လွမ်းရတဲ့သူတွေ – ဖိုးချို
(တေးရေး/တေးဆို ဖိုးချို ကွယ်လွန်ခြင်း နှစ် (၂၀) ပြည့် (၁၅၊ ဇူလိုင်၊ ၂၀၁၃) အထိမ်းအမှတ်)
ဓာတ်ပုံ – ခွါနီး ၊ မျှဝေသူ – Doney MP
“ပုစဉ်းရင်ကွဲတွေ.. အော်နေကြတယ်.. ကြားတော့.. ကြားတယ်.. မမြင်နိုင်တယ်..မင်းအသံလေးတွေ.. ခေါ်နေကြတယ်.. ကြားတော့.. ကြားတယ်.. မမြင်နိုင်တယ်..ဘယ်ဆီများ.. ပြေးပုန်းနေရက်တယ်.. မကြင်သူ.. မရယ်..”
ကက်ဆက်တိတ်သား၊ ကြိုးခွေ ထဲကနေ ဆွေးဆွေးမြည့်မြည့် ထွက်လာတဲ့ သာယာညင်းပျောင်းတဲ့ အသံ တခု က ကျနော့် ရဲ့ ငယ်ဘဝ လက်ဘက်ရည်ဆိုင် ညတချို့ကို သိမ်းပိုက်ခဲ့ဖူးတယ်။ အဲဒီ အသံ ကြားလိုက်ရင် ကျနော်တို့ သူငယ်ချင်းတစု ပြောလက်စ စကားရပ်၊ မင်သက်၊ တိတ်ဆိတ် သောတအာရုံမှာ လွင့်မျောခဲ့ရတယ်။ ဒီခံစားမှုနဲ့ပဲ ရီဝေညတွေ ရစ်မူးဖြစ်ခဲ့ရတဲ့ တက္ကသိုလ်ရဲ့ ဟေမန်ညတွေမှာ “ပြေးပုန်းနေရက်တဲ့ အဆောင်သူမ” ကို ရော်ရမ်းမှန်းဆ ကိုယ်တိုင်လည်း ဟစ်ကြွေးခဲ့ရတယ်။ ဒီလို ခံစား ဆိုညည်းခဲ့ရတဲ့ ညတွေမှာတော့ ဒီအသံပိုင်ရှင်ဟာ သီချင်း စာသား အတိုင်း တကယ်ပဲ “ကြားတော့.. ကြားတယ်.. မမြင်နိုင်တယ်..” ဖြစ်နေပါပြီ။ ဒါပေမယ့် ကျနော်တို့ရဲ့ အတွင်း အဇ္ဈတ္တသန္တာန် စိတ်နှလုံးမှာတော့ သူ ဖန်တီးခဲ့တဲ့ အသံတွေ၊ တေးစာသားတွေ၊ သံစဉ်တွေက စွဲထင်ကျန်ရစ်ဆဲ၊ ကက်ဦးထုတ်လေးဆောင်းလျက် ဂစ်တာလွယ်ကာ သီချင်းဟစ်နေတဲ့ သူ့ရဲ့ ရုပ် သဏ္ဌာန် ကိုလည်း မြင်ယောင်မိနေဆဲ ဖြစ်ခဲ့ရပါတယ်။
သူ့သီချင်းတွေဟာ ငယ်ဘဝရဲ့ တစိတ်တဒေသ ဆိုတာထက် ပိုခဲ့ပါတယ်။ အလယ်တန်း ကျောင်းသား ဘဝ အိမ်မှာ သူ့ရဲ့ “ပန်း” သီချင်း နှစ်ပုဒ် နဲ့ အချိန်ကုန်တတ်လွန်းလို့ မိဘတွေတောင် “မပန်း” နဲ့ တရင်းတနှီး ဖြစ်သွားခဲ့ရတယ်။ မင်းရဲ့ “မပန်း” ကို လွမ်းလို့ မဆုံးနိုင်ပါ့လား အဆိုခံထိခဲ့တယ်။ တကယ်က လွမ်းစရာ “မပန်း” က မရှိသေးဘူး။ လွမ်းဖို့ဖြစ်သွားရတာ က သူ့ အသံ၊ သူ့သီချင်းတွေပါပဲ။
သူဟာ ၁၉၈၀ ခုနှစ်များ နဲ့ ၁၉၉၀ အစောပိုင်း နှစ်များမှာ လူငယ်ထု ရဲ့ ရင်ဘတ် နှလုံးသားတွေကို ကိုယ်ပိုင်သံစဉ် သီချင်း အေးအေးလေးတွေနဲ့ ညင်ညင်သာသာ ညှို့ယူဖမ်းစားနိုင်ခဲ့တယ်။ လမ်းဘေး ဂစ်တာဝိုင်းတွေမှာ သူ့ရဲ့ သီချင်းတွေ စိုးမိုးခဲ့တယ်။ လက်ဘက်ရည်ဆိုင်တွေကို သိမ်းပိုက်ခဲ့တယ်။ တက္ကသိုလ်ညတွေမှာ မင်းမူခဲ့တယ်။ အဆောင်သူတွေ အတွက် ရွှေနားတော်ဆက် ဖြစ်ခဲ့ဖူးတယ်။
အရှင့်.. ပခုံးနုထက်မှ.. အပြာရောင်.. လွယ်အိတ်ကလေး.. ဖြစ်ပါရစေ..အရှင့်.. ဖဝါးနုအောက်မှ.. ကတ္တီပါ.. ဖိနပ်ကလေး.. ဖြစ်ပါရစေ..အရှင့်.. ဦးထိပ်ထက်မှ.. ငွေရောင်.. ဆံညှပ်ကလေး.. ဖြစ်ပါရစေ..
လူငယ်ဘာဝ ချစ်သူကို ဦးထိပ်ထား ဧကရီ ဘုရင်မ ရာထူး ထာဝရ အပ်နှင်းချင်နေသူ လူငယ်တွေအတွက် သူ ရဲ့ တေးစာသားတွေဟာ နားဆင်ရုံ သက်သက်မဟုတ်ဘဲ ရင်ဘတ်နဲ့ အပြည့် ခံစားဖို့ ဖြစ်ခဲ့ရတယ်။ နားနဲ့ မနာ ဖဝါး နဲ့ မနာဘဲ နှလုံးသားနဲ့ နာတော်မူခဲ့ရတယ်။
သူ့သီချင်းတွေရဲ့ ဂီတအနုပညာ သဘောကို ပညာရှင် ကျွမ်းကျင်သူ မဟုတ်တဲ့ ခံစားသူ ဝါသနာရှင် အမြင် သက်သက် ဆိုရရင်လည်း သူ့ အသံဟာ ထူးထူးခြားခြား အသံ ပါရမီရှင်လို့ မဆိုနိုင်ပေမယ့် ညင်းညင်းသာသာ နဲ့ နှစ်လိုဖွယ် ရှိတယ်။ သူဖန်တီးတဲ့ တေးစာသား၊ သံစဉ်တွေက ရိုးရှင်းတယ်။ အပျော်တမ်း ဂစ်တာ ဝါသနာရှင် အဆင့် နဲ့ ဘယ် လက်ကွက် လှမ်းကိုင်လို့ ကိုင်ရမှန်းမသိ ဆိုတဲ့ အနေအထားမျိုး သူ့ သီချင်းတွေမှာ တွေ့ရနည်းတယ်။ ရိုးရှင်းလွယ်ကူတဲ့ အခြေခံ လက်ကွက်ကလေးတွေနဲ့ လှည့်ပတ်တီးလို့ ရနိုင်တဲ့ သီချင်းတွေ များတယ်။ ဒါပေမယ့် သံစဉ်ဖွဲ့စည်းတည်ဆောက်ပုံ၊ တေးစာသား သီကုံးပုံ က ညက်ညော ပြေပြစ်၊ လှပတယ်။ ခံစားမှု ရသ ကို ရင်ထဲနင့်နေအောင် ပေးစွမ်းနိုင်တယ်။ ဒါ့အပြင် ကိုယ်ပိုင်ဟန်လည်း အပြည့်ရှိတယ်။ သူ့ ပင်ကိုယ်ရေး ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ကြည့်ရင် ဖွဲ့စည်းပုံ ပြည့်စုံလှတယ်လို့လည်း ဆိုနိုင်မယ် ထင်တယ်။ ခြေဆင်း၊ တေးစာသား အပိုဒ်၊ သံပြိုင် အပိုဒ်၊ နောက်ခံ သီဆိုမှု အစရှိသလို အင်္ဂါစုံလှတယ်။
သူ့ရဲ့ အနုပညာကို ဖော်ထုတ် တင်ဆက် ပုံဟန်ကလည်း ထူးခြားတယ်။ သီချင်းစာအုပ်၊ ကက်ဆက်တိတ်ခွေ အားလုံးဟာ ထူးခြားပြီး စနစ်တကျ ရှိတယ်။ ကိုယ်တိုင် ကိုယ်ပိုင်သံစဉ် တေးရေး သူ တယောက် ဖြစ်နေတဲ့အတွက် တခြားသော တေးပြုစာဆို နဲ့ ဂီတပညာရှင်တွေကိုလည်း တန်ဖိုးထားတတ်တယ်။ ကိုယ်တိုင် တေးသံစဉ်တွေကို စီမံခန့်ခွဲ စီစဉ်မှု ပြုလုပ်လေ့ရှိသလို အခြား ဂီတပညာရှင်တယောက်ယောက်ရဲ့ စီစဉ်ဖန်တီးမှု အလုပ်ဆိုရင်လည်း အလေးအနက်ထား ဖော်ပြလေ့ရှိတယ်။ သူဟာ အနုပညာပစ္စည်းကို တန်ဖိုးထားသူလို့ ဆိုနိုင်မယ် ထင်တယ်။
ဒါတွေဟာ ပုဂ္ဂလိက ဘဝ လုံးဝ ရင်းနှီးမှု မရှိခဲ့တဲ့ ပရိသတ် တယောက် အနေနဲ့ သူ့ အနုပညာ ကို သိမြင်ခံစားရမှုတွေပါ။ သူဟာ သာမန် ပုထုဇဉ် လူသား တယောက်သာ ဖြစ်တဲ့အတွက် သူ့ရဲ့ တကိုယ်ရေ လူမှု ဘဝမှာ အများ သူငါ နည်းတူ အားနည်းချက်တချို့ ရှိကောင်း ရှိနိုင်ပေမယ့် ခံစားခဲ့ရတဲ့ သူ့ရဲ့ အနုပညာ ရဲ့ အရည်အသွေးကိုတော့ မထိခိုက်စေပါဘူး။
သူငယ်ငယ်ရွယ်ရွယ်နဲ့ တိမ်းပါးသွားခဲ့တော့ ကျနော့်မှာ ယူကျုံးမရ တသသ လွမ်းကျန်ရစ်ခဲ့ရတယ်။ သူ့ သီချင်းတွေကို “မှန်းမျှော်မိမင့် မှိုင်းမှေးမှိန်” ဖြစ်ခဲ့ရတယ်။ သူရဲ့ ဖန်တီးမှု အနုပညာ ရသတွေကိုလည်း အခု အနှစ် (၂၀) ကြာသည့်တိုင်အောင် မှီဝဲစားသုံးနေရသေးတယ်။ သူ့သီချင်းတွေဟာ အခုအချိန်ထိ ရင်ဘတ်နှလုံးအိမ်ကို နွယ် လိုပဲ ရစ်ပတ်တွယ်နေဆဲ ဖြစ်တယ်။ အချစ်နတ်ဘုရား ဖမ်းစားနိုင်စွမ်းတဲ့ အရွယ်ကို ကျော်လွန်ခဲ့ပေမယ့် သူ့ရဲ့ ဂီတနတ်ဘုရား ကတော့ ဖမ်းစားနိုင်စွမ်းဆဲပါပဲ။
အခုလို သူ့အမှတ်တရ အောက်မေ့ဖွယ် အစီအစဉ်လေး သူဆုံးတဲ့ နှစ်ပတ်လည်မှာ တတ်နိုင်သလောက် လုပ်ဖြစ်ခြင်းဟာ သူ့ အနုပညာကို ချစ်မြတ်နိုးခဲ့လို့ပါ။ ဒါ့အပြင် သူ့လို ကိုယ်ပိုင်သံစဉ် ရေး/ဆို/ဖန်တီးစီစဉ်ခဲ့တဲ့ တေးဂီတ ပညာရှင် တယောက်ဟာ ဗမာ့ဂီတလောက မှာ တန်ဖိုးထား သတိရထိုက်တယ်လို့ ယူဆမိလို့ပါ။ ကိုယ်ပိုင်သံစဉ် ခေတ်ပေါ် စတူရီယို တေးလောက အတွက် သူဟာ တာဝန်ကျေပွန်ခဲ့သူပါ။ ဒါကြောင့် သူ့အတွက် မှတ်တမ်း မှတ်ရာလေး၊ အထိမ်းအမှတ်လေး ဖြစ်အောင် နိုင်သလောက် ကြိုးစားရခြင်း ဖြစ်ပါတယ်။ သူဟာ သမိုင်းမှတ်တမ်းဝင်ထိုက်ပါတယ်။ နောင်မှာ ဗမာ့ကိုယ်ပိုင်သံစဉ်စတီရီယိုဂီတ မော်ကွန်းတိုက် ဖွင့်လှစ်နိုင်ရင် သူ့အတွက် နေရာ တနေရာ ခမ်းခမ်းနားနား၊ တင့်တင့်တယ်တယ် ရှိဖို့ မျှော်လင့်ပါတယ်။ ဒါဟာ သူ့သီချင်းတွေကို ဆယ်စုနှစ် (၂) ခုကျော် (၃) ခုနီးပါး ရင်မှာလွယ်ခဲ့သူ.. “ကျန်ရစ်ခဲ့သူ (ကျနော့်ရဲ့) ဆုတောင်း” ပါ။
ဖိုးချို ဂီတ မှတ်တမ်း (Discography)
ပထမဦးဆုံး အသံသွင်း တရားဝင် ဖြန့်ချီထုတ်နိုင်ခဲ့သည့် တေးစု: “ယောနသံမဟုတ်တဲ့ ပုထုဇဉ်အသည်း (၁၉၇၈)” (လူသိနည်းခဲ့ပြီး၊ အောင်မြင်မှု လုံးဝ မရခဲ့ဟု ဆိုနိုင်သည်။)
ထွက်ရှိ အောင်မြင်ခဲ့သည့် အခြား တကိုယ်တော် နှင့် အတွဲ တေးစုများ:
၁။ ပိုင်စိုးမှုဧကရီတမ်းချင်းများ၊ Peace Melody၊ တိုနီ(လင်း)၊ မူပိုင် ဖိုးချို နှင့် ဂစ်တာဥယျာဉ် တေးသံသွင်း (၁၉၈၂)
၂။ ငြိမ်းချမ်းရေးသံစဉ်၊ Peace Melody၊ တိုနီ(လင်း)၊ မူပိုင် ဥသြမောင်မောင် (၁၉၈၃)
၃။ မင်္ဂလာနေ့မွေးဖွားခြင်း (ဂျွန်သင်ဇမ်း နှင့် သျှမ်းလျန် တွဲလျက်ပါ)၊ Peace Melody၊ တိုနီ (လင်း)၊ မူပိုင် ယင်းမာ (၁၉၈၃)
၎။ ညှို့မျက်ဝန်း၊ Peace Melody၊ တိုနီ (လင်း)၊ မူပိုင် ယင်းမာ (၁၉၈၄)
၅။ ထပ်မံခံစားခြင်း (၈၄)၊ Peace Melody၊ ရဲခေါင်(မေ)၊ မူပိုင် ယင်းမာ (၁၉၈၅)
၆။ မပန်းရယ်မငိုနဲ့၊ Success၊ ရဲခေါင်(မေ)၊ မူပိုင် ဥသြမောင်မောင် (၁၉၈၆)
၇။ တပင်ထဲရင်ထဲကနွယ်၊ တိုနီ (လင်း)၊ ဖြန့်ချီရေး တက္ကသိုလ်တေးသံသွင်း (၁၉၈၈)
၈။ ချစ်သူကို၊ Peace Melody၊ တိုနီ (လင်း)၊ မူပိုင် မြနန္ဒာ တေးသံသွင်း ၊ (၁၉၈၉)
၉။ ချစ်သူ့ရင်ခွင်၊ Peace Melody၊ တိုနီ (လင်း)၊ မူပိုင် မြနန္ဒာ တေးသံသွင်း ၊ (၁၉၉၀)
၁၀။ အကောင်းဆုံးတေးများ၊ Peace Melody၊ တိုနီ (လင်း) ၊ မူပိုင် ဂျူပီတာ တေးသံသွင်း ၊ (၁၉၉၁)
၁၁။ ဥပေက္ခာလူသာ၏နောက်ဆုံးထွက်သက်၊ Iron Cross၊ ဝေထွန်း (နဝရတ်)၊ မူပိုင် ဇော်အောင် (ဓာတု) (၁၉၉၃)
၁၂။ တမ်းတမ်းတတထိပ်တန်းတေးများ (ကွယ်လွန်ပြီး နှစ်အတန်ကြာမှ အမှတ်တရ အနေဖြင့် ဖိုးချို လက်ရွေးစင် သီချင်းတချို့ကို မူရင်း အသံ အတိုင်း ပြန် စုထုတ်)၊ မူပိုင် ဥသြမောင်မောင် (၁၉၉၇)
ဖိုးချို ဆုံးပါးခဲ့ခြင်း ဆယ်စုနှစ် (၂) ခု ပြည့်တဲ့ အခုလို အချိန်မှာ ဒီ အမှတ်တရ အလွမ်းစာစုလေးနဲ့ အတူ သူ ရေးသားစပ်ဆို သီဆိုခဲ့တဲ့ သီချင်းတချို့ကိုလည်း မိုးမခ ပရိသတ် အတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဖိုးချိုရဲ့ အနုပညာ ကို တမ်းတမ်းတတ အမှတ်တရ အောက်မေ့ ရှိကြမယ့် ကျနော်နဲ့ ရင်ဘတ်ချင်းတူ သူတချို့ ရှိနေသေးတယ်လို့ မျှော်လင့်ပါတယ်။
၁) “ပန်းရယ်… လွမ်းတယ်”၊ သံစဉ်/စာသား/ဖွဲ့ဆို – ဖိုးချို (၁၉၈၂)
၂) “ဝေးလွင့်ခြင်းနိဂုံး”၊ သံစဉ်/စာသား/ဖွဲ့ဆို – ဖိုးချို (၁၉၈၃)
၃) “ညှို့မျက်ဝန်း”၊ သံစဉ်/စာသား/ဖွဲ့ဆို – ဖိုးချို (၁၉၈၄)
၎) “မပန်းရယ်မငိုနဲ့”၊ သံစဉ်/စာသား/ဖွဲ့ဆို – ဖိုးချို (၁၉၈၆)
ဂီတ အာဟာရ ချင်ခြင်းတွေ ဖြည့်စွက်ပေးခဲ့သူ တေးရေး/တေးဆို ဖိုးချို တယောက် ကောင်းရာမွန်ရာမှာ “ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေ”။ သံသရာ တပတ်လည် လို့ လူ့ဘဝ ကို ပြန်ရောက်ခဲ့ရင်လည်း “ငြိမ်းချမ်းရေးသံစဉ်” တွေ ဆက်လက်ဖန်တီးနိုင်ပါစေ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ