>Ottara Moon – The New Day of 21 Centuary

>

၂၁ ရာစုရဲ့ သမိုင်းသစ်

ကင်မရာတွေအားလုံး ၀ါရှင်တန်ကို ချိန်ထားမယ့်နေ့

ဥတ္တရမွန်း

ဇန်န၀ါရီ ၁၉ ရက်


အင်္ဂါနေ့ ၂၀ရက်မှာ အိုဘားမား ကျမ်းကျိမ်သစ္စာဆိုပြီး အမေရိကန်သမ္မတအဖြစ် လက်ခံယူတော့မဲ့ သမိုင်းဝင်အခန်းအနားကို သန်းနဲ့ချီမဲ့လူတွေ ၀ါရှင်တန်မှာ စုရုံးရောက်ရှိမှာ ဖြစ်သလို အခြားသန်းပေါင်းများစွာသော လူများလည်း အလုပ်ခွင်တွေရဲ့ ရုပ်မြင်သံကြားစက် အနားမှာ ရောက်နေမှာ ဖြစ်ပါတယ်။


“ဒါဟာ သမိုင်းတွင်သွားမဲ့ အဖြစ်အပျက်နဲ့ လူတွေအားလုံး ပျော်ရွှင်ဝမ်းမြောက်မှုကို အတူတကွ ခံစားသွားစေမဲ့ နေ့ဖြစ်သွားမယ်၊ လူတွေအားလုံး လုပ်နေတဲ့အလုပ်ကနေ ရပ်တန့်ပြီး ကြည့်ကြမယ်” ဟု စီအင်အင်ဌာနမှ အကြီးအကဲ တစ်ဦးဖြစ်သူ ဒေးဗစ်ဘိုမင်(David Bohrman) က ပြောပါတယ်။


အမေရိကန်သတင်းဌာန အားလုံးက ၀ါရှင်တန်မှာ ပြုလုပ်မဲ့ သမ္မတကျမ်းကျိမ်ပွဲကို သာမက၊ အဲဒီနေ့ တနေ့လုံးရဲ့ အခြားအခန်းအနား၊ တေးဂီတ ဖျော်ဖြေမှု စတာတွေကို ရှုထောင့်ပေါင်းစုံက တင်ဆက်သွားနိုင်ဖို့ အလွန်အလုပ်များ နေကြပါတယ်။


တစ်တိုင်းပြည်လုံးရဲ့ စိတ်ဝင်စားမှုဟာ သိပ်ကြီးမားလွန်းလို့ ခါတိုင်း နိုင်ငံရေးသတင်းတွေကို ဖော်ပြခြင်း မပြုတဲ့ သတင်းဌာနတွေတောင် ဒီအခန်းအနားအတွက် ပြင်ဆင်နေကြပါတယ်။ လူမည်း ပရိသတ်တွေကို အဓိကထားတဲ့ BET နဲ့ TV One အသံလွင့်ဌာနတွေကလည်း ဟိုးအရင်တုန်းက လူမည်းကျွန်တွေ ဆောက်လုပ်ခဲ့တဲ့ Capital Building ရဲ့ လှေကားထစ်တွေပေါ်ကို လူမည်းသမ္မတ အိုဘားမား တက်ရောက်သွားချိန်မှာ ရောက်ရှိနေမှာ ဖြစ်ပါတယ်။


“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ အိပ်မက်ဟာ အမှန်တကယ်ဖြစ်လာတယ် ဆိုတဲ့ အကြောင်းကို ပရိသတ်တွေကို တင်ပြဖို့ပါပဲ” ဟု BET မှ ပြောပြပါတယ်။


ကလေးလူငယ်များကြည့်ကြတဲ့ Nickelodeon ကလည်း သတင်းထောက် နှစ်ယောက်လွတ်ထားကာ၊ MTV ကလည်း သမ္မတကျမ်းကျိမ်ဆိုမဲ့ ကော်မတီက လူငယ်များရဲ့ ဖျော်ဖြေမှုပွဲကို တင်ဆက်မှာဖြစ်ပြီး၊ နောက်ဆုံး ရုပ်မြင်သံကြားကနေ ပစ္စည်းတွေရောင်းတဲ့ QVC ကတောင် သမ္မတကျမ်းကျိမ်ပွဲမှာ အမှတ်တရပစ္စည်းတွေကို ရောင်းချမှာ ဖြစ်ပါတယ်။


“အခုလို စီးပွားရေးအခြေအနေက မကောင်း၊ ဂါဇာကမ်းမြောင်ဒေသမှာလည်း စစ်တွေဖြစ်နေချိန်မှာ အိုဘားမားရဲ့ သတင်းတွေကို ဖော်ပြမယ်ဆိုတော့ လူတွေမှာ အကောင်းဖက်ကနေ မျှော်လင့်ချက်လေးတွေ ရှိလာနိုင်စေပါတယ်” လို့ NBC သတင်းက ပြောပါတယ်။



သန်းပေါင်းများစွာသော အမေရိကန်ပြည်သူတွေက သမ္မတကျမ်းကျိမ်မဲ့နေ့မှာ ကွန်ပြူတာရှေ့မှာ ရောက်နေမှာကို ကြိုသိထားကြတော့ သတင်းဌာနတွေကလည်း သူတို့ရဲ့ ၀က်ဘ်ဆိုက်တွေမှာ တိုက်ရိုက်သတင်း၊ အခန်းအနား၊ မိန့်ခွန်းတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီဟာ အဓိကနေရာ ဖြစ်ပေမဲ့လည်း ဌာနအသီးသီးက သတင်းထောက်တွေဟာ တိုင်းပြည်ရဲ့နေရာအနှံ့မှာ အိုဘားမားအတွက် ပြုလုပ်မဲ့ အထိမ်းအမှတ်ပွဲတွေကိုလည်း တင်ဆက်သွားမယ်လို့ သိရပါတယ်။

နာမည်ကြီးသတင်းဌာနတွေဖြစ်တဲ့ ABC, NBC နဲ့ CBS သတင်းဌာနတွေက ၂၀ရက်နေ့မှာ နံနက် ၇ နာရီကစပြီး တနေလုံး အိုဘားမားရဲ့ သမ္မတကျမ်းကျိမ်ပွဲ အခန်းအနားကို ထုတ်လွှင့်သွားမှာဖြစ်ပြီး၊ HBO ကတော့ ယနေ့စတင်လိုက်တဲ့ Lincoln Memorial က တေးဂီတဖွင့်ပွဲကို ဒီနေ့ပဲ ပြသသွားပါတယ်။ ၁၉ ရက်နေ့မှာတော့ ဒစ်စနေကပြုလုပ်မဲ့ အိုဘားမား ဂုဏ်ပြုပွဲတေးဂီတ အစီအစဉ်ကို ဒစ်စနေချန်နယ်(Disney Channel)ကနေ ည ၈ နာရီမှာ တင်ဆက်သွားမယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ လူငယ်အသဲစွဲ နာမည်ကျော် အနုပညာရှင် Miley Cyrus နဲ့ the Jonas Brothers တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

( ဇန်န၀ါရီ ၁၈ ရက်၊ Contra Costa Times မှ ကောက်နုတ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts