>Maimi – 04

>

အမှတ်တရ မိုင်ယာမီ (၄)
ဉာဏ်ဦးမောင်

ဒီဇင်ဘာ ၂၈၊ ၂၀၀၈

မိုင်ယာမီ၊ တချို့ကတော့ မီယာမီ-တဲ့။ ဘယ်လိုပဲ ခေါ် ခေါ်၊ သေချာတာကတော့ မိုင်ယာမီ ဆိုတာ ထင်ရှား ကျော်ကြားတဲ့ မြို့တမြို့ ဖြစ်တယ်ဆိုတာပါပဲ။ နောက်ပြီး လှလည်းလှတဲ့ မြို့တမြို့။ ရာသီဥတု အစွန်း မရောက်တာကို နှစ်သက်သူတွေ အတွက်လည်း နေပျော်ဖွယ်မြို့ ဖြစ်မှာပေါ့။ ဒါပေမယ့် မကြာမကြာ အလည်လာတတ်တဲ့ မုန်တိုင်းရဲ့ ကြမ်းတမ်းတဲ့ ပွေ့ဖက်ဟန်ကို လက်ခံရဲတဲ့ သတ္တိတော့လည်း ရှိဖို့လိုမပေါ့။
မိုင်ယာမီက အမေရိကန်နိုင်ငံ အရှေ့တောင်ထောင့်မှာ တည်ရှိတဲ့ ဖလော်ရီဒါပြည်နယ်ရဲ့ အရှေ့တောင်ဒေသက မြို့ တမြို့။ ရာသီဥတုက အပူပိုင်းဒေသ။ သတင်းအချက်အလက်တွေနဲ့ နည်းပညာဆိုင်ရာတွေကိုပါ စုဆောင်းထားတဲ့ ဝီကီပီဒီယာခေါ် အင်တာနက်ဝက်ဘဆိုက်မှာ မိုင်ယာမီကို Global City လို့ ဖော်ပြပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးမှာ စီးပွားရေး၊ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေး၊ ဖျော်ဖြေရေး စတာတွေပေါ်မှာ အရေးပါတဲ့မြို့ တမြို့ ပိုပိုဖြစ်လာတယ်လို့လည်း ဖော်ညွှန်းပါတယ်။ ထင်ရှားတဲ့ ဘဏ်ကြီးတွေ၊ ကုမ္ပဏီကြီးတွေ ရုံးချုပ်တွေ အခြေ စိုက်ရာမြို့တမြို့ပေါ့။ အထူးသဖြင့် လှပတဲ့ကမ်းခြေတွေနဲ့ နွေးထွေးတဲ့ရာသီဥတုစတဲ့ အားသာမှုတွေကြောင့် မိုင်ယာမီက အပျော်စီး (cruse) သင်္ဘောခရီးစဉ်များရဲ့ ဗဟိုချက်မ မြို့တမြို့ ဖြစ်ပါသတဲ့။ နယူးယောက်၊ လော့စ်အင်ဂျလိစ် နဲ့ ရှီကာဂိုမြို့တွေပြီးရင် မိုင်ယာမီက အမေရိကန်နိုင်ငံရဲ့ စတုတ္ထမြောက် အကြီးမားဆုံး မြို့ပြလူနေမှု ဝန်းကျင်တခုလည်း ဖြစ်လာပါသတဲ့။ ဒီဧရိယာအတွင်းမှာ မိုင်ယာမီိဒိတ်ကောင်တီ၊ ဘရောဝါဒ်ကောင်တီနဲ့ ပန်းဘိခ်ျကောင်တီတို့ ပါဝင်ပါတယ်။

တောင်ပိုင်းဖလော်ရီဒါလို့လည်းခေါ်တဲ့ ဒီဝန်းကျင်မှာ ၂ဝဝ၅ ခု သန်းခေါင်စာရင်းဌာန ခန့်မှန်းစစ်တမ်းအရ ၅၂ ရာနှုန်းက အိမ်မှာ အင်္ဂလိပ်စကားပြောပြီး ၄၈ ရာနှုန်းက အခြားဘာသာစကား ပြောကြတယ်တဲ့။ အခြားဘာသာ စကားဆိုရာမှာ စပိန်ဘာသာစကားပြောသူက ၇၂ ရာနှုန်း ရှိပါတယ်တဲ့။ မိုင်ယာမီမြို့တမြို့ထဲမှာဆိုရင် အမိ ဘာသာစကားအဖြစ် စပိန်စကားကို ပြောဆိုသူက ၆၇ ရာခိုင်နှုန်းနဲ့ အင်္ဂလိပ်ဘာသာစကားကို ပြောဆိုသူက ၂၅ ရာခိုင်နှုန်းပဲ ရှိပါသတဲ့။

လက်တင်အမေရိကဘက်က ပြောင်းရွှေ့ အခြေချလာသူတွေ အများဆုံးနေတဲ့မြို့။ အထူးသဖြင့် ပြောင်းရွှေ့လာတဲ့ ကျူးဘားအများစု နေထိုင်တဲ့ဒေသ။ ၁၉၅၉ ခု၊ ဖီဒယ်လ် ကက်စထရို အာဏာရလာပြီးနောက် ကျူးဘားပညာတတ်တွေနဲ့ ငွေကြေးချမ်းသာသူ အမြောက်အများ အမေရိကန်နိုင်ငံဆီ ထွက်ပြေးလာရာမှာ ဖလော်ရီဒါက သူတို့တွေရဲ့ အဓိက အခြေစိုက်ရာ ဖြစ်လာပါတယ်တဲ့။ ကျူးဘားတွေအနေများတဲ့ဝန်းကျင်ကိုတော့ လစ်တဲလ် ဟာဗာနား၊ ဟေတီကလာသူတွေ အများစုနေရာကိုတော့ လစ်တဲလ် ဟေတီ၊ နီကာရာဂွာတွေ အနေများတဲ့ ရက်ကွက်ကိုတော့ လစ်တဲလ် မန်နဂွာ စသဖြင့်ခေါ်ဝေါ်ကြတယ်။ အလားတူပဲ လစ်တဲ ဘရာဇီး၊ လစ်တ်လ် မော်စကို၊ လစ်တဲလ် ဆန်ဟွမ် စသဖြင့် လူမျိုးစုတွေ နေထိုင်ကြတာတွေကို စွဲခေါ်ထားတဲ့နေရာလေးတွေက များမှများ။ သူ့နေရာမှာ သူ့ဘာသာစကား၊ သူ့ယဉ်ကျေးမှု၊ သူ့အစားအစားလေးတွေနဲ့ သီးသန့်နိုင်ငံလေးတွေ သဏ္ဌာန်။ တကယ်လို့ ဖလော်ရီဒါသာ ကိုယ့်နိုင်ငံရဲ့ အိမ်နီးနားချင်းဖြစ်ခဲ့မယ်ဆိုရင် အလုံးအရင်းနဲ့ ထွက်ပြေးကြရ၊ ပြောင်းရွှေ့နေထိုင်ကြရတဲ့ ကိုယ့်လူမျိုးတွေကြောင့် လစ်တ်လ် ဘားမား၊ ဒါမှမဟုတ် လစ်တ်လ် ရန်ကုန် ဆိုတာလည်း ဟောဒီမိုင်ယာမီမှာ တစ်ခုအပါအဝင် ဖြစ်နေမှာသေချာတယ်လို့ ကိုယ်က တွေးမိသေးတယ်။

နိုင်ငံတကာပြောင်းရွှေ့လာသူတွေ ယဉ်ကျေးမှုတွေ၊ အသားအရောင်တွေနဲ့ နောက်ခံအခြေအနေတွေ ဘယ်လိုပင် ကွဲပြားခြားနားပါစေ၊ အမေရိကန်ကိုရောက်လာရင် အဲဒီမတူညီမှုတွေကို ပေါင်းစပ်ပြီး အရာအားလုံး ရောစပ်ထားတဲ့ ယဉ်ကျေးမှုပုံစံသစ်တမျိုး ဖြစ်လာနိုင်မယ်လို့ အမေရိကန်တွေက အရင်က မျှော်မှန်းခဲ့ကြတာ။ သူတို့အသုံးအနှုန်း အရ Melting Pot ယဉ်ကျေးမှုပေါ့။ သို့ပေမယ့် သူတို့မျှော်မှန်းသလို သူတို့ထင်ထားသလို ဖြစ်မလာပါဘူး။ ဒါကြောင့် ခုတော့ သူ့လူမျိုးစုရဲ့ သူ့ယဉ်ကျေးမှုပုံစံငယ်လေးတွေနဲ့ သီးသီးခြားခြား လှပစွာ တည်ရှိနေတဲ့ လူနေမှုပုံစံကိုပဲ လက်ခံအသိအမှတ်ပြု ဖော်ပြလာကြတယ်။ ဒါကို Multiculturalism လူနေမှုပုံစံတဲ့။ အရောင်အသွေးစုံတဲ့ ပန်းချီကားချပ်သဏ္ဌာန် လူနေမှုပုံစံပေါ့။ ဒီစကားက ဟောဒီမိုင်ယာမီမှာ ပိုပြီးလိုက်ဖက်ညီသလို ဖြစ်နေတယ်။

ဒီမြို့ပြဧရိယာမှာ နေထိုင်သူလူဦးရေက ငါးသန်းခွဲခန့်လို့ ခန့်မှန်းကြပါတယ်။ မိုင်ယာမီကို ၂ဝဝ၈ အတွက် အမေရိကန်နိုင်ငံရဲ့ အသန့်ရှင်းဆုံးမြို့အဖြစ် ကမ္ဘာကျော် ဖော့ဘီမဂ္ဂဇင်းကြီးက သတ်မှတ်ပါတယ်။ အခြား သူများရဲ့ပိုင်ဆိုင်မှုတွေကို တွက်ချက် ခန့်မှန်းလေ့ရှိတဲ့ ဆွစ်ဇလန်အခြေစိုက် the Union Bank of Switzerland (UBS)ကတော့ မိုင်ယာမီဟာ အမေရိကန်နိုင်ငံရဲ့ တတိယမြောက် အချမ်းသာဆုံးမြို့၊ ကမ္ဘာမှာတော့ နံပါတ် နှစ်ဆယ့်နှစ် အချမ်းသာဆုံးမြို့လို့ သတ်မှတ်ပါတယ်။

ခုတော့ ဒီမိုင်ယာမီရဲ့ ကမ်းခြေတနေရာ။ အိုင်လန်းကွင်းဆိုတဲ့ အပျော်စီးသင်္ဘောငယ်တွေ စတင်ထွက်ရှိတဲ့ ဆိပ်ကမ်းနေရာလေးကို ကိုယ်တို့ ရောက်ရှိလို့နေပြီ။ ဒီက အပျော်စီးသင်္ဘောငယ်လေးကို စီးလို့ မိုင်ယာမီရဲ့ ထင်ရှားတဲ့ ကမ်းခြေအနီးက အလှတွေကို စူးစမ်းပြီး ကြည့်ကြမယ်ပေါ့။ ဘယ်နေရာတွေဆီိကို ဒီသင်္ဘောငယ်လေးက ကိုယ်တို့ကို သယ်ဆောင်သွားပြီး မိုင်ယာမီရဲ့ ဘယ်လိုအလှတွေကိုများ ပြသကာ ဖျော်ဖြေလေမလဲလို့ စိတ်အားထက်သန်နေမိတယ်။

ကိုယ်ရပ်နေတဲ့ ကမ်းစပ်အနီးက ရေပြာပြာပင်လယ်ပြင်ပေါ်မှာတော့ ညီညာစွာ ရပ်နားထားတဲ့ သင်္ဘောငယ်လေးတွေနဲ့ ရွက်လှေလေးတွေက အရွယ်စုံ ဆိုက်စုံ။ ခပ်လှမ်းလှမ်းဆီမှာတော့ ကျွန်းနှစ်ခုကို ကူးယှက်ထားတဲ့ တံတားနှစ်စင်း။ အပေါ်မှာလည်း ကားရောင်စုံတွေ လှစ်လှစ်ပြေးလျက်။ ဟိုခပ်လှမ်းလှမ်းမှာတော့ အခြားကျွန်းတခုပေါ်မှာပဲ ဆောက်လုပ်ထားတဲ့ မိုးမျှော်တိုက်တာတွေက တိမ်လွှာပြင်ထဲမှာ အပြိုင်လုတက်လို့။ တိုက်တွေရှေ့က လမ်းမကျယ်နဲ့အပြိုင် ကမ်းခြေတလျှောက်မှာလည်း ကားကြီးကားငယ်က ဥဒဟို။ အစီအရီစိုက်ပျိုးထားတဲ့ အုန်းပင်နဲ့ ထန်းပင်တွေကြားမှာ စိန်ပြေးတမ်း ကစားနေသည့်နှယ်။ ကိုယ်ရပ်နေတဲ့ဘေးက အကာမဲ့ တဲငယ်လှလှလေးတဆောင်ရဲ့ စင်မြင့်ပေါ်မှာတော့ ဂစ်တာ တလုံးနဲ့ ကာရစ်ဘီယံတေးကို အားရပါးရဟစ်ကြွေးနေတဲ့ အဆိုရှင်တဦးက မြူးမြူး ကြွကြွ သီဆိုလို့။ သူ့တေးသွားနဲ့အတူ စီးချက်မှန်စွာ ခုန်ပေါက်လို့ ကလိုက်ချင်စရာ။ ကိုယ့်ခြေထောက်တွေ မြောက်ကြွမသွားအောင်ပင် သတိထားနေရတယ်။ လက်မှတ်ရောင်းတဲ့ ဂိတ်ဝမှာ ၁ဝ မိနစ် ကျော်ကျော်လောက် တန်းစီကာ စောင့်နေရတာကိုပဲ သိပ်ကြာလွန်းလှတယ် ထင်နေမိပါရဲ့။ ဟေး- မိုင်ယာမီ၊ I can’t wait to see you!


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts