>generals extend detention of Tin Oo

>

ဦးတင်ဦး အကျယ်ချုပ် သက်တမ်းတိုးခံရ၊ ဒေါ်စုလည်း လွတ်လမ်းမမြင်
မိုးမခအထောက်တော် အမှတ် ၀၀၆
ဖေဖော်ဝါရီ ၁၃၊ ၂၀၀၉
ဦးတင်ဦး(photo: Alt-Asean 1998)

ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး၏ နေအိမ် အကျယ်ချုပ် ၅နှစ်ပြည့်သည့်နေ့တွင် အာဏာပိုင်တို့က ၎င်းအား သက်တမ်း ၁ နှစ် ထပ်မံတိုးချဲ့ ချုပ်နှောင်လိုက်သည်ဟု ရန်ကုန်မှ လာသည့် အေပီသတင်းတပုဒ်က ဆိုသည်။

ဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်သည်။ ၂၀၀၃ ခုနှစ် မေလ က သူ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အဖွဲ့ချုပ်၏ မော်တော်ယဉ်တန်းသည် ဒီပဲယင်းမြို့ပြင်ရှိ အင်အား ၅၀၀၀ ခန့်ရှိသော လူအုပ်ကြီး၏ တိုက်ခိုက်ခြင်း ခံရသည်။


ဦးတင်ဦး နှင့် ဒေါ်စုသည် ထိုအချိန်မှစပြီး အထိန်းသိမ်းခံခဲ့ရသည်။ ဒေါ်စုက အင်းစိန်ထောင်သို့ ရောက်သွားပြီး ဦးတင်ဦးက စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့ ရောက်သွားသည်။

နောက်ပိုင်းတွင် အာဏာပိုင်တို့က ၎င်းတို့ကို နေအိမ်သို့ ပို့ဆောင် ချုပ်နှောင်ခဲ့သည်။ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် အကျယ်ချုပ် ချလိုက်ခြင်းဖြစ်သည်။

ဤသို့ဖြင့် ဦးတင်ဦးသည် ကလေးမြို့ အကျဉ်းထောင်တွင် ၉ လကြာ နေခဲ့ရပြီး ၂၀၀၄ ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင် ရန်ကုန်မြို့ နေအိမ်သို့ ရောက်သွားခြင်းဖြစ်သည်။


ယခုအခါ ဦးတင်ဦးသည် အသက် ၈၂ နှစ် ရှိပြီဖြစ်သည်။


ဤကဲ့သို့ အကျယ်ချုပ် သက်တမ်းတိုးသည့် သတင်းကြောင့် ဦးတင်ဦးကဲ့သို့ အကျယ်ချုပ် ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးမှာ လက်ရှိအချိန်တွင် မျှော်လင့်ချက် ရှိပါသေးသလားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။


ပြီးခဲ့သည့် ၅ နှစ်ကျော်က ဦးတင်ဦးနှင့် ဒေါ်စု အထိန်းသိမ်းခံရချိန်မှစ၍ အနည်းငယ် ငြိမ်သက်သွားသော အဖွဲ့ချုပ်သည် သတင်းစာဆရာဟောင်း ဦးဝင်းတင် ပြန်လည် လွှတ်မြောက်လာချိန်တွင် လှုပ်ရှားမှုများ ပိုမို အားကောင်းလာဟန်ရှိသည်။

ယခုအခါ အာဏာပိုင်တို့က ဦးဝင်းတင်အား စာနယ်ဇင်းများမှတဆင့် အပြင်းအထန် ဝေဖန် တိုက်ခိုက်နေသည်။

“အခုလို အခြေအနေမျိုးမှာ အဖွဲ့ချုပ် အင်အားအတွက် ဦးဝင်းတင်ရော၊ ဒေါ်စုရော နှစ်ယောက်စလုံးကို အပြင်မှာ တချိန်တည်းထားဘို့ သိပ်ခဲယဉ်းပါတယ်။ တယောက်အပြင်မှာရှိရင် တယောက်ကို အထဲမှာ ပြန်ထည့်ထားပါလိမ့်မယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုတင်အေးက သုံးသပ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts