>Maimi – 05

>

အမှတ်တရ မိုင်ယာမီ (၅)
ဉာဏ်ဦးမောင်

ဇန်န၀ါရီ ၁၄၊ ၂၀၀၉


ကိုယ်တို့ရဲ့ သင်္ဘောငယ်လေး Island Queen ဆိပ်ကမ်းကနေ ခွာလျှင်ခွာခြင်းပဲ ‘အားလုံးကို မိုင်ယာမီက ကြိုဆိုပါတယ်၊ အင်မတန် သာယာလှပတဲ့ ညနေခင်းပါပဲရှင်’ ဆိုပြီး ကိုယ်တို့ခရီးစဉ်ကို ဦးဆောင် ရှင်းလင်းပြောပြမယ့် မရွှေချောက နှုတ်ခွန်းဆက်စကား ဆိုပါတယ်။ သင်္ဘောခရီးစဉ်မှာ တာဝန်ယူကြမယ့်သူ အားလုံးကိုလဲ တယောက်ချင်းစီရဲ့ အမည်ကို ပြောပြ၊ မိတ်ဆက်ပေးပါတယ်။ အင်္ဂလိပ်လိုတလှည့်။ စပိန်ဘာသာနဲ့ တခါ။

ပြောခဲ့သလို ဒီနေရာ ဒီဒေသက စပိန်ဘာသာစကား ပြောသူတွေ များတဲ့ ဒေသလေ။ ကိုယ်တို့ခရီးစဉ်မှာ ပါလာတဲ့သူ အများစုကလည်း လက်တင်နွယ်ဖွားတွေ။ ခရီးစဉ်ကို တာဝန်ယူကြမယ့်သူ အားလုံးလည်း လက်တင်သွေးရှိသူတွေပဲဟာ။ ဒါပေမယ့် ကိုယ်တို့ ရွှေဗမာတွေ အများဆုံး ရည်ညွှန်းသုံးနှုန်းတတ်တဲ့ ပဲစားတွေ ဆိုတဲ့ မက္ကစီကိုဘက်က လာတဲ့သူ အများစုလိုတော့ ဝဝ မည်းမည်းတွေ မဟုတ်ပါဘူး။ (လူမျိုးရေးခွဲခြားတယ် မထင်ပါနဲ့၊ ကွဲပြားအောင် ရေးပြတာပါ။ မက္ကစီကိုက လာတဲ့ ဖြူနွဲ့သွဲ့လှ မက္ကစီကန်မတွေလည်း များမှ အများကြီးပါ)။

ဟုတ်ပါရဲ့။ သူမ ပြောသလိုပါပဲ။ ဒီညနေမှာ ဟောဒီ မိုင်ယာမီကမ်းခြေလေးက သာယာနိုင်လွန်းလိုက်တာ။ ကိုယ်ကတော့ တနှစ်လုံးမှာ ဒီနေ့ ဒီအချိန်လေးဟာ မိုင်ယာမီရဲ့ အသာယာဆုံးအချိန် ဖြစ်နေလေမလားလို့တောင် တွေးထင်မိသေးတာ။ တကယ်တော့ ဒါက ကိုယ့်အထင်မျှသာပါ။ မိုင်ယာမီက တနှစ်တာလုံး ဒီလိုပဲ မတိမ်းမယိမ်း ရာသီဥတုမျိုး ရှိနေတာပါ။ ပြောခဲ့သလို မုန်တိုင်းရဲ့ ရက်စက်တဲ့ ရိုက်ချက်တွေ ဟောဒီ ငြိမ်သက်အေးချမ်းတဲ့ ကမ္ဘာမြေလေးကို မသက်ရောက်လေတဲ့ အချိန်တိုင်းမှာပေါ့လေ။

ကြည့်လိုက်စမ်းပါဦး။ ပြာလဲ့လဲ့ ရေလွှာပြင်က အပြစ်ကင်းပြီး အရည်သန့်နေတဲ့ နီလာကျောက်ကောင်းကောင်းတွေ ဖြန့်ခင်းထားသည့်နှယ်။ လက်လက်ဝင်းပြီး၊ ကြည်လင်သန့်ရှင်းလို့ နေလိုက်တာက။ သြကာသလောကတခွင်လုံးကိုပင် ပြာလဲ့လဲ့ရောင်စဉ်တွေ ထင်ဟပ်နေသည့်နှယ်။ ကောင်းကင်ပြာပြာကြီးနဲ့ တကယ့်ကိုမှ ပဏာရကာ လိုက်ဖက် ညီနိုင်လွန်းလှစွာ။ ရေပြာရောင်စဉ်ကပဲ ကောင်းကင်ကို ထင်ဟပ်လေသလား၊ ကောင်းကင်ပြာပြာကပဲ ရေလွှာကို လဲ့လဲ့ပြာစင် ဖြစ်စေသလား၊ ကိုယ်တော့ ဝေခွဲလို့ မရနိုင်ပါဘူး။ အောက်ခံရေပြင်လွှာပြာပြာမှာ ကောင်းကင်ပြာပြာ နောက်ခံလွှာနဲ့ တည်ဆောက်ထားတဲ့ မိုးမြင့်တိုက်တာများရဲ့ ရောင်စုံအလှ ပသာဒက ရှုချင့် မဆုံးဖွယ်ရာ။ စာလာ ပေလာစကား ခဏယူကာ ငှားသုံးရလျှင်ဖြင့် “တာဝတိံသာ၊ တူစွာလော ၊ တူစွာလော” လို့ ဆိုရမလိုပါ။

ကိုယ်တို့စီးလာတဲ့ သင်္ဘောငယ်လေး လှပစွာ တည်ဆောက်ထားတဲ့ တံတားအောက်ကနေ ဖြတ်အထွက် ရုတ်တရက် မြင်လိုက်ရတဲ့ ပုံစံဆန်းဆန်း အဆောက်အဦတွေက ဘာတွေများ ဖြစ်နိုင်မလဲလို့ ကိုယ်စဉ်းစားလို့ မဆုံးမီမှာပဲ “ဟိုညာဖက်က မြင်နေရတဲ့ ချွန်ချွန်နဲ့ အဆောက်အဦ တွေကတော့ မိုင်ယာမီ အပျော်ခရီး သင်္ဘောခရီးထွက်ရာ ဆိပ်ကမ်းပေါ့။ မိုင်ယာမီက အမေရိကရှိ သင်္ဘောဆိပ် အကြီးတွေထဲမှာ တခု အပါ အဝင်ပါ။ မိုင်ယာမီကတော့ နံပတ် (၁) ပေါ့လေ”လို့ ဟာသနှောလို့ ပြောသွားပါသေးတယ်။ တကယ် နံပတ် (၁) ဟုတ်မဟုတ်တော့ ကိုယ်လည်း မသိပါဘူး။ နောက်ပြီး သူမ ပြောဟန်နဲ့ ပြောသံကလည်း ရယ်သံပါနေလေတော့ အတည်ယူဖို့လဲ ခက်ခက်ပါ။ တကယ်တော့လည်း နံပတ် (၁) တွေ၊ (၂) တွေက ကိုယ့်အတွက် အရေးမကြီးလှပါဘူး။ ဒါပေမယ့် ဘယ်အရာက ဘာတွေဖြစ်တယ်ဆိုတာ သိနိုင်ဖို့တော့ သူမရှင်းပြတာကို အသေ အချာ နားထောင်ဖို့ လိုလိမ့်မယ်။ ဒါက ကိုယ့်အတွက် မိုင်ယာမီ ပထမအကြိမ် ခရီးစဉ်လေ။ ကိုယ်က ဒီကအကြောင်း မိုင်ယာမီဆိုတဲ့ နာမည်ကလွဲရင် ဘာမှသိထားတာ ရှိခဲ့တာ မဟုတ်ဘူး။
“သက်တောင့်သက်သာ နေရာယူလို့ အပန်းဖြေကာ အနားယူပါ။ ကျမတို့က ရှင်တို့ကို ဘစ်ကေယင် (Biscayne Bay) ပင်လယ်ကွေ့တလျောက် ခေါ်ဆောင်သွားမှာပါ။ ခရီးစဉ်တလျှောက်မှာလည်း ဘယ်လိုမှ မေ့ပျောက်လို့ မရနိုင်မယ့် မိုင်ယာမီရဲ့ လှပတဲ့နေရာတွေ အကြောင်းကိုလည်း ဘာသာစကားနှစ်ခုနဲ့ ရှင်းလင်းပြောပြမှာပါ။ ကျမတို့ ခရီးစဉ် တလျှောက်မှာ မိုင်ယာမီကမ်းခြေတလျှောက်ရှိ လှပပြီး စိတ်ဝင်စားစရာ ကောင်းမယ့် မိုင်ယာမီမြို့လယ်က မိုးမျှော်တိုက်တာများ၊ ကမ္ဘာကျော် မိုင်ယာမီဆိပ်ကမ်း၊ ဖစ်ရှားကျွန်း၊ မိုင်ယာမီကမ်းခြေ၊ ဘရစ်ကီကီး။ မီလျံနာရိုး ခေါ်တဲ့ ချမ်းသာကြွယ်ဝသူတွေ၊ ထင်ပေါ်ကျော်ကြားသူတွေ နေထိုင်တဲ့ သန်းပေါင်းများစွာတန် အိမ်တွေရှိတဲ့ ကျွန်းလည်း ပါဝင်မှာပါ။ မိနစ် (၉ဝ)ကြာမယ့် ဒီခရီးစဉ်မှာ ကျမတို့ သင်္ဘောပေါ်မှာပဲ ဖျော်ရည်တွေ၊ သရေစာတွေလည်း ဝယ်ယူ သုံးဆောင်နိုင်ပါတယ်။ လေအေးစက် တပ်ဆင်ထားတဲ့ ကျမတို့သင်္ဘောလေးရဲ့ အောက်ထပ် မှန်ပြတင်းပေါက်ကနေ ပြင်ပအလှကမ္ဘာကို တဝကြီး ရှုကြည့်နိုင်သလို ပင်လယ်ပြင်ကို ဖြတ်တိုက်လာတဲ့ နုနုမွမွ အေးမြပြီး လတ်ဆတ်တဲ့ သဘာဝလေကို တဝကြီးအားရပါးရ ရှူရှိုက်ကာ ပကတိရသနဲ့ မိုင်ယာမီရဲ့ သဘာဝအလှတွေကို လက်တွေ့ကျကျ ခံစားလိုသူတွေအတွက် သင်္ဘောလေးရဲ့ အထက်ထပ်ဟာ အဆင်ပြေတဲ့ နေရာဖြစ်နိုင်မှာပါ၊ အပူပိုင်းရာသီဥတုမှာ တည်ရှိတဲ့ ဖလော်ရီဒါရဲ့ အကျော်ကြားဆုံးမြို့မှာ ရှိတဲ့ အလွန်သာယာတဲ့ ရှုခင်းအလှတွေကို သက်သောင့်သက်သာ ထိုင်ပြီး အပန်းဖြေ အနားယူရတာထက် ကောင်းတဲ့ ရသမျိုး ဘယ်နေရာမှာမှ ရှိနိုင်မယ် မဟုတ်ပါဘူး” တဲ့။ ခရီးစဉ်အကြောင်း သူမက အကြိုရှင်းပြတယ်။

သူမ ပြောသလို ဟုတ်မဟုတ်ဆိုတာကတော့ ဒီခရီးစဉ်ပြီးဆုံးတဲ့အခါ ကိုယ်ကိုယ်တိုင် သိနိုင်မှာပေါ့။ “အစကောင်းလျှင် အနှောင်းသေချာ” ဆိုတဲ့ မြန်မာ ဆိုရိုးစကားတခွန်းအရ ဆိုလျှင်တော့ သူပြောတာ ဟုတ်နိုင်မှာပါ။ ခု ကိုယ်မြင်နေရတဲ့ မြင်ကွင်းအလှ၊ ကိုယ် ထိတွေ့ ခံစားနေရတဲ့ ရာသီဥတုရဲ့ မျှတတဲ့ ရသကပဲ သူမ ပြောသလိုပါပဲ။ မေ့ပျောက်လို့ ရနိုင်စရာ အရာမျိုးမှ မဟုတ်တာ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts