>Maung Swan Yi – Tin Moe and His Place in Burmese Literature

>

မြန်မာစာပေသမိုင်းမှာ တင်မိုးရဲ့ ကဏ္ဍကို သုံးသပ်ကြရင်
(တင်မိုးကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်)
မောင်စွမ်းရည်
ဇန်န၀ါရီ ၂၂၊ ၂၀၀၉

ကဗျာဆရာ တင်မိုး ကွယ်လွန်တာ ၂၀၀၉ ဇန်န၀ါရီ ၂၂ မှာ ၂ နှစ်ပြည့်ခဲ့ပါပြီ။ တင်မိုးဟာ “လူသာ သေ၊ နာမည် မသေဘူး” လို့ လူတိုင်းက မှတ်ချက်ချနိုင်တဲ့ ကဗျာဆရာဖြစ်ပါတယ်။

တင်မိုးဟာ တသက်လုံး ကဗျာရေးသွားခဲ့သူ ဖြစ်ပါတယ်။ တင်မိုးဟာ ကဗျာကို ထုံ့ပိုင်း ထုံ့ပိုင်း ကြိုးကြား ရံခါ ရေးသူ မဟုတ်ပါ။ ဘယ်လောက်များ ရေးသလဲဆိုရင် ကွယ်လွန်ခါနီး အချိန်အထိ နေ့စဉ်လို ရေးသွားခဲ့ပါတယ်။ မကွယ်လွန်မီ တနေ့အထိ ရေးသွားခဲ့လေရဲ့။

ဒီမိုကရေစီ အရေးတော်ပုံကာလ ၁၉၈၈ က ၂၀၀၇ ခုနှစ်၊ သူကွယ်လွန်ချိန်အထိ နှစ်ပေါင်း ၂၀ နီးပါး ကာလမှာတော့ ဒီမိုကရေစီ အရေးတော်ပုံကို ဖွဲ့ဆိုတဲ့ ကဗျာတွေ စိုက်လိုက်မတ်တတ်၊ တက်တက်ကြွကြွ ရေးသွားခဲ့တာကြောင့် သူ့ကို “ဒီမိုကရေစီ အရေးတော်ပုံ စာဆိုကြီး” လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ဒီအဆိုကိုလည်း ဘယ်သူကမှ ကန့်ကွက် ပြောဆိုကြမှာ မဟုတ်ပါ။

မြန်မာစာပေသမိုင်းမှာ တင်မိုးရဲ့ ကဏ္ဍကို နှောင်းခေတ်စာဆိုများ၊ စာပေသမိုင်းရှင်များနဲ့ စာပေဝေဖန်ရေးဆရာများက ၀ိုင်းဝန်း ချင့်တွက်ကြရပါလိမ့်မယ်။ တင်မိုးနဲ့ အနီးဆုံးနေခဲ့သူတဦးအနေနဲ့ ကျနော် သိသမျှကို အကျဉ်းချုပ် တင်ပြထားချင်ပါတယ်။

ခုအခါဟာ “မန္တလေး တက္ကသိုလ် ရွှေရတု အခါကာလ” ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ပါဝင်လှုပ်ရှားခဲ့တဲ့ “မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း” ရဲ့ စာပေလှုပ်ရှားမှုတွေမှာ တင်မိုး ဘယ်လိုကဏ္ဍက ဘာတွေလုပ်ဆောင်ခဲ့တယ် ဆိုတာကို တင်ပြပါမယ်။

မြန်မာပြည်မှာ တင်မိုးရဲ့ နာမည်ကို စစ်အစိုးရက လုံးဝဖော်ပြခွင့် မရှိတာကြောင့် ဒါတွေကို ဖတ်ရှုကြားသိကြရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ပမှာ ဖော်ပြခွင့်ရှိတဲ့နေရာကပဲ ဖော်ပြလိုက်ပါမယ်။

မန္တလေးကောလိပ်မှာ မြန်မာအသင်းဆိုတာ ပေါ်ပေါက်လာပါတယ်။ နောက်မှ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း ဆိုတာ ပေါ်ပေါက်လာပါတယ်။ ကျနော် ရောက်သွားတဲ့ ၁၉၅၆ ခုနှစ်မှာ မြန်မာအသင်း ရှိသေးတယ်။ ဇော်ဇော်အောင် ခေါ် ဇော်(သလ္လာ) ခေါ် ကိုဇော်မြင့်က အတွင်းရေးမှူးအဖြစ်နဲ့ စာပေပြိုင်ပွဲလုပ်တာကို ကျနော် မီလိုက်တယ်။ နောက်နှစ် ၁၉၅၇ မှာ မောင်သိန်းနိုင် (ခု – ဂုဏ်ထူးသိန်းနိုင်)နဲ့ မောင်ဘဂျမ်း (အဲဒီတုန်းက ကလောင်နာမည် ကန်မြဲ နန်းမြင့်နွယ်) တို့ မြန်မာစာ ဂုဏ်ထူးရှင်များအဖြစ်နဲ့ ရောက်လာတော့ ကိုဝင်း (တက္ကသိုလ် ၀င်း)က ကျောင်း ပြန်ဝင်လာတာနဲ့ ဆုံမိပြီး ကလောင်ရှင်များအသင်းကို ပြန်လည် ဖွဲ့စည်း လှုပ်ရှားလိုက်တယ်။

တက္ကသိုလ်ဝင်း ဆိုတာက လူထုသတင်းစာ အယ်ဒီတာ ဖြစ်ဖူးသူ၊ ၁၉၅၃ ခုနှစ်က အောက်တိုဘာ အရေးတော်ပုံမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းကို တက္ကသိုလ် နွယ်ထွန်း ခေါ် ကိုထွန်းအံ့ (မြန်မာပညာရှိ ဆရာလင်းကြီးရဲ့ မြေး) နဲ့ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ခေါ် အင်ဒရူးမြဟန် (နောင်အခါ ခရစ်ယာန် သာသနာပိုင်ချုပ်) တို့နဲ့အတူ တည်ထောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ “ရှေ့သို့” လို့ အမည်တပ်ထားတဲ့ သစ်စက်လုပ်သားဘ၀ ထင်ဟပ်တဲ့ လုံးချင်းဝတ္ထု တပုဒ်လည်း ထုတ်ဖူးသူ တဦးဖြစ်လို့ မန္တလေးမှာ ထင်ရှားစ စာရေးဆရာတဦး ပေါ့။

သူတို့ ပြန်လည် ဖွဲ့စည်းတဲ့ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း (၁၉၅၈ – ၅၉) မှာ တက္ကသိုလ်ဝင်း က ဥက္ကဋ္ဌ၊ ကန်မြဲနန်းမြင့်နွယ် ခေါ် ကိုဘဂျမ်းက ဒုတိယဥက္ကဋ္ဌ၊ မောင်သိန်းနိုင်က အတွင်းရေးမှူးပါ။ သူတို့က တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂကလွဲရင် သြဇာ အရှိဆုံး၊ အကျယ်ပြန့်ဆုံး အဖွဲ့အစည်း ဖြစ်လာပါတယ်။ သူတို့ ဦးစီးကျင်းပတဲ့ စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲတွေဟာ မန္တလေးမြို့ထဲက စာဆိုတော်နေ့ထက် စည်ကားတယ်။

အဲဒီအဖွဲ့မှာ ကန်မြဲနန်းမြင့်နွယ်က စာအုပ်ထုတ်ဝေရေးကို အထူးစိတ်ဝင်စားတယ်။ ရေစကြို အထကမှာ နံရံကပ်စာစောင်နဲ့ ကျောင်းမဂ္ဂဇင်း ထုတ်ခဲ့ဖူးတယ်။ လူထုဂျာနယ်မှာ ကလောင်သွေးခဲ့သူ ဖြစ်တယ်။ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းမှာလည်း မြန်မာစာ စာတည်း လုပ်ခဲ့တယ်။

ကန်မြဲနန်းမြင့်နွယ်ရဲ့ စိတ်ကူးနဲ့ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း စာစဉ်တွေ အဆက်မပြတ် ထုတ်ဝေသွားဖို့ စီစဉ်တယ်။ အဲဒီအခါက “အင်းဝအောင်ဆွေ” နာမည်နဲ့ ကလောင်သွေးနေတဲ့ ကြည်အောင်၊ မောင်ဝင်းဖေ (မြင်းခြံ) အမည်နဲ့ ကလောင်သွေးနေတဲ့ မောင်စွမ်းရည်၊ လေးမြင့် (မြင်းခြံ) အမည်နဲ့ ကလောင်သွေးနေတဲ့ ကိုလေးမောင် (ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲ ကျဆုံး)၊ မောင်မိုးသူ (ကိုစိန်မြင့်)၊ ကသာဝင်းကြွယ် (ခင်မောင်ဝင်း) စတဲ့ တက္ကသိုလ် ကလောင်ရှင် ပေါက်စတွေကို သူပဲ ဒိုင်ခံစည်းရုံးတယ်။ စာအုပ်တွေ ထုတ်ကြဖို့ တိုက်တွန်း နှိုးဆော်တယ်။

ကန်မြဲနန်းမြင့်နွယ်က ၁၉၅၉ ခုနှစ်မှာ ကလောင်ရှင်အသင်း စာစဉ် ၁ အဖြစ် ဖန်မီးအိမ် ကဗျာစာအုပ်ကို ထုတ်တယ်။ တခြား ကလောင်ရှင်တွေက အသင့် မဖြစ်သေးဘူး။ သူက သူရဲ့ ကလောင်နာမည်ကို မကြိုက်လို့ အသစ်ရှာပြီး “တင်မိုး” လို့ တပ်လိုက်ပါတယ်။ စာပေလောကမှာ တခါမှ မသုံးသေးတဲ့ ကလောင်အမည်သစ်ပါ။ ဒီစာအုပ်က ၁၉၅၉ စာပေဗိမာန်ဆု ရခဲ့ပါတယ်။

နုယဉ် (ဆရာမင်းသုဝဏ်ရဲ့ နှမ)၊ မင်းယုဝေ (ဇော်ဂျီ၊ မင်းသုဝဏ်တို့ရဲ့ တပည့်ရင်း)၊ ဒေါင်းနွယ်ဆွေ (ကဗျာဆရာအသင်း ဥက္ကဋ္ဌ) စတဲ့ ၀ါရင့် ကဗျာဆရာတွေကို ကျော်ဖြတ်ပြီး လူသစ်၊ လူစိမ်းတဦးက ရသွားတာဆိုတော့ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ အကဲဖြတ်အဖွဲ့မှာ ပညာရှိ ကဗျာဆရာကြီးများ ဖြစ်ကြတဲ့ ဆရာဇော်ဂျီနဲ့ မင်းသုဝဏ်တို့ ဦးဆောင်ပါဝင်တယ်။

ဒေါင်းနွယ်ဆွေက “လောကမျက်ကန်း” ဆိုတဲ့ ကဗျာစာအုပ် တအုပ်ထုတ်ပြီး အကဲဖြတ်အဖွဲ့ကို မကျေနပ်ကြောင်း ဆန္ဒပြခဲ့ဖူးတယ်။ ဒါပေမယ့် သူကိုယ်တိုင်က တင်မိုးရဲ့ ကဗျာစာအုပ်ကို ဖတ်၊ တင်မိုးနဲ့ တွေ့ပြီးတော့ တင်မိုးကို သူရဲ့ ရေးဖော် ရဲဘော်တဦးလို တသက်လုံး ချစ်ခင်ရင်းနှီးသွားခဲ့ပြီး တင်မိုးရဲ့ ကဗျာများကိုလည်း အလွတ်ကျက်ပြီး ဘယ်နေရာက ဘယ်လို ကောင်းတာပဲ လို့ ချီးကျူးစကားတွေ ဆိုခဲ့ပါတယ်။

ဆရာကြီး ရွှေဥဒေါင်းနဲ့ အိုးဝေဦးညိုမြတို့က လူထုသတင်းစာတိုက် အပေါ်ထပ်၊ တင်မိုး ဖန်မီးအိမ် ဂုဏ်ပြုပွဲမှာ ချီးကျူးတဲ့ စကားနဲ့ ဆရာဇော်ဂျီက ဒေါင်းနွယ်ဆွေကို ပြောပြဖူးတဲ့စကားတွေဟာ ထပ်တူကျပါတယ်။

“တင်မိုးက အညာသား၊ မန်းတက္ကသိုလ် ကျောင်းသား။ ရှေးက မြန်မာဂန္ထ၀င်စာပေတွေဟာ အညာဒေသက ရှင်လူရဟန်း စာဆိုတွေက အညာဒေသ ၀န်းကျင်ကို နောက်ခံပြု ရေးသားပြုစုခဲ့ကြတာ။ နှောင်းခေတ်မှာ အညာသား ကလောင်ရှင်လောင်းလျာတွေက ဂန္ထ၀င်စာပေကို လေ့လာခံစားကြရမှာ ခက်ဆစ်အဖြေရှာစရာ မလိုဘဲ နားလည်ခံစားနိုင်ကြတယ်။ အကြေသား အောက်သားတွေက ခက်ဆစ် အဖြေရှာပြီးမှ ခဲခဲယဉ်းယဉ်း လေ့လာခံစားနိုင်ကြတယ်။ ကဗျာဆိုတာ ဘာသာစကား ကိစ္စဖြစ်တယ်။ ဒါကြောင့် ကဗျာဗီဇ ဓာတ်ခံ တူအုံးတော့ အညာသားက ဘာသာစကားအရာမှာ ပိုစွမ်း ပိုကျွမ်းတဲ့အတွက် မပင်မပန်း ဖွဲ့ဆိုနိုင်ကြတယ်။ အညာ အကြေ ကွာခြားမှု ရှိတယ်။ ဒါကြောင့် အညာသား တင်မိုးက ဘာသာစကား ကျွမ်းကျင်မှု၊ စွမ်းမှု ရှိလို့ ကဗျာစိတ်ကူး လှလှလေးတွေကို စကားလုံး လှလှလေးတွေနဲ့ ပီသချောမွေ့အောင် သီကုံးနိုင်တဲ့ အရာမှာ ပိုပြီး ကောင်းမွန် သေသပ်တယ် …” လို့ ချီးကျူးခဲ့ကြဖူးပါတယ်။

ကန်မြဲနန်းမြင့်နွယ်ဟာ တင်မိုးဖြစ်လာပြီးနောက် မန္တလေးတက္ကသိုလ်က ကဗျာစာအုပ်တွေချည်း ဆက်တိုက် ထွက်ခဲ့တယ်။ တင်မိုး အမှာစာရေးပြီး ကြည်အောင်နဲ့ မောင်စွမ်းရည် နှစ်ဦးပေါင်း ရေးဖွဲ့တဲ့ “စိတြ ကဗျာများ” ကို ထုတ်တယ်။ ဖန်မီးအိမ်လမ်းစနဲ့ ဘုတလင်ချစ်လေး၊ တက္ကသိုလ် မောင်ထွန်းဝေ၊ ကသာဝင်းကြွယ်၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်စွမ်းရည်၊ မောင်သန်းဌေး၊ မောင်မျိုးမြင့်၊ မုံရွာဝင်းဖေ တို့က အစ ၂၀၀၇ စာပေဆုရ ရေစကြိုသန်းအောင် အထိ ကဗျာစာအုပ်တွေ ဆက်တိုက်ထုတ်ခဲ့ကြပါတယ်။ မောင်သိန်းနိုင်က ဇာတ်သဘင်နဲ့ ရုပ်သေးဆိုင်ရာ သုတေသနစာအုပ်တွေ ထုတ်ဝေပါတယ်။ မင်းသစ်တို့ ကဗျာစာအုပ်ကလေးတွေ ထုတ်ကြတာတွေလည်း ရှိပါတယ်။

တင်မိုး ဆွဲထုတ်လို့ ထွက်လာခဲ့ရတဲ့ ကဗျာဆရာတွေထဲမှာ ဘုတလင်ချစ်လေး၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်စွမ်းရည်တို့ ဆက်တိုက် ဆုရကြတယ်။ မောင်သန်းဌေးနဲ့ မောင်မျိုးမြင့် ညီအကိုက ကလေးကဗျာ ပထမနဲ့ ဒုတိယဆု ရကြသေးတယ်။ မုံရွာဝင်းဖေက တတိယ ထင်တယ်။ ဒီလိုနဲ့ မန္တလေးတက္ကသိုလ်မှာ ကဗျာအင်အားစုကြီး တခု ဖြစ်ထွန်းခဲ့ပါတယ်။

လူထုဒေါ်အမာကတော့ တင်မိုးရဲ့ ကဗျာတွေကို သူ့ဆရာတွေဖြစ်တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ကဗျာတွေထက် နှစ်သက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ “အညာအငွေ့အသက် ပါလို့” တဲ့။ ဆရာ ဒဂုန်တာရာကတော့ အသံ”ချို” တယ်လို့ ပြောခဲ့ဖူးပါတယ်။ တင်မိုးဟာ ဂန္ထ၀င်စာပေ ကျေညက်သူ၊ မဟာဂီတ ကျေညက်သူ၊ တီးတတ်မှုတ်တတ် သီဆိုတတ်သူ ဖြစ်လို့ သူ့ကဗျာတွေဟာ အသံချိုတယ်လို့ သူ့ရင်းနှီးသူတွေက မှတ်ချက်ချဖူးပါတယ်။

တင်မိုး အစရှိတဲ့ မန္တလေးတက္ကသိုလ် ကဗျာဆရာတွေရဲ့ ကဗျာတွေကို မောင်သာနိုးက (Neo-Khitsan) န၀ခေတ်စမ်း တွေလို့ ဝေဖန်ပိုင်းခြားခဲ့ပါတယ်။ မနှစ်တနှစ်ကမှ ဝေဖန်စာတွေထဲမှာလည်း မောင်သာနိုးက သူတို့ဟာ (Traditionalist) ရိုးရာသမားတွေလို့ပဲ သတ်မှတ်ပြောဆိုခဲ့ပါတယ်။ ဒီနေ့ ပေါ်ပေါက်ခေတ်စားလာတဲ့ “ပို့စ်မော်ဒန်” ဆိုတဲ့ ကဗျာအမျိုးအစားတွေထဲမှာ မပါဘူးလို့ ဆိုလိုတာပါပဲ။

ခေတ်စမ်းကဗျာတွေ အရှိန်ရနေတဲ့ (၁၉၃၀ – ၁၉၄၀) ကာလအလွန်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပြီး ဂျပန် ဖက်ဆစ် အုပ်စိုးတယ်။ ပြီးတော့ အင်္ဂလိပ်နယ်ချဲ့ ပြန်ဝင်လာတယ်။ ပြီးတော့ ပြည်တွင်းစစ် ဖြစ်ပါတယ်။ ဒီကာလမှာ ပညာရေးနိမ့်ကျခဲ့တယ်။ မြန်မာစာပေ အလျင်နဲ့ ကဗျာအလျင်ဟာလည်း တုံ့ဆိုင်းသွားခဲ့တယ်။

စစ်ပြီးစ ကဗျာတွေမှာ ခေတ်စမ်းနဲ့ မတူတာက နိုင်ငံရေးကဗျာတွေ အထူးများပြားလာခဲ့တယ်။ (နိုင်ငံရေးကလည်း ဂိုဏ်းကွဲတွေ ထွေပြားတယ်)။ ကဗျာတွေဟာ “ဘာသာစကား အားနည်းမှု”ရဲ့ အရိပ်လက္ခဏာတွေ ကဲ လာတယ်။ တချို့က “အ အ အိပ်မက်” တွေ ဖြစ်လာတယ်။ မောင်သာနိုးက သူဟာ န၀ဒေဒ နတ်သျှင်နောင် ကဗျာတွေကို အခေါက် ၁၀၀ လောက် ဖတ်ဖူးတယ်။ ခုခေတ်လူငယ်တွေဟာ လုံးဝ မဖတ်ဖူးဘူး။ ဒါဟာ အားနည်းချက် တခုအဖြစ် ထောက်ပြဖူးပါတယ်။

ကဗျာဆိုတာ ဘာသာစကားရဲ့ ကိစ္စ ဖြစ်ပါတယ်။ ဘာသာစကား အားနည်းမှုကြောင့် အတ္ထာ လင်္ကာရ၊ သဒ္ဒါ လင်္ကာရ အားနည်းလာခဲ့ပါတယ်။ “ရစ်သမ်” ခေါ် “နရီ” မပြေပြစ်မှုတွေ များလာခဲ့ပါတယ်။ ဒီလို ကာလရဲ့ အထွတ်အထိပ်မှာ တင်မိုးရဲ့ ဖန်မီးအိမ် ပေါ်လာခဲ့ရာမှာ ထူးခြားသွားခဲ့ပါတယ်။ အထူး ပြေပြစ်လှတဲ့ ကဗျာတွေပါ။ ဖန်မီးအိမ် ထွက်ပြီး နောက် ၁၀ နှစ် အကြာမှာ တင်မိုးရဲ့ “ထီးကလေးနဲ့ မနီ” ကလည်း ကလေးကဗျာဆု ရခဲ့ပါတယ်။

တင်မိုးဟာ မန္တလေးမှာ “သပြေစာအုပ်တိုက်”၊ ကမ္ဘာခေတ် စာအုပ်တိုက်တို့ကို အပေါင်းအသင်း ရောင်းရင်းတွေနဲ့ ထူထောင်ခဲ့တယ်။ နောက်ဆုံး သူ့ရဲ့ ဖန်မီးအိမ် စာအုပ်တိုက်ကို ထူထောင်တယ်။ ရသစာပေနိဒါန်း (ဇော်ဂျီ)၊ ပန်းနှင့်ပင်စည် (မင်းသုဝဏ်)၊ ငဘ (မောင်ထင်)၊ အနီနှင့်အပြာ (မောင်စွမ်းရည်)၊ ဟိုချီမင်းရဲ့ အကျဉ်းထောင်က ပုလွေသံ (မောင်စွမ်းရည် ဘာသာပြန်)၊ လှေတစင်းနဲ့ သီချင်းသည် (တင်မိုး)၊ တတိယမျက်လုံး (ဒေါက်တာသန်းထွန်း ဘာသာပြန်တဲ့ လော့ဘဆန်ရမ်းပါးရဲ့ စာအုပ်)၊ သိန်းသန်းထွန်းရဲ့ ကလေးကဗျာစာအုပ် စတာတွေကို ဦးစီး ထုတ်ဝေခဲ့ပါတယ်။

သူငယ်ချင်းတွေ အင်အားနဲ့ မောင်မိုးသူက မိုးဦးပန်း စာပေတိုက်ထောင်ပြီး တက်တိုး၊ တက္ကသိုလ် ဘုန်းနိုင်၊ မောင်သာရတို့ စာအုပ်တွေ ထုတ်ပါတယ်။ မောင်စွမ်းရည်က ကလောင်ရှင်အသင်း စာစဉ်အဖြစ် ဆရာဇော်ဂျီရဲ့ ‘ရသစာပေအဖွင့်’ ၊ ၀င်းကြွယ်ရဲ့ “ခေါင်းလောင်းသံ ကဗျာများ”၊ ဘုတလင်ချစ်လေးရဲ့ “ကခြေသည် ကဗျာများ” ကို ထုတ်တယ်။

ဒါတွေဟာ တဆက်တည်း ဖြစ်ခဲ့တာတွေပါ။ ပန်းချီဝင်းဖေနဲ့ ပေါ်ဦးသက်တို့ကလည်း လူထုတိုက်ရဲ့ လခစား ပန်းချီဆရာတွေပါ။ အားလုံး ကျောင်းနေဖက်တွေချည်းပါ။ သူတို့က အဖုံးဆွဲပေးတယ်။

မန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်းက ကလောင်ရှင်တွေဟာ မန္တလေးတိုက်က တခုတည်းသော စာအုပ်တိုက်၊ တခုတည်းသော သတင်းစာတိုက်အဖြစ် ရပ်တည်နေတဲ့ လူထုတိုက်ရဲ့ အရိပ်အာဝါသကို ခိုဝင်ကြတယ်။ တင်မိုးက လူထုသတင်းစာ တနင်္ဂနွေကဗျာ အချပ်ပိုရဲ့ အယ်ဒီတာ လုပ်ခဲ့တယ်။ ကြည်အောင်၊ မောင်သိန်းနိုင်နဲ့ တင်မိုးတို့ စမ်းလုပ်ကြည့်ပြီး သူတို့မလုပ်ချင်တဲ့ စာပေဝေဖန်ရေးကို မောင်စွမ်းရည် လက် လွှဲပေးခဲ့ကြတယ်။

(ဆက်လက်ဖော်ပြပါမည်)

ဓာတ်ပုံ – ၂၀၀၆ နိုဝင်ဘာ ၁၂၊ မိုးမခ ၃ နှစ်ပြည့် မိတ်ဆုံပွဲ ကာလ။ တင်မိုးနဲ့ မောင်စွမ်းရည်။ ဆန်ဖရန်စစ္စကို ဧည့်ရိပ်သာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts