>HIV Patients under surveillance from the Junta

>

အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များအား ရဲကစောင့်ကြည့်နေ

မိုးမခ အထောက်တော် (ရန်ကုန်)

ဇန်န၀ါရီ ၂၃၊ ၂၀၀၉

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း ယုဒသန် ခန်းမ တွင်ပြုလုပ်ခဲ့သော အိတ်ခ်ျအိုင်ဗီ (ကိုယ်ခံအားကျဆင်းသည့် ရောဂါ) ဝေဒနာရှင်များ အတွက် ရန်ပုံငွေပွဲ အပြီး အဆိုပါ ဝေဒနာရှင်များ အနက်မှ ၂၆ ဦးအား အာဏာပိုင်များက ၄င်းတို့ တည်းခိုနေသော မြောက်ဥက္ကလာပ ရေလယ် ဘုန်းကြီးကျောင်းမှ ဝေဘာဂီ ဆေးရုံကြီးသို့ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းပြီး စောင့်ကြည့်နေသည်ဟုသိရှိရသည်။

ထိုပွဲတွင် ပါဝင်ခဲ့သည့် ရေလယ်ကျောင်းမှာ တည်းခိုလျက်ရှိသော ဝေဒနာရှင် စုစုပေါင်း ၃၅ ဦး ထဲမှ ၂၆ ဦးအား ယခုလ ၂၂ ရက် နေ့က ဝေဘာဂီ “အိတ်ခ်ျအိုင်ဗီနှင့် ကူးစက်ရောဂါကုဆေးရုံ” သို့ ရဲများက ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုဝေဒနာရှင်များသည် ဆေးရုံတင်ကုသရန် အခြေအနေ မဟုတ်ဘဲ အေအာဗီ (ARV) ဆေး သောက်သုံးရန်သာ လိုအပ်သည်ဟု သိရပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ကာ အေအာဗီဆေး ရရှိ နိုင်ရန်အတွက် တည်းခိုနေကြခြင်း ဖြစ်သည်။

ထို့သို့ ချက်ခြင်းပြောင်းရွှေ့ရခြင်းအကြောင်းမှာ ဇန်န၀ါရီ ၁၇ ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒဿန် ခန်းမ၌ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်ပေါင်း ၁၅၀ ကျော် ပါဝင် ကျင်းပနိုင်ခဲ့သော ပျော်ပွဲရွင်ပွဲကြီးတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ ယင်းပွဲကို လူငယ်များ စေတနာရှင် အလှူရှင်များမှ ငွေကြေးများ ပံ့ပိုးမှုဖြင့် အ၀တ်အစား၊ ဆေးဝါးနှင့် အခြား အထွေထွေပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး နာမည်ကြီး အဆိုတော်များက သီချင်းသီဆိုပေးခြင်း အားပေးစကားပြောခြင်း ဗီဒီယို သရုပ်ဆောင်များ၊ မော်ဒယ်ရှိုးများဖြင့် ဖျော်ဖြေပေးခြင်းများဖြင့် ဆင်နွှဲနိုင်ခဲ့သည်ဟု သိရသည်။

ယင်းပွဲမှ အလှူရှင်တစ်ဦးက

”ကျွန်မတို့ ဒီနှစ်မှာ မထင်မှတ်ပဲ ဝေဒနာရှင် ၁၅၀ ကျော်လောက် ပါဝင်တဲ့ ပွဲလေးကို ကျင်းပနိုင်ခဲ့တယ်။ အဲဒီနေ့က လူနာတွေ များသွားတယ် ဆိုပြီး အက်စ်ဘီ (SB) တွေက ဒီပွဲက ခေါင်းဆောင် ၅ ဦးကို ခေါ်ပြီး မေးမြန်းတယ်လို့ပြောတယ်။ ဘယ်က ပိုက်ဆံနဲ့ ဒီပွဲကို လုပ်သလဲပေါ့။ ကျွန်မတို့က အလှူရှင်တွေ လှူထားတဲ့ ပိုက်ဆံနဲ့ အ၀တ်အစားတွေနဲ့ကို ပြန်လှူပေးတာပါ။ အဲဒီပွဲ ပုံတွေကို ရိုက်ထားတဲ့ ကင်မရာကဒ် ထဲက ပုံတွေကို ဖျက်ခိုင်းတာတို့ လုပ်တယ်။ နောက် ဒီပွဲကို လာတဲ့ ရေလယ်ကျောင်းက အေအာဗီ သောက်နေရတဲ့ ဝေဒနာရှင်တွေကို ဆေးရုံကို အတင်းပြောင်းခိုင်းတယ်။ ကျောင်းထိုင်ဆရာတော်ကိုလည်း မေးမြန်းတယ်လို့ ပြောတယ်။ သူတို့က လူ စုစုရုံးရုံးနဲ့ လုပ်တဲ့ပွဲကို မကြိုက်တဲ့သဘောနဲ့ အခုလို လုပ်တယ် လို့ ထင်တယ်”ဟုဆိုသည်။

အဆိုပါ ပွဲကိုစီစဉ်ကြသူများခဲ့သူများထဲတွင် အိတ်ခ်ျအိုင်ဗီ နှင့်ပတ်သက်သည့် အကူအညီပေးမှုများ၊ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် အကူအညီပေးမှုများ ဆောင်ရွက်သည့် “စိမ်းလန်းကမ္ဘာ” ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်ပညာပေးသည့် အဖွဲ့လည်း တခု အပါအ၀င်ဖြစ်သည်။

မြောက်ဥက္ကလာပ တွင်ရှိသည့် ရေလယ်ဘုန်းတော်ကြီးကျောင်းသည် နယ်မြို့များမှ အိတ်ခ်ျအိုင်ဗီ လူနာများအား တည်းခိုစရာနေရာပေးခြင်းနှင့် အကူအညီပေးနေသည့် ဘုန်းတော်ကြီးကျောင်းတကျောင်း ဖြစ်သည်။ ယခင်နှစ်က အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များကို စောင့်ရှောက်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်ကိ မဂ္ဂင်ကျောင်းကို အစိုးရက ပိတ်ပစ် ခဲ့ဘူးသည့် နမူနာရှိသဖြင့် ယခုအဖြစ်အပျက်တွင်လည်း ရေလယ်ကျောင်း ဆရာတော်အနေဖြင့် စိုးရိမ်မှုရှိနေသည်ဟု ကြားသိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာအင်ဂျီအို၊ ကုလသမဂ္ဂအဖွဲ့အစည်း၊ မှတ်ပုံတင်ထားသည့် ပြည်တွင်းအန်ဂျီအို မဟုတ်လျင် လွတ်လပ်စွာ ကူညီခွင့်မရှိဘဲ အဆိုပါလှုပ်ရှားမှုများကို နိုင်ငံရေး အမြတ်ထုတ်သည့်ရှုထောင့်ဖြင့် စွပ်စွဲကာ အရေးယူလေ့ရှိသည်။ ပြီးခဲ့သည့် နာဂစ် လေဘေး၊ရေဘေးတွင်လည်း အလွတ်သဘောဖြင့် သွားရောက်ကူညီသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ နှောက်ယှက်ခံရ ၊ဖမ်းဆီးခံခဲ့ရသည့် အဖြစ်အပျက်များလည်း ဖြစ်ပွားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts