>Than Soe Hlaing – Burma, the NGO Country

>

အန်ဂျီအိုတွေနေတဲ့ တိုင်းပြည် – မြန်မာပြည်

သန်းစိုးလှိုင်

ဖေဖေါ်ဝါရီ ၁၂၊ ၂၀၀၉

နာဂစ်နဲ့ စခဲ့တယ်

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ၂ ပတ် အကြာ ကာလ။ လပွတ္တာမြို့၏ လမ်းများပေါ်တွင် ရွာကြီးရွာငယ်များမှ ပြေးလာကြသည့် လေဘေး ရေဘေး ဒုက္ခသည်များ ဖြင့် ပျားပန်းခတ်မျှ စည်ကားနေသည်။ ဦးခေါင်းတွင် ထိခိုက်ရှထားသည့် ကလေးငယ် ကိုချီထားသည့် မိခင်က အခမဲ့ဖွင့်ထားသည့် အန်ဂျီအို ဆေးခန်းသို့သွားဖို့ တည်းခိုရာနေရာမှ ဆုတောင်းပြည့် ဘုရားတန်ဆောင်းဘက်သို့ သွားနေသည်ကို တွေ့ရသည်။

(ကွန်းခြံကုန်း စံပြရပ်ကွက်)

၎၊ ၅၊ ၆နှစ်အရွယ်ကလေးတွေက အစ အုပ်စုအလိုက် ဘုရားဝင်းတ၀ိုက် သွားလာနေသလို လူကြီးလူငယ်၊ ကျားမ အသီးသီး တို့ကလည်း တနေရာရာတွင် စေတနာရှင်များက စားစရာ အ၀တ်အစား ဝေပေးသည်ကို ကြားလျှင် ကလေးကိုချီကာ ၊ လက်ဆွဲကာ သွားကြ တန်းစီကြနှင့် ဘုရားပွဲတော်ကြီး တမျှဖြစ်သည်။ သို့သော် ဘုရားပွဲတော်ကဲ့သို့ အ၀တ်အစား လှလှပပမဟုတ်၊ ပျော်ရွှင်နေသည့် အရိပ်အရောင် တစက်ကလေးမျှ မမြင်တွေ့ရ။ မည်သူတဦးတယောက်မျှလည်း ခြေထောက်တွင် ဘိနပ်နှင့် တူသည့် အရာစီးမထားပဲ ခြေဗလာများနှင့် သာ။

(လပွတ္တာ၊ ဆုတောင်းပြည့် တန်ဆောင်းရှေ့)

တသက်မှာ တခါမျှ မကြုံဘူးသည့် ကမ္ဘာပျက်သည့် အလားသဏ္ဍန်တူသည့် အိပ်မက်ဆိုးကို ပြီးခဲ့သည့် တပတ်ကျော် နှစ်ပတ်အတွင်း ကြုံတွေ့ထားကြသည့် အတွက် အားလုံး၏ မျက်နှာများမှာ ညှိုးငယ်နေကြသည်။ ကိုယ်ပေါ်တွင်လည်း အရွယ်နှင့် တော်တော်၊ မတော်တော် ရရာ အ၀တ်အစားကို ၀တ်ထားကြသည် ကိုတွေ့ရသည်။ အချို့မှာ မြို့နေ အမျိုးသမီးများဝတ်သည့် စကတ်ရှည် လိုမျိုးကိုလည်း တောရွာသူ အသက်၃၀ အရွယ်က နေသားမကျပဲ ၀တ်ထားရသည်လည်းရှိသည်။

ထိုသို့သော လူအုပ်ကြားထဲကို ဟွန်းတတီတီ တီးလျက်ဝင်လာသည်မှာ အဖြူရောင် လင့်ခရူဆာ ကားအသစ်ကြီးများ နှင့် ပါဂျေးရိုး ၊ ဟိုင်းလပ်ဆာဖ် လို ကားမျိုးတွေဖြစ်သည်။ ထိုကားမျိုးတွေကို စီးနင်းလာသူတွေကတော့ အဆိုပါ ဒုက္ခသည် တွေကိုကယ်ဆယ် ကူညီမည့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်၊ စားနပ်ရိက္ခာ အစီအစဉ်မှ နိုင်ငံခြားသား ၀န်ထမ်းနှင့် ဒေသခံ ၀န်ထမ်းများဖြစ်သည်။

(ဘိုကလေး၊ ပန်းပဲစု၊ ယူနီဆက် ယာယီစာသင်ကျောင်း)

အန်ဂျီအိုခေတ် ရောက်ပြီ

နာဂစ်မုန်တိုင်းသည် ကယ်ဆယ်ရေး ၊ ကူညီရေး ဆိုသည့် အသံများကို မြန်မာပြည် တပြည်လုံး ပဲ့တင်ထပ်သွား စေခဲ့သည်။ ဧရာဝတီတိုင်းမှ နာဂစ်ဒဏ်ခံ ဒုက္ခသည်များကို ကယ်ဆယ် ကူညီဖို့အတွက် ရန်ကုန်မြို့မှ သာမက အညာကုန်းခေါင်ခေါင်မှလည်း အုပ်စုလိုက်ဆင်းလာကြသလို မြန်မာပြည်မြောက်ဖျား၊ မူဆယ်နယ်စပ် မကျန် နီးစပ်ရာ တိုင်ပင်ငွေစုထည့်ဝင်ပြီး ကယ်ဆယ်ကူညီဖို့ ဧရာဝတီတိုင်းသို့ ဆင်းလာကြသည်။

ထို့အတူပင် ရန်ကုန်မြို့အခြေစိုက် အိုင်အန်ဂျီအို (international non government organization) များလည်း ဧရာဝတီတိုင်းသို့ အသီးသီးရောက်ရှိလာကြသည်။ နကိုကတည်းက ထိုဒေသမှာ လုပ်ကိုင်နေသည့် အန်ဂျီအိုများ ရှိသလို နာဂစ်ဖြစ်ပွားပြီး နောက်မှ ကယ်ဆယ်ရေး အတွက်ရောက်လာသည့် အန်ဂျီအိုများလည်း ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ယခင်တခါမှ မလုပ်ကိုင်ဘူးသေးသည့် နိုင်ငံတကာမှ အန်ဂျီအို မှပုဂ္ဂိုလ်များလည်း ခရီးသွားဗီဇာဖြင့် ၀င်ရောက်လာကြသည်။ ထိုစဉ်က ထရိတ်ဒါး ဟိုတယ်၊ ဆမ်းမစ် ပါ့ခ်ဗျူး၊ ဆဗွိုင်း၊ အစရှိသည့် ဟိုတယ်များတွင် မီဒီယာ နှင့် အိုင်အင်ဂျီအိုမှ နိုင်ငံခြားသားများဖြင့် ပြည့်နှက်နေခဲ့သည်။

(ကွမ်းခြံကုန်း၊ ဘုန်းတော်ကြီးကျောင်း ယာယီဒုက္ခသည်စခန်း)

ပြည်တွင်းအင်ဂျီအို အဖွဲများဖြစ်သည့် နာရေးကူညီမှုအသင်းလို လူမှုရေးအသင်းများကလည်း မိမိတို့အစီအစဉ်ဖြင့် ဧရာဝတီတိုင်းသို့ ကယ်ဆယ်ရေး ကူညီရေး အထောက်အပံတွေ အရောက်ပို့ပြီး ဝေငှပေးနေကြသလို၊ ဆရာတော် သံဃာတော်များ ဦးဆောင်သည့် ကယ်ဆယ်ရေးလုပ်ငန်းသည်လည်း နာဂစ် အရေးတွင် အရေးပါဆုံး အင်အားစု တရပ်ဖြစ်ခဲ့သည်။ ထိုအထဲတွင် သီတဂူ ဆရာတော် သည် အထင်ရှားဆုံး နှင် အင်အားအကောင်းဆုံး ဖြစ်သည်။ အရပ်ဘက် အဖွဲ့အစည်းများထဲတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) သည် လူအင်အားရော ငွေအင်အားပါ အကောင်းဆုံးဖြစ်သည် ကိုတွေ့ရသည်။

(နာရေးကူညီမှုအသင်း ယာယီသောက်ရေကန်ပြုလုပ်နေစဉ်)

ယာယီအားဖြင့် နအဖနှင့် သဘောတူညီမှု ယူပြီး အလုပ်လုပ်သည့် အိုင်အန်ဂျီအိုများ ကလည်း ၀န်ထမ်းများ အရေးတကြီး လိုအပ်နေသဖြင့် ကြေငြာကာ ခေါ်ယူခဲ့ကြသည်။ အချို့သော အိုင်အင်ဂျီအိုနှင့် ယူအန်အဖွဲ့အစည်းများက စေတနာ့ဝန်ထမ်း လုပ်သားများ ခေါ်ယူခဲ့ကြသည်လည်း ရှိသလို လစာ တစ်လကို အက်ဖ်အီးစီ ၂၀၀၊ ၂၅၀ ပေးပြီး လုပ်ငန်း ကြည့်ကြပ်သူ နေရာမျိုးခန့်ထား ခဲ့ကြသည်လည်းရှိသည်။

အချို့သော နိုင်ငံတကာ အဆက်အသွယ်ရှိသူများကလည်း ပြည်ပ အိုင်အန်ဂျီအိုများ ၊ အကူအညီပေးမည့်သူများ နှင့်ဆက်သွယ်ကာ နေ့ချင်းညချင်း အင်ဂျီအိုအသစ် ထူထောင်လိုက်ကြသည်။

ယခု နာဂစ်မုန်တိုင်းကြီးက အိုင်အင်ဂျီအိုများ၊ ပြည်တွင်းအန်ဂျီအိုများ အတွက် ခေတ်သစ်တခုကို ဖွင့်လှစ်လိုက်သလို ဖြစ်ပေါ်စေခဲ့သည်။

(မြစ်ကမ်းနဖူးက ဘုရား၊ တန်ဆောင်းများပြိုပျက်အပြီး)

အန်ဂျီအို ဘာကြောင့် ပေါ်

ကုလသမဂ္ဂကို အန်ဂျီအိုဟု အဓိပ္ပါယ် မသတ်မှတ်လျင် မြန်မာနိုင်ငံတွင် အန်ဂျီအိုများ ပေါ်ထွက်လာသည်မှာ ၁၉၉၀ ခုနှစ် နောက်ပိုင်းကာလများမှ စတင်သည်ဟု ဆိုရမည်။ ကျဆင်းလာသော မြန်မာနိုင်ငံ၏ ကျန်းမာရေး(ကြောက်စရာ ကောင်းသည့် ကူးစက်ရောဂါများ ကာကွယ်ကုသဖို့) ၊ ပညာရေးတို့တွင် အာဏာရယူထားသည့် “စစ်”အစိုးရက မလုပ်ဆောင်နိုင်သဖြင့် နိုင်ငံတကာ အန်ဂျီအိုများက ကြားဝင် တာဝန်ယူ လုပ်ဆောင်လာကြသည်။ ယခင် မဆလ အစိုးရလက်ထက်က တိုးတက်မှု တန့်နေခဲ့သည့် ကျန်းမာရေး၊ ပညာရေး အခြေအနေများကို နအဖ အစိုးရလက်ထက်တွင် ပိုမိုမြန်ဆန်စွာ နိမ့်ကျ ယိုယွင်းစေခဲ့သည်။

(ကွမ်းခြံကုန်းက အင်န်အယ်လ်ဒီ ပါတီရုံးနေရာ)

ဈေးကွက်စီးပွားရေးကို ဖေါ်ဆောင်နေပြီဖြစ်သည်ဟု အကြောင်းပြကာ ကျန်းမာရေးကိုလည်း လူထုက မိမိဘာသာ “ကိုယ်ထူကိုယ်ထ” တာဝန်ယူရတော့သည်။ လူမျိုးစု လက်နက်ကိုင် များကို စစ်ရေး အရ အနိုင်ယူနိုင်ဖို့ အတွက် စစ်အသုံးစရိတ်ကို တိုင်းပြည် ဂျီဒီပီ၏ ၄၀ ရာခိုင်နှုန်းကျော် သုံးကာ ပညာရေးတွင် စစ်အသုံးစရိတ်၏ ၁၀ ပုံ ၁ ပုံ ထက်လျော့နည်းပြီး သုံးစွဲခြင်းကြောင့် လူအများစု၏ ကျန်းမာရေး၊ ပညာရေး သိသာလျင်မြန်စွာ ကျဆင်းလာနေသည်။

တိုင်းပြည်စီးပွားရေး ကျဆင်းမှုပေါ်အခြေခံသည့် ထိုင်းနိုင်ငံသို့အလုပ်သွား ရောက်လုပ်ကိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများ နှင့် မူးယစ်ဆေးဝါး ပြဿနာရပ်အပေါ်တွင် ကူးစက်ရောဂါ အိတ်ခ်ျအိုင်ဗီက လျင်မြန်သည့်နှုန်းဖြင့် ပြန့်နှံ့လာသည်။ ထိုအချက်များသည် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန် ပြည်တွင်း ပြည်ပ အန်ဂျီအိုများ ထွက်ပေါ်လာခြင်း အကြောင်းခံဖြစ်တော့သည်။

ပြည်တွင်း အန်ဂျီအိုများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာ ကျန်းမာရေးနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင် လုပ်ဆောင်ဖို့ ရုပ်ဝတ္တု နှင့် နည်းပညာ အင်အားမရှိကြ။ ထိုသို့သော လောလောဆယ် အရေးကြီးသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် `လူသားချင်းစာနာမှု အကူအညီ´ ဟူသည့် ခေါင်းစဉ်အောက်တွင် အိုင်အင်ဂျီအိုများက လုပ်ကိုင်ရန် တဖြည်းဖြည်း ရောက်ရှိလာကြသည်။

(ကွမ်းခြံကုန်း အထက်တန်းကျောင်းမြင်ကွင်း)

အနှစ်ချင်း မတူသည့် “အိုင်”အန်ဂျီအိုနဲ့ “ပြည်တွင်း” အန်ဂျီအို ၀န်ထမ်းများ၏ စိတ်ဓါတ်

အိုင်အန်ဂျီအို ၀န်ထမ်း ကုလအဖွဲ့အစည်း ၀န်ထမ်းများမှာ လခရဖို့ အတွက် အလုပ်ဝင်လုပ်ကြသည့် ၀န်ထမ်းများသာ ဖြစ်ပြီး ပြည်တွင်း အန်ဂျီအိုများတွင် ၀င်ရောက်လုပ်ကိုင်နေကြသူ အများစုမှာ လစာ၊ ရိက္ခာရသည့်အတွက် ၀င်ရောက်လာသူနည်းပါးပြီး စေတနာ့ဝန်ထမ်း ပါဝင်လုပ်ဆောင်လိုသောကြောင့် ရောက်လာသူ များပြားသည်ကို တွေ့ရသည်။

ဝါရင့် အိုင်အန်ဂျီအိုဝန်ထမ်း တဦးက

“အိုင်အန်ဂျီအို တွေမှာ အလုပ်လာလျှောက်တဲ့သူ ၁၀ ယောက်မှာ ၅ ယောက်က စေတနာနဲ့ လုပ်ဖို့ ၀င်တာမဟုတ်ဘူး။ လစာကောင်းတယ် ဆိုတဲ့ သဘောကြောင့် ၀င်လုပ်ကြတာ။ ပြည်တွင်း အင်ဂျီအို တွေမှာတော့ စေတနာပါလို့ ၀င်လုပ်ကြတဲ့သူတွေ များတယ်´´ ဟုဆိုသည်။

(သာမန် ကိုယ်ထူကိုယ်ထ အလှူရှင်များကို ခြောက်လှန့် မောင်းထုတ်နိုင်ခဲ့သည့် စစ်အစိုးရ လက်နက်ကိုင်အဖွဲ့များ)

ပြည်တွင်း အန်ဂျီအိုဟု ဆိုရာတွင် နအဖ အစိုးရက အန်ဂျီအို အရေခြုံခိုင်းထားသည့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးလို အဖွဲ့အစည်းများကို ဆိုလိုခြင်းမဟုတ်ပဲ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ အခမဲ့ ဆေးခန်းများ ၊ နာရေး ကူညီမှုအသင်းများ ကို ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။

မက်လောက်စရာ အန်ဂျီအိုလစာ

မြန်မာနိုင်ငံလို ၀င်ငွေနိမ့်သည့် နိုင်ငံများတွင် အန်ဂျီအို ၀န်ထမ်းလစာသည် အခြားသော စီးပွားရေး လုပ်ငန်းများ၊ အစိုးရ၀န်ထမ်းများ၏ လစာနှင့်နှိုင်းယှဉ်လျင် အတော်အတန် မြင့်သည့် လစာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပျှမ်းမျှလစာထက် ကုလနှင့် အိုင်အင်ဂျီအို ၀န်ထမ်းများ၏ လစာက သိသာစွာ မြင့်နေသည့် ဖြစ်ရပ်တွင် အပိုင်း အပိုင်း ၂ ပိုင်းရှိသည်ကို တွေ့ရသည်။

အိုင်အန်ဂျီအိုများအနေဖြင့် မြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်းများ အပေါ်အခြေခံကာ လူတယောက် မိသားစု တစုအတွက် ရပ်တည်နိုင်လောက်သည့် ပမာဏကို တွက်ချက်ပြီး ကျွမ်းကျင်မှုအလိုက် လစာများ သတ်မှတ်ပေးသည်။ ထိုသို့ပေးရာတွင် နိုင်ငံခြားငွေမာ ဖြစ်သည့် ဒေါ်လာ သို့မဟုတ် အက်ဖ်အီးစီ ဖြင့် သတ်မှတ် ခြင်းဖြစ်ရာ မှန်မှန်ကြီး ငွေဖောင်းပွ နေသည့် မြန်မာနိုင်ငံတွင် ထိုသို့ ငွေမာဖြင့် ရရှိခြင်းက တပန်းသာသည် ဟုဆိုနိုင်သည်။

(နာဂစ်သင့်ဒေသ၊ လူထုအင်အားဖြင့် ကိုယ်ထူကိုယ်ထ ခရီးသွား ကယ်ဆယ်ရေး လုပ်သားများ)

အခြားတဘက် ဖြစ်သည့် ပြည်တွင်း အန်ဂျီအိုများ အနေဖြင့်မူ စေတနာ့ ၀န်ထမ်း အနေဖြင့် လုပ်ကိုင်သူက လုပ်၊ လစာဖြင့် မခိုင်းလျင် မဖြစ်သည့် အလုပ်မျိုးကိုတော့ သင့်တင့်သည့် လစာ ပေးခေါ်ယူကြသည် ဟု အန်ဂျီအိုမှ မြန်မာဝန်ထမ်း တဦးက ပြောပြသည်။

ထိုပြည်တွင်း အန်ဂျီအိုများထက် လစာ တဆင့်မြင့်သည်မှာ အိုင်အန်ဂျီအိုအဖွဲအစည်းများဖြစ်သည်။ ဥပမာအားဖြင့် ပြည်တွင်း စာရင်းကိုင် တယောက်ကို အန်ဂျီအိုတခုက တလ အက်ဖ်အီးစီ ၁၅၀ ၀န်းကျင် ပေးသည်ဆိုလျင် အိုင်အန်ဂျီအိုက ၃၀၀ ၀န်းကျင် ပေးပြီး ယူအန်လို အဖွဲ့အစည်းက ၅၅၀ – ၆၀၀ အထိပေးသည် ဟုဆိုသည်။ ထိုသို့သော အဖွဲ့အစည်းပေါ်မူတည်ကာ မြန်မာနိုင်ငံသားဒေသခံများ အကြား လစာမတူသည်က တချက်အပြင် အခြားတချက်မှာ နိုင်ငံခြားသားများက မြန်မာများထက် မယှဉ်သာအောင် မြင့်သည့် လစာကိုရရှိနေသည့် အချက်ဖြစ်သည်။

(ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး ကူညီရေး စခန်းများ)

အိုင်အန်ဂျီအိုများ တွင်လုပ်ကိုင်နေသည့် “အိတ်စ်ပါ့ထရိတ်” ဟုခေါ်သည့် နိုင်ငံခြားသားများ၏ လစာနှင့် ဒေသခံ မြန်မာနိုင်ငံသားများ၏ လစာဖြစ်သည်။ မြန်မာဒေသခံများ၏ လစာသည်ပင် အခြားသော ကုမ္ပဏီဝန်ထမ်း လစာတို့နှင့် နှိုင်းယှဉ်လျင် များသည်ဟု ထင်မြင်ချက်များ ရှိနေသော်လည်း နိုင်ငံခြားသားများ ၏လစာက ဒေသခံများထက် သိသိသာသာများကာ Country Director လို Consultant လို ထိပ်ပိုင်း ရာထူးများကိုလည်း နိုင်ငံခြားသားများကသာ အုပ်စီးထားလေ့ရှိပြီး၊ ထိုသို့သော ရာထူးကြီးများ လစ်လပ်လျင် သူတို့နှင့် နီးစပ်သူ နိုင်ငံခြားသားများကိုသာ ဆက်သွယ် ခေါ်သွင်းလာလေ့ရှိသည်ဟု အဆိုပါ ၀ါရင့် အိုင်အန်ဂျီအိုဝန်ထမ်း က ပြောဆိုသည်။

ဥပမာ အားဖြင့် မြန်မာနိုင်ငံသား တဦးက အိုင်အန်ဂျီအို တခု၏ အတိုင်ပင်ခံ ရာထူးအတွက် တစ်လ ဒေါ်လာ ၃၀၀၀ နှင့် လုပ်ကိုင်သည် ဆိုလျင် ထိုရာထူးနေရာကိုပဲ နိုင်ငံခြားသား တဦးကလုပ်လျင် ၆၀၀၀ ခန့်ဖြင့် လုပ်ကိုင်ရန် ကြိုးစားသည့် အဖြစ်မျိုးလည်း ရှိသည်ဟု အမည်မဖေါ်လိုသည့် ၀ါရင့် အိုင်အန်ဂျီအို ၀န်ထမ်း တဦးကပြောဆိုသည်။

ထိုကဲ့သို့ သော မလိုအပ်ပဲ ငွေ အလဟဿ ကုန်ကျလျက် ရှိသည့် အတွက် အလှူရှင်နိုင်ငံများ ဖောင်ဒေးရှင်းများက လှူဒါန်းလိုက်သည့် အလှူငွေများသည် အမှန်တကယ် ဒုက္ခရောက်နေသူ၊ အကျိုးခံစားရမည့်သူ များထံ ရောက်သည့်အခါ ၃ ပုံ ၁ ပုံ မျှပင် ကျန်ပါ့မလားဟု သံသယ ဖြစ်ဖွယ်ရာ ဖြစ်သည်။

(အကူအညီများကို တန်းစီစောင့်နေရသည့် ကလေးငယ်များ)

ပုးံပေါက်နဲ့ ခပ်တိုက်လိုက်တဲ့ ဒုက္ခသည်ဆီအရောက် ရေ ၁ စက်

ပြီးခဲ့သည့် နာဂစ်ဘေးဒုက္ခ ကယ်ဆယ်ရေးအတွက် မိုက်ကရိုဆော့ဖ် ကုမ္ပဏီ တည်ထောင်သူ ဘီဂိတ်က ဒေါ်လာ ၃သန်းကို ရန်ကုန်မြို့ရှိ အမေရိကန် အခြေစိုက် အိုင်အန်ဂျီအိုကြီး ၃ ခုသို့ ခွဲဝေပေးလှူခဲ့သည်။ ထိုဒေါ်လာငွေ ၁ သန်းကို လက်ခံရရှိသည့် အိုင်အန်ဂျီအို တခုမှာ အလှူငွေ ၁သန်းမှ ၁၀ ရာခိုင်နှုန်းကို အဖွဲ့အစည်း၏ ၀န်ဆောင်စရိတ် အဖြစ်ဖယ်ထားလိုက်ပြီး ကျန် ၉ သိန်းမှ နာဂစ်ကယ်ဆယ်ရေး အတွက် ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး စရိတ် တို့တွင်သုံးစွဲမည်ဟု အမည်မဖေါ်လိုသည့် ပြည်တွင်း အန်ဂျီအို တာဝန်ခံကပြောသည်။ ထိုသို့ အလှူငွေ၏ ၁၀ ရာခိုင်နှုန်းကို အဖွဲ့၏ ၀န်ဆောင်စရိတ် အဖြစ်သုံးစွဲသည်မှာ ထို အဖွဲ့၏လုပ်ထုံးလုပ်နည်း အရဖြစ်သည်ဟုလည်း ပြောဆိုသည်။

ယူအန်နှင့် အိုင်အန်ဂျီအိုများ၏ အသုံးစရိတ်သုံးစွဲပုံကို နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး စေတနာ့ ၀န်ထမ်း သွားရောက်သူများ မြင်တွေ့ပြီး အလှူငွေ၏ ရာခိုင်နှုန်းများစွာသည် ဒုက္ခသည်များ ဆီမရောက်မီ ကုန်သွားသည့် အဖြစ်ကို ကြည့်ကာ စိတ်မသက်သာကြ။

(အချိုးကျပေးဝေသော အကူကို ရရှိရန်အတွက် လူအို၊ လူနာများကိုပါ ဝေခြမ်းရေးဌာနသို့ သယ်လာစဉ်)

ပြည်တွင်း အလှူရှင်များက ဒုက္ခသည်များအတွက် ဝေငှပေးမည့် ပစ္စည်းများကို သယ်ယူရာတွင် တတ်နိုင်သရွေ့ ဈေးချိုမည့် စရိတ်သက်သာအောင် ရှာဖွေငှားရမ်းကြသည်။ တခါတရံ ကားပိုင်ရှင်ကို `ဒုက္ခသည်တွေအတွက် ကူညီတာ ကုသိုလ်ရပါတယ်´ဟု ပြောဆို စည်းရုံးကြရသည်။ လုပ်အားပေးမည့်သူ၊ အလှူပါဝင်သည့်သူများလည်း အဆိုပါ အလတ်စား ထရပ်ကားထဲတွင်ပင် ပစ္စည်းများပေါ်ဒုက္ခခံ၍ စီးနင်းလိုက်ပါကြသည်။ ယူအန်တို့လို အချို့သော အိုင်အန်ဂျီအိုတွေလို လင့်ခရူဆာ၊ ပါဂျေးရိုးဖြင့် မသွားနိုင်ကြ။ တသီးပုဂ္ဂလနှင့် အဖွဲ့အစည်း အသီးသီးက ကူညီလိုက်သည့်ငွေများကို တတ်နိုင်သမျှ ဒုက္ခရောက်နေသူများလက်ဝယ် ရောက်စေချင်ကြသည်မှာ စေတနာ့ဝန်ထမ်းနှင့် သံဃာတော်များ၏ ဆန္ဒဖြစ်သည်။

(ဘုန်းကြီးကျောင်းများက ချိန်းဆိုသည့်အချိန်အတွင်း လာစောင့်နေရသူ နာဂစ်ဒုက္ခသည်များ)

ယူအန်နှင့် အိုင်အန်ဂျီအိုများမှာ ကယ်ဆယ်ရေး ကူညီရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများတွင် အထူးလေ့လာ ပြီး စနစ်ကျကျနှင့် မှတ်တမ်းမှတ်ရာ ရှိရှိလုပ်ကိုင်ရသည့် Professional အဖွဲ့အစည်းများဖြစ်သည်။ ပြည်တွင်း စေတနာ့ဝန်ထမ်း ကယ်ဆယ် ကူညီရေး လုပ်ကိုင်သူများမှာ စာရင်းဇယားအရ၊ မှတ်တမ်းမှတ်ရာ အရအဆိုပါ အဖွဲ့အစည်းတွေလောက် အားကောင်းခြင်း မရှိ ဟူသော ရှုထောင့်မှ ပြောဆိုသုံးသပ်မှုများ လည်း ရှိနိုင်ပါသည်။

သို့ရာတွင် ယူအန် နှင့် အချို့သော အိုင်အင်ဂျီအိုများတွင် ပရောဂျက်တခု အတွက်တနှစ်စာ လျာထားပေးသည့်ငွေ ပိုလျံနေခဲ့လျင် ထိုကာလမကုန်မီ ရှာကျန်၍ သုံးစွဲကြလေ့ရှိသည်ဟု အမည်မဖေါ်လိုသည့် ရန်ကုန် ယူအင်ဒီပီရုံး ၀န်ထမ်း တဦး ကိုယ်တိုင် ထုတ်ဖေါ်ပြောဆိုသည်။ အနည်းအကျဉ်း ငွေလိုနေလျင် ပြဿနာ မရှိသော်လည်း ငွေပိုနေလျင် ပြဿနာရှိသည့်အတွက် အမှန်တကယ် မလိုအပ်သည့် ကိစ္စရပ်တခုခု ကိုရှာပြီး သုံးကြရသည် ဟုဆိုသည်။

ယူအန်၊ အိုင်အန်ဂျီအို အဖွဲ့အစည်းများသည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ကျွမ်းကျင်အောင် လေ့လာ ပြင်ဆင်ထားသည့် ၀န်ထမ်းများအဖွဲ့ အစည်းများဖြစ်သည် ဆိုသည့်အချက်ကို မငြင်းလိုသော်လည်း ခေါင်းစဉ်တပ် တောင်းခံထားသည့် ငွေသည် လူသားချင်းစာနာထောက်ထား သည့် အကူအညီငွေများ ဖြစ်သည်ကို လူသားချင်းစာနာသည့် အသိတရားဖြင့် သတိပြုသင့်ပါသည်။ ထိုငွေ အများစုသည် အရည်ပျစ်ပျစ် ကို ကတော့တခုဖြင့် ပုလင်းထဲ လောင်းထည့်သလို ပုလင်းထဲမရောက်ပဲ အများစုမှာ ကတော့မှာသာ ကပ်ပြီးကျန်ရစ်ခဲ့သည်ဆိုလျင် ကူညီပေးလိုသည့် ရည်ရွယ်ချက် ပြည့်မြောက်သည် ဟု မဆိုနိုင်တော့ပေ။

(နာဂစ်ဝင်ပြီး ကွမ်းခြံကုန်း၊ တော်ပုလဲ အရပ်၊ ပြိုလဲ အိမ်ယာများ)

နာဂစ်ဒဏ်ခံရသည့် ဧရာဝတီတိုင်းတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် အိုင်အန်ဂျီအိုတခုမှ မြန်မာဝန်ထမ်းတဦးက ကျောင်းဆောက်လုပ်ရေး ကန်ထရိုက်တာအား “ယခုကျောင်းဆောက်တဲ့ငွေတွေက လူ့အလောင်း တွေပေါ်မှာ မူတည်ပြီး ပေးလာတဲ့ ပိုက်ဆံတွေ ဒါကြောင့် ဒီငွေတွေကို မှန်မှန်ကန်ကန် လုပ်စေချင်တယ်” ဟုပြောဆိုကာ စည်းရုံးရသည်ဟုဆိုသည်။

မြန်မာနိုင်ငံရှိ အချို့သော အိုင်အင်ဂျီအိုများတွင် တနှစ်စာ ၀န်ထမ်းလခ၊ ရုံးစရိတ်၊ သွားလာပို့ဆောင်စရိတ်များက အကူအညီပေးသည့် ပမာဏထက် ပိုများနေသည့် အဖြစ်မျိုးလည်း မကြာခဏ ကြားသိနေရသည်။ စီမံချက်တခုချင်းစီအတွက် အန်ဂျီအိုဝန်ထမ်းများ သွားရောက် ကြည့်ကြပ်ရသည့်ငွေသည် ပေးအပ်သည့် ပမာဏထက် များပြားနိုင်သည့်အတွက် သေးငယ်သည့် မိဘမဲ့ဂေဟာများ၊ ဆေးခန်းများကို ကူညီထောက်ပံ့ခြင်း မပြုနိုင်ကြပေ။ အဘယ်ကြောင့် ဆိုသော် ပရောဂျက် (စီမံချက်) တခုချင်းစီကို ကြည့်ကြပ်ရသည့် စရိတ်၊ စာရင်းစစ်ရသည့် စရိတ်က ပေးလှူကူညီသည့် ဒါနငွေပမာဏထက် များပြားလွန်းသည့် အဖြစ် ပေါ်လွင်လာမှာ ကြောင့် ဖြစ်သည်။

(ဒေးဒရဲ၊ ဆန်နှင့် ဖယောင်းတိုင် အလှူရလာသည့် ကလေးငယ်)

မြန်မာ့ အကြပ်အတည်း

အာဏာကို မက်မောစွာ ဖက်တွယ်ထားသည့် နအဖ ဗိုလ်ချုပ်တစု၏ အမြင်ကျဉ်းမြောင်းမှု တိုင်းပြည်အပေါ် ငဲ့ကွက်ခြင်း မရှိမှုကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းသည် နှစ်ကာလမည်မျှ ကြာရှည်ဦးမည်မှာ မည်သူမှ အတပ်မပြောနိုင်ပေ။

ထိုသို့သော အခြေအနေတွင် တိုင်းပြည်၏ လူမှုအဆောက်အဦ ဖြစ်သည့် ကျန်းမာရေး၊ ပညာရေးတို့တွင် ရုပ်ဝတ္တု ပိုင်းဆိုင်ရာရော စိတ်ဓါတ်ရေးရာအရပါ ပြိုလဲမသွားအောင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဘုန်းတော်ကြီးများက ၀ိုင်းဝန်းလုပ်ဆောင်နေကြသလို နိုင်ငံတကာမှလည်း `လူသားချင်းစာနာမှု အကူအညီ´ အဖြင့် ကူညီနေကြသည်မှာ လက်တွေ့ အခြေအနေဖြစ်သည်။

ထိုသို့ကူညီပေးရာတွင် အန်ဂျီအိုဝန်ထမ်း တဦးပြောသလို` အကူအညီ အဖြစ်ပေးလာတဲ့ ငွေတွေကို ကူညီရေး လုပ်ဆောင်တဲ့ ယူအန်လို၊ အိုင်အန်ဂျီအိုလို အဖွဲ့တွေမှ ၀န်ထမ်းတွေက အများစုသုံးသွားတဲ့ အဖြစ်မျိုး မြင်နေရရင် မြန်မာနိုင်ငံသား တယောက်အနေနဲ့ပဲ ဖြစ်ဖြစ် စိတ်ထဲမှာ ဘယ်လိုမှ ဘ၀င်မကျနိုင်ဘူး´ ဆိုပါသည်။

(အလှူခံရထားသည့် ပန်းကန်ပြားနှင့် မိုးစိုခံရင်း ထမင်းဝေချိန်ကို စောင့်နေသည် ကလေးများ)

ဘာပဲဖြစ်ဖြစ် ဒုက္ခသည်ကလေးငယ်ကတော့ သူ့လက်ထဲရောက်လာသည့် ထမင်းတဆုပ်ကို ၀မ်းသာအားရ ကျေးဇူးတင်ခြင်းကြီးစွာဖြင့် အားပါးတရ စားသုံးမည်ဖြစ်သည်။ စစ်အာဏာပိုင်များ၏ ပုတ်ချခြင်း မခံလိုက်ရသည့် ထမင်းတလုတ်၊ ပြီးတော့ သူဆီရောက်လာဖို့ ဒေါ်လာ ရာပေါင်း ထောင်ပေါင်းများစွာဖြင့် အိုင်အင်ဂျီအိုတို့ လက်ဆင့်ကမ်း သယ်ဆောင်လာသည့် ထမင်းတလုတ်၊ သို့မှမဟုတ် ရဟန်းသံဃာတို့၊ သားချင်းပြည်သူတို့ ချွေးနဲစာများ ၀ိုင်းဝန်းစုဆောင်း အရောက် ပို့ဆောင်လာသည့် ထမင်းတလုတ်၊ ဘယ် ထမင်းတလုတ်ဖြစ်ဖြစ် ထိုကလေးငယ်ကတော့ မြိန်ရည်ယှက်ရည် စားသုံးရမည်သာ ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts