ့ဘဝခရီး’ – အစရှိသည်တို့ ဖြစ်ပါသည်။

လူထုဦးလှရေးသော “မနီးသောဘဝခရီး” စာအုပ်ထဲတွင် ထောင်အကြောင်း ခပ်များများ ပါရှိပါသည်။ အဆိုပါ စာအုပ်တွင်ပါသော အချက်အလက်တချို့ကို ဖြေဆိုပြီးနောက် ဆက်လက်ပြောသည်မှာ တလောက ရန်ကုန်မှ အသိ မိတ်ဆွေ တယောက် လာမည် ဖြစ်၍ မန္တလေး လေဆိပ်မှာ သွားကြိုပါသည်။ သူ့မိတ်ဆွေပါလာမည့် လေယာဉ် မဆိုက်မီ အထူးလေယာဉ်တစင်း ဆိုက်ရောက်လာပြီး လေယာဉ်ပေါ်မှ သူသိသော တော်လှန်ရေး ကောင်စီဝင် တယောက် ဆင်းလာသည်ကို သူ တွေ့သဖြင့် သွားရောက် နှုတ်ဆက်ပါသည်။

တော်လှန်ရေးကောင်စီဝင်က သူ့ကို တွေ့သောအခါ သူရေးသော မနီးတဲ့ဘဝခရီး စာအုပ်ထဲမှာ ပါရှိသော ထောင်အကြောင်းများသည် အဟုတ်ပဲလားလို့ မေးပါသည်။ ဦးလှက ဟုတ်မှန်သည့်အကြောင်း ပြန်ပြောသည်။

တော်လှန်ရေး ကောင်စီဝင်က အဆိုပါ စာအုပ် ရှိသေးလျှင် သူ့မိတ်ဆွေများကို ပေးဖတ် ရန် ၄-၅ အုပ် အလိုရှိကြောင်း ပြောပါသည်။ ဦးလှက ရှိကြောင်း ပြောသောအခါ သူ ယခု ကလေးမြို့သို့ အသွား မန္တလေး လေဆိပ်မှာ ခရီးတထောက် ခဏဆင်းခြင်း ဖြစ်သည်။ ဘယ်နေ့ ဘယ်ရက်မှာ ကလေးမြို့မှ အပြန် မန္တလေးလေဆိပ်မှာ ခဏဆင်းဦးမည် ဖြစ်သည်။ အဲဒီအခါကျတော့ စာအုပ်ကို လူတယောက် လွှတ်ပြီး လာပေးခိုင်းရန် ဦးလှကို မှာကြားသွားသည်။ တော်လှန်ရေး ကောင်စီဝင် ချိန်းဆိုသော နေ့မှာ ဦးလှကိုယ်တိုင် စာအုပ်များကို လေဆိပ်သို့ သွားပို့ပေးကြောင်း ဦးလှ ပြောပြပါသည်။

လူထုဦးလှကို ကျနော် စတင်သိရှိသည့် နေ့မှ စ၍ သောက်စားသည်ကို ကျနော် မတွေ့ရှိပါ။ သူကိုယ်နှိုက် သောက်စားခြင်း မပြုသော်လည်း သူ့အပေါင်းအသင်း ရောင်းရင်းများ အိမ်သို့ လာလည်သောအခါ အရက်ဖြင့် ဧည့်ခံသည်ကို ကျနော် တခါတွေ့ရှိခဲ့ပါသည်။

၁၉၆၈ ခုနှစ် မန္တလေးမှာ ပြည်ထောင်စုနေ့ ခြိမ့်ခြိမ့်သဲ ကျင်းပသော အချိန် ဦးလှအိမ်သို့ ကျနော် နေ့လည်ဘက် ရောက်သွားပါသည်။ သူ့အိမ်ဧည့်ခန်းထဲမှာ အိုးဝေဦးညိုမြနှင့် သတင်းစာဆရာ သုံးလေးယောက် ပုလင်းထောင်နေသည်ကို ကျနော် တွေ့ရှိခဲ့ပါသည်။

ဂျပန် တော်လှန်ရေးမှာ ကျနော် လေထီးဖြင့် ဆင်းသော အကြောင်းအရာများကို ရေးသောအခါ ဖြစ်ရပ်တခုကို ထည့်သွင်း သင့်မသင့် လူထုဦးလှထံ ကျနော် အကြံဥာဏ် တောင်းခံဖူးပါသည်။

၁၉၄၄ ခု သြဂုတ်လလောက်မှာ ဂျပန်တော်လှန်ရေး အတွက် အိန္ဒိယပြည်မှာ ဌာနချုပ် လုပ်ထားသော မဟာမိတ် စစ်တပ် ထံမှ လက်နက် ခဲယမ်း မီးကျောက်များ ရယူရန် ဖက်ဆစ်တော်လှန်ရေး မြေအောက်အဖွဲ့က လူ ခြောက် ယောက် ပါသော အဖွဲ့တဖွဲ့ကို စေလွှတ်ပါသည်။ အဖွဲ့ ခေါင်းဆောင် သခင်ဗိုလ် (ကျဆုံး၊ ညောင်တုန်းသား) ဖြစ်ပြီး ကျနော်က ဒုတိယခေါင်းဆောင် ဖြစ်ပါသည်။ အိန္ဒိယသို့ မြစ်ကြီးနားမှ တဆင့် သွားရန် အစီအစဉ် ရှိသဖြင့် မြစ်ကြီးနားဘက်သို့ ကျနော်တို့ ဦးတည်ပြီး သွားကြပါသည်။ မန္တလေး ရောက်သောအခါ မူလ အစီအစဉ်အတိုင်း ဗိုလ်မှူးကြီးဗထူး တပ်မှာ တည်းခို ရပ်နားပါသည်။ မြစ်ကြီးနားဘက်ကို သွားရမည် ဖြစ်သဖြင့် ဗိုလ်မှူးကြီးဗထူး တပ်မှာ စစ်ဗိုလ်ဖြစ်နေသော မြစ်ကြီးနားသား ဗိုလ်လှဖေကို အဖော်အဖြစ် ခေါ်သွားပါသည်။

မန္တလေးမှ ထွက်ပြီး ကသာတောနက်ထဲ၊ ကသာမြို့ အနောက်တောင်ဘက် ဆယ့်ငါးမိုင်ခန့် အကွာ ဂဟဲရွာသို့ ရောက်သော အခါ ဗိုလ်လှဖေသည် အပြင်း ဖျားပါတော့သည်။ ဗိုလ်လှဖေကို သူ့ဆွေမျိုး အနီးဆုံး ရှိရာ တကောင်းသို့ ပို့ရန် ကိစ္စ ပေါ်ပါသည်။ ကျနော်ကပဲ တာဝန်ယူပြီး လိုက်ပို့မည့်အကြောင်း အဖွဲ့ဝင်များကို ကျနော် ပြောပြပါသည်။ ကိုချစ်ကောင်းနှင့် ကိုအုန်းမောင်တို့က ကျနော့် နောက်သို့ လိုက်ကြမည်ဟု ပြောပါသည်။

ဗိုလ်လှဖေကို တကောင်းသို့ ပို့ရန်အတွက် ပထမ ကျနော်တို့ ဂဟဲရွာမှ နေ့လယ်မှာ ထွက်ပြီး မဲဇာမြစ်ကမ်းပါးမှာ တည်ရှိသော ဂျုံးဂျုံးကျရွာသို့ သွားရမည်ဖြစ်၍ ဗိုလ်လှဖေကို ထမ်းစင်ဖြင့် ယူဆောင်သွားပါသည်။ ဂျုံးဂျုံးကျရွာမှနေ၍ မဲဇာချောင်းအတိုင်း စုန်ဆင်းပြီး မဲဇာချောင်းနှင့် ဧရာဝတီမြစ်ဆုံသော ညောင်ပင်သာရွာကို ရောက်သောအခါ ဧရာဝတီမြစ်အတိုင်း တကောင်းအထိ ဆက်လက် စုန်ဆင်းရန် ဖြစ်သည်။

ဂျုံးဂျုံးကျရွာကို ညနေဘက်ရောက်သွားသည်။ အဆင်သင့် ဝါးဖောင်တဖောင်တွေ့၍ ဝယ်လိုက်သည်။ ထိုအချိန်မှာ ကုန်းလမ်း ရေလမ်း နေ့ဘက် သွားလာသော ယာဉ်များကို မဟာမိတ် လေယာဉ်ပျံများက လိုက်လံ တိုက်ခိုက် ပစ်ခတ်သဖြင့် နေ့ဘက် အသွားအလာ မရှိပါ။ ကျနော်တို့မှာလည်း ဝါးဖောင်ဖြင့် ညဘက်ကျမှ စုန်ဆင်းနိုင် မည်ဖြစ်သည်။ မဲဇာချောင်းတလျှောက် သစ်ပင်၊ ဝါးပင်များ ထူထပ် ပေါများသဖြင့် ညဘက် အအေးပိုကြောင်း ပြောကြပါသည်။ ရာဇဝင်မှာလည်း လက်ဝဲသုန္ဒရအမတ် ရေးသားထားသော မဲဇာတောင်ခြေ ရတုမှာ ဆီးနှင်းကျသောအခါ မိုးပေါက်ပမာ ဖြစ်ကြောင်း ရေးသား ထားပါသည်။ ညအအေးဒဏ် ခံနိုင်ရန် ကိုချစ်ကောင်းနှင့် ကိုအုန်းမောင် တို့က ဖောင်ပေါ်မှာ မီးဖိုရန်အတွက် သံပြားနှင့် ထင်းများ လိုက်လံရှာဖွေ စုဆောင်းထားကြပါသည်။ ကျနော်က မဲဇာချောင်း၏ ညအအေးဒဏ်ကို ခံနိုင်ရန်အတွက် အတွင်းစောင် ဟု ခေါ်ကြသော အရက်ကို လိုက်ရှာ ဝယ်ယူပါသည်။ အမြည်းအဖြစ် ဆတ်သားခြောက်ကို ရပါသည်။

ညဘက်ရောက်သောအခါ ကျနော်တို့၏ ဝါးဖောင်သည် ဂျူံးဂျုံးကျရွာမှ စတင် ထွက်ခွာသွားပါသည်။ ဖောင်ပေါ်မှာ လူမမာ ဗိုလ်လှဖေ၊ ကိုချစ်ကောင်း၊ ကိုအုန်းမောင်နှင့် ကျနော် ပါသွားသည်။ ၄င်းပြင် ဖောင်ထိုးသမား နှစ်ယောက်ပါ ငှားရမ်းပြီး ခေါ်ဆောင်သွား ပါသည်။ အစီအစဉ်အတိုင်း ညအအေးဒဏ်ကို ခံနိုင်ရန် ကိုချစ်ကောင်းနှင့် ကိုအုန်းမောင်တို့ မီး စတင် ဖိုကြပါသည်။ သူတို့ဖိုသော မီးသည် ကျနော့်အတွက်ပါ အသုံးဝင်သွားသည်။ အမြည်း အဖြစ် ကျနော်ဝယ်လာသော ဆတ်သားခြောက်ကို မီးဖုတ်လို့ ရပါသည်။ ဖောင်သည် မဲဇာချောင်းအတိုင်း စုန်ဆင်းကာ ကိုချစ်ကောင်းနှင့် ကိုအုန်းမောင်တို့သည် ချမ်းတိုင်း မီးလှုံသလို ကျနော်လည်း ချမ်းတိုင်း အတွင်းစောင် ခြုံပါတော့သည်။

ဤကဲ့သို့ မဲဇာချောင်းအတိုင်း စုန်ဆင်းသောအခါ ကျနော်က ပုလင်းထောင်သည့် အကြောင်း လေထီးဖြင့် ဆင်းသော အကြောင်းအရာများကို ရေးသောအခါ ထည့်သွင်း ရေးသားရန် သင့်မသင့် ဦးလှကို ကျနော် အကြံဥာဏ် တောင်းသောအခါ ဦးလှက `ထည့်ရမှာပေါ့။ ဒါမှ သဘာဝကျမယ်…’ လို့ သူ အကြံဥာဏ် ပေးပါသည်။

(ဗိုလ်လှဖေသည် စစ်ပြီးခေတ်တွင် လူထုဦးလှ၏ ခယ်မ ဒေါ်တင်တင်နှင့် အကြောင်းပါပါသည်။ နိုင်ငံ ဂုဏ်ရည်ဘွဲ့ တံဆိပ် ချီးမြှင့်ခြင်း ခံရသည်။

(ကိုအုန်းမောင်သည် လေထီးအုန်းမောင်ဖြစ်သည်။ နိုင်ငံဂုဏ်ရည် ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံရသည်။)

(ကိုချစ်ကောင်းသည် ဗိုလ်မှူးချစ်ကောင်း (ယခုကျဆုံး) ဖြစ်ပြီး ကျနော် သမ္မတဖြစ်စဉ် ပုန်ကန်မှုဖြင့် သေဒဏ် အပြစ်ပေးခံရသည်။ ကျနော်က သူ့ကို ကွင်းလုံးကျွတ် လွှတ်လိုက်သည်။ ကျနော်၏ လုပ်ဆောင်ချက်ကို ဝေဖန်ကြသည်။ ကျနော် မှားသည် မှန်သည်ကို ရာဇဝင်က အဆုံးအဖြတ် ပေးပါလိမ့်မည်။)

(တိုင်းပြည်နှင့် လူမျိုးအတွက် ဆောင်ရွက်ခဲ့သည်များကို နောင်လာ နောင်သားများ သိရှိရန် ကျနော် စာအုပ် ရေးသားထားပါသည်။ ကျနော် မရှိသည့်နောက် ပုံနှိပ် ထုတ်ဝေရန် ကျနော်၏ သား အငယ်ဆုံး ဌေးဝင်းမောင်ကို တာဝန် ပေးထားပါသည်။ စာအုပ်အမည်ကတော့ ဌေးဝင်းမောင်ပြောသော လေထီးသမ္မတ။)

လူထုဦးလှသည် အပြောအဟော ကောင်းသည် သာမက အရေး အသားမှာလည်း ပြောင်မြောက်ပါသည်။ ပါတီ ဥက္ကကြီး ဦးနေဝင်း နိုင်ငံတော် သမ္မတ ဖြစ်စဉ် မန္တလေး ရောက်သောအခါ ဦးလှနှင့်ဇနီး ဒေါ်အမာ(လူထု)ကို ခေါ်တွေ့လေ့ ရှိပြီး စာပေရေးရာများကို မေးမြန်း ဆွေးနွေးသည်။ သမ္မတကြီး မန္တလေးသို့ ကြွရောက်လာသောအခါ ဦးလှနှင့်တွေ့လိုပါက လွယ်ကူစွာ ခေါ်ယူ တွေ့ဆုံနိုင်ရန် သမ္မတကြီး မရောက်မီ သက်ဆိုင်ရာက ဦးလှကို ဝေးဝေးမသွားရန် ကြိုတင် အကြောင်းကြားထားသည်ဟု ဦးလှ ပြောပြသဖြင့် သိရှိရပါသည်။

လူထုဦးလှသည် လူချစ်လူခင် ပေါများပြီး သစ္စာသမာဓိနှင့် ပြည့်စုံပါသည်။ လူမျိုးတိုင်းနှင့် သော်လည်းကောင်း၊ လူတန်းစား အသီးသီးနှင့် သော်လည်းကောင်း အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံ တတ်သည်။

ယခု လူထုဦးလှ မရှိတော့ပြီ။ လူထုဦးလှ ကောင်းရာသုဂတိသို့ လားပါစေ။ လူထုဦးလှကို ယခု ကျနော်ရေးသားသော `ကျနော်သိသော လူထုဦးလ’ှ ဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ပါသည်။

[ ဆောင်းပါးမှာ ရေးသူကို ဦးဝင်းမောင်(မန်းဝင်းမောင်) လို့ ရေးထိုးထားပါတယ်။ ပိတောက်ပွင့်သစ် ဒီဇင်ဘာ ၂ဝဝ၈ က ကူးယူဖော်ပြပါတယ်။ မိုးမခက မန်းဝင်းမောင် အတ္ထုပ္ပတ္တိကို ဆက်လက် ဖော်ပြပါမယ်။ ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts