Op-Ed Tu Maung Nyo

Tu Maung Nyo – No Water at the Mirage

“နေပြည်တော်မှာ နေသာတယ်” ဆိုရင် တံလျှပ်ကို ရေမထင်မိဖို့ အရေးကြီးပါတယ်

တူမောင်ညို (၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

“ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း ”ဆိုတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် မလာတာနဲ့ပတ်သက်ပြီး ကျားဖြူပါတီမှ လွှတ်တော်အမတ်တစ်ဦးက အားမလိုအားမရဖြစ်ရတဲ့ သဘောရေးထားတာ ဖတ်ရပါတယ်။

ဒါ့အပြင် အဲဒီအမတ်မင်းက သမ္မတဦးဆောင်တဲ့ “ဗဟိုကော်မတီ”မှာ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး (ဗိုလ်ရွှေမန်း နှင့် ဗိုလ်ခင်အောင်မြင့်)နဲ့ အခြားပါသင့်ပါထိုက်သူများပါဝင်လို့ ပြဿနာဖြေရှင်းနိုင်ရန် မှန်ကန်သောခြေလှမ်းဖြစ်တယ်လို့ သူကမှတ်ချက်ချလိုက်ပါသေး တယ်။

            ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်းတယ်လို့ဆိုပေမယ့် တကယ်တော့ အဲဒီဗဟိုကော်မတီထဲမှာ လစ်လပ်သွားတဲ့အဖွဲ့ဝင်များဖြစ် တဲ့ ဒုတိယသမ္မတဗိုလ်(ဦး) တင်အောင်မြင့်ဦး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်လှမင်း၊ နယ်စပ်ရေးရာဝန်ကြီးဗိုလ်သိန်းဌေး တို့နေရာတွေကို ဒုတိယ သမ္မတ ဗိုလ်(ဦး) ဉာဏ်ထွန်း၊ ဗိုလ်ဝေလွင်၊ ဗိုလ်သက်နိုင်ဝင်းတို့နဲ့ အစားထိုးတာလိုက်သာဖြစ်ပါတယ်။

ဒါ့အပြင်သမ္မတရုံးညွန်ချုပ်ဖြစ်တဲ့ဦးမင်းဇော်ကို ဦးလှထွန်းနဲ့အစားထိုးလိုက်တာတွေပဲဖြစ်ပါတယ်။ အသစ်အဆန်းဘာမှမပါဘူး။

 လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးဖြစ်တဲ့ (ဗိုလ်) ဦးရွှေမန်းနဲ့(ဗိုလ်) ဦးခင်အောင်မြင့်တို့ဟာ ဗဟိုကော်မတီစတင်ဖွဲ့စည်းစဉ် ကတည်းက ပါရှိပါတယ်။ အခုမှ ထပ်မံထည့်သွင်းခဲ့တာမဟုတ်ပါဘူး။

အရေအတွက်ဘက်ကပြောမယ်ဆိုရင် ယခင်ကလည်း ဗဟိုကော်မတီ ၁၁ ဦး၊ ယခုပြင်ဆင် ဖွဲ့စည်းရာမှာလည်း ၁၁ ဦးပဲဖြစ်လို့ အရေအတွက်အရလည်း တိုးမလာသလို၊ လျှော့လည်းမသွားပါဘူး။

            ဗဟိုကော်မတီ ၁၁ ထဲမှာ (ယခင်ကရော/ ယခုပြင်ဆင်ဖွဲ့စည်းပြီးတဲ့အခါမှာပါ) အမှတ်စဉ် (၁ မှ ၉ ထိ) ပါဝင်သူများဟာ (ကာလုံ) အဖွဲ့ဝင်များသာဖြစ်ပါတယ်။

            သမ္မတဗိုလ် (ဦး) သိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတဗိုလ်(ဦး) ဉာဏ်ထွန်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ (ဗိုလ်) ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်) ဦးခင်အောင်မြင့် တို့ဟာ ကြံ့ဖွံ့ပါတီထိပ်သီးများဖြစ်ပါတယ်။ ဒေါက်တာစိုင်း မောက်ခမ်းမှအပ ကျန်သူအားလုံးဟာ စစ်ဗိုလ်ဟောင်းများဖြစ်ပါတယ်။

            ကာချုပ်ဗိုလ်မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကိုကို၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ဝေလွင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ် သက်နိုင်ဝင်းတို့ဟာ စစ်တပ်မှ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်များဖြစ်ပါတယ်။

            အထက်ပါ ကြံ့ဖွံပါတီမှ ထိပ်သီး ၅ ဦးနှင့် စစ်တပ်မှ ထိပ်သီး ၄ ဦးတို့ဟာ လက်ရှိ (ကာလုံ) အဖွဲ့ဝင်များဖြစ်ပါတယ်။

            ဒါကြောင့် ဒီဗဟိုကော်မတီမှာ ပါဝင်ဖွဲ့စည်းထားတဲ့သူတွေကိုကြည့်လိုက်တာနဲ့  ဘယ်လို သဘောထားနဲ့ ဖွဲ့စည်းထားတယ် ဆို တာ သိမြင်နိုင်ပါတယ်။

 ဒါ့အပြင်ဒီဗဟိုကော်မတီဟာ မူဝါဒချမှတ်ခြင်း၊ ကြီးကြပ်ခြင်း၊နိုင်ငံခြားအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း၊ ရန်ပုံငွေထူထောင်ခြင်း၊ သုံးစွဲခြင်းစတဲ့သော့ချက်ကျတဲ့ကိစ္စတွေကိုချုပ်ကိုင်ထားတာဖြစ်တယ်။

 (ဗိုလ်)ဦးအောင်မင်း ဒုတိယဥက္ကဋ္ဌတစ်ဦးအဖြစ်ပါဝင်နေတဲ့ “လုပ်ငန်းကော်မတီ” ဟာ အထက်မှာတင်ပြခဲ့တဲ့ “ဗဟိုကော်မတီ” ကို တာဝန်ခံရတဲ့ အချိန်နဲ့တစ်ပြေးညီအစီရင်ခံနေရတဲ့ အဖွဲ့အစည်းသာဖြစ်ပါတယ်။ (ဗိုလ်) ဦးအောင်မင်း ဟာ သူ့သဘောနဲ့ သူပြောချင် တာ၊ သူလုပ်ချင်ရာလုပ်ခွင့်မရှိပါဘူး။ ဗဟိုကော်မတီနဲ့ ဆန့်ကျင်ကွဲလွဲပြီးလုပ်ငန်းကော်မတီ အနေနဲ့ ပြောခွင့်လုပ်ခွင့်မရှိပါဘူး။ ဒါကြောင့် “ကားပါမစ်တွေ” ပေးနေတယ်ဆိုတာ (ဗိုလ်)အောင်မင်းတို့ ၊ ဦးလှမောင်ရွှေတို့ကို အထက်က ခွင့်ပြုထားလို့ ပေးတာပါ။

ဒါကြောင့် ဒီလို ကြံ့ဖွံ့ထိပ်သီးတွေ၊ စစ်တပ်ထိပ်သီးတွေချည်းပါဝင်ဖွဲ့စည်းထားတဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ” ထဲ မှာ ဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းဖွဲ့စည်းခြင်းမရှိတာမဆန်းပါဘူး။ မထည့်ချင်လို့ကို မထည့် တာဖြစ်တယ်။ အကယ်၍ထည့်မယ်ဆိုလည်းထည့်လို့ရတာပဲ။

 ဒါပေမယ့် ဒီ ဗဟိုကော်မတီက အဓိကကိုင် တွယ်နေရတဲ့ကိစ္စက ပြည်တွင်း စစ်ကိစ္စဖြစ်တယ်။ တိုင်းရင်းသားလူမျိုးများ အရေးဖြစ်တယ်။ ဒီလိုလုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းဖွဲ့စည်း လိုက်ရင် ကျားကို အတောင်ပံတပ်ပေးသလိုဖြစ်မယ်ဆို တာ သူတို့ကောင်းကောင်း တွက်မိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က “ဖိတ်ခေါ်ရင်ပါဖို့အသင့်ပဲလို့” ပြောနေတာကို သူတို့သိပါတယ် ဒါပေမယ့် မသိချင်ယောင်၊ မကြားချင်ယောင် တမင်ဆောင်နေကြတာပါ။ ဒီတော့ စတင်ဖွဲ့စည်းစဉ်(၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်) က မထည့်သွင်းခဲ့သလို ပြင်ဆင်ဖွဲ့ စည်းတဲ့ (၂၀၁၃ ခုနှစ်၊ မေလ ၅ ရက်) အခါမှာလည်း မထည့်သွင်းခဲ့တာဟာ သာမန်တိုက်ဆိုင်မှုမဟုတ် ဘူး။ သူတို့အသေချာ စဉ်းစားပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်။

ဒါက (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရကဦးဆောင်ပြီးဖွဲ့လို့မထည့်တာပါ။ (ဗိုလ်)ဦးရွှေမန်း၊ (ဗိုလ်) ဦး ခင်အောင်မြင့်တို့ လွှတ်တော် ဘက်က က ဖွဲ့တာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်မှာပါလို့ ပြောချင်သလား။

ကြံ့ဖွံ့ပါတီဟာ ဘယ်လိုကော်မတီအမျိုးအစားတွေမှာသာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေလိုသလဲဆိုတာကို ပြည်သူ့လွှတ် တော်က ဖွဲ့စည်းပေးထားတဲ့ ကော်မတီများကော်မရှင်များကိုလေ့လာကြည့်ရအောင်ပါ။

လောလောဆယ်အချိန်ထိ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ အမြဲတန်းကော်မတီ (၄) ခု၊ အခြားကော်မတီ (၂၀) နဲ့ ကော်မရှင် (၁) ရှိပါတယ်။

  အဲဒီကော်မတီ/ကော်မရှင်တွေအနက် ကော်မတီတစ်ခုဖြစ်တဲ့  တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီ” မှာ သာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် (အခြားကော်မတီ) တစ်ခုဖြစ်တဲ့ “တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ” လိုမျိုးမှာတော့ ကြံ့ဖွံ့ပါတီထိပ်သီး၊ (ဗိုလ်)ဦးသိန်းဇော် ကိုသာ ဥက္ကဋ္ဌအဖြစ်ထားပြီး ဖွဲ့စည်းပါတယ်။ ဒါအချက်ကလည်း ကြံ့ဖွံ့ပါတီ သဘော ထား ထင်ရှားပေါ်လွင်နေတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။

အထင်ရှားဆုံးသာဓကတစ်ခုကတော့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ဖွဲ့စည်းပေးတဲ့ “လက်ပံတောင်းကြေးနီစီမံကိန်း စုံစမ်းစစ် ဆေးရေးကော်မရှင်”ဖွဲ့စည်းတဲ့ကိစ္စဖြစ်ပါတယ်။ ကြောင်လက်နဲ့ပြာပူယက်ခိုင်းလိုက်တာပါပဲ။ ဦးပိုင်အကျိုးစီးပွားကိုလည်း ကာကွယ်ပြီး သားဖြစ်စေ၊ လက်ပံတောင်းဒေသခံပြည်သူများနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ထိပ်တိုက်တွေ့စေဆိုတဲ့ စေတနာဗလပွနဲ့ ဒေါ်အောင် ဆန်းစုကြည်ကို စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးလိုက်ပါတယ်။

 (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရလိုချင်တဲ့ အကွက်ထဲ တည့်တည့်မတ်မတ်ဝင်သွားပါတယ်။ ဦးပိုင်အကျိုးစီးပွားကို ပိုင်ပိုင်နိုင်နိုင် ကာကွယ်နိုင်ခဲ့သလို၊“မီးလောင်ဗုံး” လည်း မီးခိုးဗုံးဖြစ်သွားရပြီး လက်ပံတောင်းဒေသခံပြည်သူများနဲ့ ဒေါ်အောင်ဆန်းစုကြည် တည့်တည့် တန်းတန်းထိပ်တိုက်တွေ့ခဲ့ရပါတယ်။

လက်ပံတောင်းလက်တွေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒိုင်းအဖြစ် သူတို့ကောင်းကောင်းကြီး အသုံးချသွားနိုင်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲ ဝင်သွားတဲ့အခါမှာလည်း  “မရှိသုံးအခြေခံဥပဒေ”ပါလို့ အခုအခါမှာ ပြောဆိုနေကြတဲ့ “၂၀၀၈ အခြေခံဥပဒေ ” ဟာ ဒီချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ (အရှိကို အရှိတိုင်းလက်ခံလိုက်တဲ့ ) လက်ခံရတဲ့ “အခြေခံဥပဒေ” ဖြစ် သွားပါတယ်။

အခုလည်း “အခြေခံဥပဒေသုံးသပ်ရေးကော်မတီ/ကော်မရှင်” ဆိုတာ ဖွဲ့ပါလိမ့်မယ်။ ဒီချုပ်က အမတ် ၇ ဦးစာရင်း ပေးထားပါ တယ်။ ဖွဲ့သမျှ ကော်မတီ/ကော်မရှင်တွေကို “ညောင်နှစ်ပင်နည်း” နဲ့ချည်းဖွဲ့မှာပါ။ အုတ်တစ်ချပ်သဲ တစ်ပွင့်အဖြစ်တော့ “အားလုံး” ပါ ဝင် စေရမယ်။ ဒါပေမယ့် အဲဒီအားလုံးထဲမှာ အဓိကအဆုံးအဖြတ်ပြုနိုင်တဲ့အများစုအင်အားကိုတော့ ကြံ့ဖွံ့ပါတီနဲ့စစ်တပ်က အသေအချာကိုင် ထားမှာပဲဖြစ်ပါတယ်။ စုစုပေါင်း (၁၀၅) ဦး မှာ ကြံ့ဖွံ့ပါတီက (၅၂) ဦး၊ စစ်တပ်က (၂၅) ဦးတဲ့။ 

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြံ့ဖွံ့အစိုးရကဖြစ်စေ၊ လွှတ်တော်ကဖြစ်စေ သဘောထားပုံခြင်းက အတူတူပါပဲ။ “လက်ပံတောင်းကြေးနီစီမံကိန်း”လိုကိစ္စမျိုးသာ ပေါ်ပါစေသူတို့ဘက်က အသုံးချဖို့ လက်နှေးနေမှာမဟုတ်ပါဘူး။

လျှာအရိုးမရှိတိုင်းပြောပြောနေတဲ့ သမ္မတကြီးဦးသိန်းစိန်ကိုထားခဲ့ပြီး၊  လွှတ်တော်ဥက္ကဋ္ဌကြီးများဘက် အလေးထား အသားပေး နေပြန်ပါပြီ။  နေပြည်တော်မှာ နေသာနေတယ်ဆိုရင် တံလျှပ်ကို ရေမထင်မိဖို့ အရေးကြီးပါတယ်။
(Photo – NLD facebook)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts