>Maung Yit – Great Depression and MoeMaKa

>



နှစ်သစ်ကူး နှုတ်ခွန်းဆက်

စီးပွားပျက်ကပ်ထဲမှာ မိုးမခကို ထားရစ်ခဲ့

မောင်ရစ်

ဖေဖော်ဝါရီ ၈၊ ၂၀၀၉


ဇန်န၀ါရီ စကားကို ပရိသတ်ကြီးဆီ ဦးတည်ပြီး ရေးလိုက်ပါတယ်။ နှစ်သစ်ကူးမှာ ဆုမွန်ကောင်း မတောင်းပေးရသေးဘူး။ ပြည်တွင်းရေးတွေ ပြည်ပရေးရာတွေ ဘာအရေး ညာအရေးတွေ မစားရ ၀ခမှန်း ရှေ့ကနေ ကုန်းအော်နေတော့ ကိုယ့်ဝိုင်းတော်သားအရေးတွေ၊ ကိုယ့်မီးဖိုချောင်အရေးတွေ လှည့်မကြည့်မိဘူး။


ဟော နှစ်သစ်ကူး ဇန်န၀ါရီလဆန်းမှာ တချက်ကလေး စောင်းငဲ့ကြည့်လိုက်တော့ ကိုဇာနည်ဝင်းက ထိုင်းကနေ “ဆ၀ါ့ဒီခပ်ပ်” လှမ်းလုပ်တယ်။ ဟာ … ဘယ်တုံးက ဆန်ဖရန်က ပြန်သွားတာတုံးလို့ မေးတော့ ခရီးသွားလက်မှတ်ရတာနဲ့ ဆရာကတော်ရှိရာ ထိုင်းနေပြည်တော်ကို ဒုံးစိုင်းပြန်သွားတာလို့ဆိုတယ်။ ဟိုမှာ စာနယ်ဇင်းအလုပ်လေးတွေ ခြေကောက်လိုက်လုပ်ရင်း ပျော်သလောက် နေဦးမှာတဲ့။ မိုးမခအလုပ်တွေကတော့ ထုံးစံအတိုင်း စိတ်ချင်း သဘောထားချင်း တိုက်ဆိုင်သလောက် လုပ်နေဦးမှာတဲ့။ အစာအိမ်ချင်း ဆက်မထားတော့ သူငတ်နေသလား၊ ဗိုက်ဆာနေသလား မသိဘူး။ သူ ဆက်လုပ်နေဖို့ အရေးကြီးတော့ စိတ်ချမ်းသာအောင်ပဲ ထားရတော့မှာပဲ။ လူချမ်းသာအောင်ကတော့ မတတ်နိုင်ဘူး မဟုတ်လား။ အေးရာ အေးကြောင်းပေါ့။



အော် … အေးရာ အေးကြောင်းဆိုလို့ ဖို့ဝိန်းက အအေးတောထဲ နှင်းတောထဲမှာ မိုးမခရဲ့ လူကြီး ဒေါ်မာမာအေး ချမ်းလွန်းလို့ မေးချင်းရိုက် ခိုက်ခိုက်တုန်နေတာ တွေ့ရတယ်။ ဒီဇင်ဘာမှာ “မာမာအေး ဖောင်ဒေးရှင်း” ဆန်ဖရန်မှာ စည်စည်ကားကားပြူလုပ်နိုင်ခဲ့ပြီး အိမ်လည်း ပြန်သွားရော နှင်းတောထဲက သူ့အိမ်မှာ အပူပေးစနစ်တခုလုံး ပျက်နေတာနဲ့ တိုးတယ်။ ရေနံဆီမီးဖိုလေးနဲ့ မီးလှုံရင်းက ဇန်န၀ါရီလဆန်းမှာ ၀ါရှင်တန်ဒီစီက မြန်မာပြည်လွတ်လပ်ရေး ၆၁ နှစ်ပြည့်ပွဲကို တက်တယ်။ ဇန်န၀ါရီ ပထမပတ်မှာ ဆန်ဖရန်ကို ပြန်လာပြီးတော့ အာရှမိသားစု နှစ်သစ်ကူးပွဲတော်တခုမှာ ဒီက သူ့မွေးစားမြေးကလေး ၅ ယောက်ရဲ့ ထံတျာတေးရှင် ပီယာနိုလက်စွမ်းပြကို မေတ္တာနဲ့ ၀င်ရောက် အားပေးတယ်။ အယ်လ်အေက ဆရာတော် “ဦးကု”က အန်တီကို မိခင်တဦးသဖွယ် သတင်းမေးတယ်။ ကျနော်တို့က အအေးတောထဲမှာ တဦးတည်း ကြံ့ကြံ့ခံနေမယ့် ဒေါ်မာမာအေးကို ၀ိုင်းစိတ်ပူနေကြချိန်မှာ – မာမာအေး ဖောင်ဒေးရှင်းမှတ်တမ်းရုပ်သံ တခု ထွက်နိုင်ဖို့၊ မြန်မာဂန္ထ၀င်ဂီတ မှတ်တမ်းတွေကို နိုင်သလောက် ထုတ်ဖော်ဖို့ စတဲ့ စိတ်တွေပူရင်းနဲ့ အိမ်ပြန်သွားလေရဲ့။



နှစ်သစ်ကူးမှာ မိုးမခ လူကြီးတွေကျန်းကျန်းမာမာ ရှိနေကြတာကို ၀မ်းသာပါတယ်။ ဆရာမောင်စွမ်းရည်နဲ့ ဆရာဦးဝင်းဖေတို့က မိုးမခက ဖုံးဆက်လိုက်မိရင် စာမူတောင်းတယ်ပဲ ထင်နေတယ်။ “အေး … စာရေးလိုက်မယ်။ စာမူတွေ ကုန်ပြီလား” လို့ပဲ ဆီးမေးတယ်။ ကျနော်တို့က “ဆရာတို့တွေ ကျန်းမာရဲ့လား၊ အဆင်ပြေရဲ့လား မေးတာပါ” လို့ မနည်း သတင်းမေးရတယ်။ စာမူခတို့၊ ဉာဏ်ပူဇော်ခတို့ကို တခွန်းမှ မပြောတဲ့ဆရာတွေ။ မနှစ်က နိုဝင်ဘာမှာ ဆန်ဖရန်ကို စာပေဟောပြောပွဲနဲ့ မိုးမခမိတ်ဆုံပွဲလာချီးမြှင့်တော့ မိုးမခက လမ်းစာရိတ်နဲ့ စားစရိတ်ပဲ တတ်နိုင်တာကို မျက်နှာပူလိုက်ရတာ။ နှစ်ဆန်းမှာ ကံကောင်းထောက်မလို့ အလှူငွေကလေးတွေ ဟိုက ဒီက ရလာတယ်။ လုပ်စရာရှိတာ လုပ်ချင်တာလေးတွေ လုပ်ပါတဲ့။ အဲဒါလေး အရင်းပြုပြီး ဆရာတွေ၊ ဆရာမတွေကို ကန်တော့ဖြစ်တယ်။ “အေး ကောင်းတာပေါ့ကွာ” တဲ့။



ကိုယ့်ဝိုင်းတော်သားတွေကို အဲဒီ အလှူငွေလေးတွေနဲ့ပဲ မိုးမခက မျက်နှာလုပ်နိုင်တာပါလေ။ ရန်ကုန်ကို ထောင်ဝင်စာကူငွေ အဲလေ ထောင်ဝင်စာ ကူငွေတောင် လောက်ငှအောင် မပေးနိုင်တော့ ထောင်သွား ခရီးစာရိတ်ကလေးတွေ နည်းနည်းပဲ ပေးနိုင်တယ်။ ပြီးတော့ စာပေပညာရှင်တွေ၊ မိသားစုတွေကို ကန်တော့ဖြစ်တယ်။ ဒီဗီဘီ အပတ်စဉ်ဆောင်းပါးရေး၊ မိုးမခ အပတ်စဉ် ရေဒီယို အစီအစဉ်လေး လုပ်ရင်း စေတနာဝန်ထမ်းတဲ့ စာရေးဆရာ ကိုထိန်လင်းကတော့ သူတို့လင်မယားရဲ့ ဒုတိယအိမ် ထိုင်းနေပြည်တော်ပြန် တိုင်းခန်းလှည့်ခရီးစဉ်အတွက် သင့်တော်ရာမှာ သုံးနိုင်လိမ့်မယ် ထင်ပါရဲ့။



မီချီဂန် နှင်းတောထဲမှာ တပတ်ကို ၂ ရက်လောက်ပဲ အလုပ်ရှိတော့တဲ့ ကိုအောင်ဝေးက ညီလေးရေ … ကိုယ့်ကဗျာစာအုပ်ထုတ်ဖို့အတွက် အဲဒီကူငွေကို ပြန်သိမ်းထားကွာ တဲ့။ မိုးမခက ရှေ့နှစ်ထဲမှာ စာအုပ်တွေ အခွေတွေ များများ ဆက်ထုတ်ဖို့ လိုသတဲ့။ အဝေးက တနင်္ဂနွေအပတ်စဉ်ရေဒီယို တာဝန်ယူထားသူ သြစတြေးလျ၊ ဆစ်ဒနီက ဦးပန်တျာကိုတော့ “ကျေးဇူးတင်တယ်” ဆိုတာပဲ ပေးနိုင်တယ်။ သူကလည်း စေတနာဝန်ထမ်း မြန်မာတိုင်းရင်းသားတွေနဲ့ ရေဒီယိုအစီအစဉ်ကို စီစဉ်ပေးနေသူဆိုတော့ သူကတောင် သူ့ရှိတဲ့ပင်စင်လစာထဲကနေ ဘာလိုသေးလဲလို့ ပြန်မေးနေတာပါ။



ဖြစ်ချင်တော့ ဇန်န၀ါရီလက အမှတ်တရတွေ များတယ်။ မိုးမခရဲ့ ဆရာဦးတင်မိုး ကွယ်လွန်ခြင်း ၂ နှစ်ပြည့်၊ ပြီးတော့ မောင်ရစ် အဖွားတွေရဲ့ နှစ်လည်တွေ။ လကုန်ရက် တနင်္ဂနွေနေ့တိုင်း ပြုနေကျ မိုးမခလစဉ်ဆွမ်းကျွေးမှာ မိုးမခကို ချစ်တဲ့ မိတ်ဆွေတွေ၊ ၀ိုင်းတော်သားတွေ လာကြတယ်။ အမှတ်တရ စကားဝိုင်းဖွဲ့တယ်။ န၀ကမ္မလှူ၊ ဆွမ်းကပ်၊ ပြီးတော့ လစဉ်ကတိပြုထားတဲ့အတိုင်း နာဂစ်သင့် မိဘမဲ့ကလေးသူငယ်များ စောင့်ရှောက်ရေး ရန်ပုံငွေကို လှူဖြစ်ကြပြန်တယ်။ ထူးထုးခြားခြား မိုးမခ အင်တာနက် စာမျက်နှာ စတင်ကတည်းက မေတ္တာနဲ့ အတွေးအမြင်စာမူတွေ ရေးပေးနေခဲ့သူ၊ မိုးမခ စာပေ အနုပညာ သာရေး နာရေးတွေမှာ ဘယ်တော့မှ လက်မနှေးသူ ဦးဉာဏ်ဦးမောင်ဆိုတဲ့ ကိုယ်တော်ကို စာမူခ ကန်တော့ဖြစ်တယ်။ မိုးမခက စာမူခတို့ ဘာတို့ ဘယ်တုံးကမှ ပေးနိုင်တာ မဟုတ်ပါဘူး။ ရှေ့လည်း ပေးနိုင်မယ် မထင်ဘူး။ ကိုယ်တော်က သူ့အရပ်က မူလတန်းလွန် ကိုယ်ထူ ကိုယ်ထ ကျောင်းသင်ခန်းလေးအတွက် အလှူအကုန်ထည့်လိုက်မတဲ့။ ၀မ်းသာစရာ။



မိုးမခ အဝေးက ၀ိုင်းတော်သားတွေကို ဒီကနေပဲ နှုတ်ဆက်လိုက်ပါရဲ့။ မိုးမခနဲ့ ၀ိုင်းတော်သားတွေကြားထဲက သံယောဇဉ် အတိုင်းအတာဟာ သူတို့ပေးဆပ်လိုက်တဲ့ အလုပ်တွေနဲ့ပဲ တိုင်းတာနိုင်တယ်လေ။ နေ့စဉ် အပတ်စဉ် တက်လာတဲ့ သတင်းတွေ၊ စာတွေ၊ ဓာတ်ပုံတွေ၊ လက်ရာတွေကနေ သူတို့ မိုးမခမှာ ရှိနေတယ်လို့ သင်္ကေတကို ပြတာပါပဲ။ ဒီဖက်က မိုးမခ၀ိုင်းတော်သားတွေကလည်း လောက၀တ် ကျေပွန်လွန်းတော့ ကျေးဇူးတင်တယ်လို့တောင် ပြောဖို့ မေ့မေ့နေတာ ခွင့်လွှတ်ပါဗျ။ အထူးသဖြင့် ကိုဇေမှိုင်း၊ ကိုသန်းစိုးလှိုင်၊ မိုးမခ၀င်း၊ ကိုသြရသ၊ ကောင်းကင်ပြာ၊ ကိုမျိုးလေးနဲ့ ၀ဏ္ဏကိုကိုတို့ကို ကျေးဇူးတင်ကြောင်း ဒီကပဲ ပြောလိုက်ပါရဲ့။



ကျေးဇူးတင်ရမယ့်သူတွေ၊ ကျေးဇူးတင်ချင်တဲ့သူတွေက အများကြီးပါဗျာ။ ဒီနှစ်ဆန်းမှာ ပြည်ပရောက် မြန်မာတို့အတွက် အမေရိကန် အင်္ဂလိပ်စကားပြော စီဒီခွေလေးကို အိန္ဒိယရောက် ကိုထက်မိုးတို့၊ အမေရိကန်ရောက် ဇော်အောင် (မုံရွာ) တို့ကြောင့် အကောင်အထည်ဖော်ဖြစ်တာပါ။ အင်္ဂလိပ်လို မပြောတတ်သေးချိန်မှာ တစိမ်းတွေကြားထဲ ကိုယ့်ကိုယ် အ,အကြီး လို့ မထင်အောင် “လေချွန်” ပြနေမည့်အစား အခွေလေးဖွင့်ပြီး လေ့ကျင့်လို့ရတာပေါ့ခင်ဗျာ။ ရောင်းတယ်သာ ဆိုတယ် မိုးမခ၀ိုင်းတော်သားတွေက “ပေး” ချင်တာပါဗျာ။ လာတောင်းလို့ကတော့ ပေးလိုက်တာပဲ။ ပြီးတော့ လက်ဆင့်ကမ်းချင်လည်း ကိုယ့်ဖာသာ ကူးသာ ပေးလိုက်ကြပါဗျ။ မိုးမခဆီမှာ ဖော်ထားတာက “မွဲဆေး” ပဲ ရှိတယ်။ လူပေါ်လူဇော်လုပ်နည်း ကျမ်းတို့ ဘာတို့က မြန်မာပြည် ပြန်မှာမှ ရမယ် ထင်တယ်။



မိုးမခက မွဲပြီး စေတနာကတော့ “ပေါ” ပါတယ်လေ။ လဆန်းမှာ “သီးလေးသီး ဆေးရောင်စုံ” ဆန်ဖရန် လာတော့လည်း မိုးမခ ၀ိုင်းတော်သားတွေက အားပေးချင်လိုက်တာ လှိမ့်နေတာပဲ။ ၂၀၀၇ သံဃာအရေးအခင်း မီးတောက်မီးလျှံထဲမှာ ပြည်သူတွေ သံဃာတွေရဲ့ ဆင်းရဲဒုက္ခတွေကို ငြိမ်းစေဖို့၊ ထိခိုက်ကျဆင်းနေတဲ့ အမျိုးသားစိတ်တွေ မြှင့်တင်ဖို့အတွက် ပြည်သူ့အချစ်တော် ပါရမီရှင် ကိုဇာဂနာ မွေးထုတ်ပေးလိုက်တဲ့ အမျိုးသားဂုဏ်ဆောင် အငြိမ့်အဖွဲ့၊ ၂၀၀၈ တနှစ်လုံးမှာ နိုင်ငံတကာက မြန်မာတွေ မိသားစုတွေကို ရဲရင့်တက်ကြွတဲ့ အမျိုးသားစိတ်ဓာတ်ကို မြှင့်တင်ဖို့ အစဉ်ကြိုးစားတဲ့ ၀ိုင်းတော်သား ၇ ဦးနဲ့ တော်လှန်တဲ့ အငြိမ့်အဖွဲ့ကိုး။



သူတို့တွေလည်း ဒီကာလတလျေက်လုံးမှာ ပညာကြေး၊ သုခုမကြေး သီးခြား သတ်သတ်မှတ်မှတ် တောင်းခြင်း ပြုခြင်း မရှိဘဲ ပရိသတ်အလိုကျ၊ ပွဲသွင်းသူ ပွဲစီစဉ်သူများ အလိုကျ အပြုံးတချက်မပျက်ဘဲ ဖျော်ဖြေကပြ အသုံးတော်ခံနေတာပါ။ ပွဲစဉ်တွေတိုင်းမှာ ပရိသတ်တွေက သူတို့ရဲ့ အနုပညာတက်ဆက်မှုတွေကို ခံစားကြပြီး ခွဲခွာကြချိန်မှာ ဘယ်ဆီဘယ်ဝယ် မသိတဲ့ ပြည်တော်သာမယ့် မြန်မာပြည်ကြီးကို လွမ်းဆွတ်လို့ ငိုကြရတယ်တဲ့။ သူတို့တွေလည်း သံသရာခရီးသွားတွေပါပဲ။ လောကဓံကြီး အလိုကျ ငိုကြ၊ ရယ်ကြပေမယ့် လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ပြည်သူတွေရဲ့ အသံ၊ အကြားအမြင် အဖြစ်နဲ့ ခုချိန်အထိ ကြံ့ကြံ့ခံနေတဲ့ တခုတည်းသော အနုပညာအဖွဲ့တခုပေပဲ။ မိုးမခကလည်း တတ်အားသမျှ အားပေးခဲ့တာပါတယ်။ ဆက်လုပ်ကြဗျာ လို့။ ခင်ဗျားတို့ရှေ့မှာလည်း ဘယ်သူမှ မရှိဘူး၊ ခင်ဗျားတို့ နောက်မှာလည်း ဘယ်သူမှ မရှိဘူး လို့။



ပြောခဲ့ပြီးသလိုပါပဲ မိုးမခ ၀ိုင်းတော်သားတွေက အလုပ်ဆိုတာနဲ့ပဲ ချိတ်ဆက်ထားကြတော့ သူတို့ သာရေး နာရေးကို စကားလုပ်ပြီး မေးဖော်မရမိတာ တကယ်ပါ။ မနေ့ကပဲ ကိုဦး၊ မသန္တာတို့ကို မေးမိတယ်။ သတင်းလွှာတွေ နောက်ကျနေပြီ၊ မြန်မြန်လေး လုပ်ပါဦးလို့။ ကိုဦးက ပြန်ဖြေတယ်။ “ကျနော် ဒီမှာ အလုပ်ပြုတ်သွားလို့ပါဗျာ …” တဲ့။



ဟိုက် …



စားဝတ်နေရေး အလုပ်ပြုတ်သွားတဲ့ လူတယောက်က စေတနာ့ဝန်ထမ်း မိုးမခသတင်းလွှာ အလုပ်တွေ နောက်ကျတာကို အားနားနေတယ်။ မိုးမခက စိတ်မပူပါနဲ့ ကျနော်တို့တွေ အိုကေပါတယ်ဆိုပြီး သူ့ကို ပြန်ဖြေပေးနေရတယ်။ မိန်းမ၊ ကလေးတွေ တမြုံတမနဲ့ မိသားစုကို ထမ်းရင်းနဲ့ မိုးမခအတွက် လုပ်ပေးစရာတွေ လုပ်ပေးနေသူတွေကို ကျနော်တို့က ကျေးဇူးတင်ပါတယ်ဆိုတာထက် ပြောစရာ စကားမရှိပါ။ ကိုကျော်ကတော့ ပြောပါတယ်။ ကျနော်တို့ မိသားစုတွေကို မိဘအိမ်တွေ အမျိုးအိမ်တွေ ပြန်ပို့ထားလိုက်တာပေါ့ဗျာ … တဲ့။



ဇာဂနာရဲ့ ချစ်ဇနီးက နေပူ မိုးရွာအောက်က ဈေးဆိုင်လေးတခုမှာ ဈေးရောင်းနေချိန်၊ ထောင်ဝင်စာတွေ့တဲ့သူတွေက ကုန်ကားကြီးအမိုးတွေ ကိုင်းတွေပေါ် တိုးဝှေ့စီးပြီး အဝေးက အကျဉ်းထောင်တွေက သားချင်းတွေအတွက် ထောင်ဝင်စာ မပျက်ကွက်စေဖို့ အားခဲ ချီတက်နေချိန်၊ ဟေမန်သဇင်တို့၊ ပွင့်ဖြူနန္ဒာတို့၊ ကိုကျော်ဝဏ္ဏတို့၊ မိုးချိုသင်းတို့ စတဲ့ မိသားစုတွေ၊ ညီအကို မောင်နှမသဖွယ် ချစ်ခင်ကြသူတွေက မိုးမခ အလုပ်တွေအတွက် ၀ိုင်းဝန်းအားပေးနေချိန်မှာ ပြင်ပကမ္ဘာက ဒုက္ခတွေ ဘေးတွေကို ရင်ဆိုင်ဖို့ မိုးမခက ဘယ်လိုမျိုး ခွန်အားတွေ ရပါသလဲ။



အခုနှစ်ဆန်းမှာ မိုးမခက ၂၀၀၈ အတွက် စာရင်းချုပ်တာတို့၊ အစီရင်ခံစာတို့ကို ရေးရပါတယ်။ အားကြိုးမာန်တက်လုပ်ခဲ့တဲ့ အလုပ်တွေကို စာရင်းလုပ်တယ်။ ကုန်ကျတဲ့စာရိတ်တွေ အလှူခံရတွေကို စာရင်းလုပ်တယ်။



မိုးမခ ၀ိုင်းတော်သားတွေ တဦးတယောက်ကမှ လစာ ခံစားခွင့် မရှိဘဲ၊ အများက ထည့်ဝင်ငွေတွေ အလှူတွေနဲ့ မိုးမခကို လုပ်ခဲ့ကြတာကိုး။ စုစုပေါင်း စာရိတ်က ၈ သောင်း။ အလုပ်လည်ပတ်စာရိတ်က ၄ သောင်း၊ ကန်တော့တာ ပြန်လှူတွေက ၁ သောင်း ခွဲ ကျော်။ စာအုပ်တွေ၊ အစီအစဉ်တွေ ထုတ်လုပ်ဖြန့်ချိရေးက ၂ သောင်း ခွဲ ကျသင့်ပါတယ်။ အဲဒါအပြင် သီးခြား လည်ပတ်တဲ့ မြန်မာပြည်ဒီမိုကရေစီရေး ကူညီမှုရန်ပုံငွေက ၄ သောင်း ကူညီနိုင်ခဲ့ပါတယ်။



မိတ်ဆွေ တဦးက မောင်ရစ်ရဲ့ အစီရင်ခံစာတွေကို ပုခုံးပေါ်က ကျော်ကြည့်ရင်း မေးတယ်။ တအံ့တသြနဲ့။ ကမ္ဘာကြီးက အခု စီးပွားပျက်ကပ် ဆိုက်နေပြီ တဲ့။ မိုးမခက ဒီပုံစံအတိုင်းသွားနေလို့ကတော့ စီးပွားပျက်ကပ်ထဲက ကျော်ဖြတ်နိုင်ပါ့မလား တဲ့။ သူများတွေ စီးပွားမပျက်ခင်ကတည်းက ဒီလို မိုက်တွင်းနက်တဲ့သူတွေနဲ့ မိုးမခ၀ိုင်းတော်သားတွေက ဈေးတွက် မတွက်ဘဲ မျက်စိကို စုံမှိတ်လို့ ပြန်ဖြေလိုက်ပါရဲ့။



စီးပွားပျက်ကပ်ထဲမှာ မိုးမခကို ထားခဲ့ပါ …



ထောင်ထဲက မိတ်ဆွေကြီး ပြောတဲ့စကားနဲ့ ပြောရရင် စီးပွားပျက်ကပ်ဆိုက်ပြီး သေဌေးတွေ ကိုယ့်ကိုယ်ကို သတ်သေနေကြတဲ့ အမေရိကားမှာ တအားအဆင်ပြေကြပါစေ … ပေါ့။



(သရုပ်ဖော် ဓာတ်ပုံ – ပန်းချီထိန်လင်း အနုပညာ ဖန်တီးမှု မှတ်တမ်း ဖြစ်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts