>Maimi – 03

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အမှတ်တရ မိုင်ယာမီ (၃)
ဉာဏ်ဦးမောင်
ဒီဇင်ဘာ ၂၆၊ ၂၀၀၈

ကိုယ်ရောက်ခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တွေထဲမှာ ရာသီဥတုအနေနဲ့ ဖလော်ရီဒါက မြန်မာပြည် ရာသီ ဥတုနဲ့ အနီးစပ်ဆုံး။ ရောက်ဖူးသူတွေ အပြောအရ ဟာဝိုင်ယီရာသီဥတုလည်း မြန်မာပြည် ရာသီဥတုနဲ့ တူတယ်တဲ့။ ဟာဝိုင်ယီကိုတော့ မရောက်ဖြစ်သေးလို့ နှိုင်းယှဉ်ကာ မပြောနိုင်သေး။ အအေးကြောက်တဲ့သူတွေ၊ မြန်မာပြည်မှာ စားနေကြ အသီးအရွက်တွေကို ကိုယ့်ခြံထဲမှာ ကိုယ်တိုင်စိုက်လို့ လတ်လတ်ဆတ်ဆတ် စားချင်တယ်ဆိုရင်တော့ ဖလော်ရီဒါက နေပျော်ဖွယ်နေရာဖြစ်မှာ။ ဖလော်ရီဒါမှာက မြန်မာပြည်မှာရှိတဲ့ သီးပင်စားပင်မျိုးစုံ အားလုံး စိုက်လို့ရတယ်လို့ ကြားဖူးထားတာ။ ကြားဘူးသလို အကုန်စိုက်လို့ ရမရတော့ မသိ။ ကိုယ်တည်းခိုရာ အဆောင်ရဲ့ ပြတင်းတံခါးကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဒန့်သလွန်ပင်ကြီးနှစ်ပင်နဲ့ ကြောင်လျှာပင်အချို့က ခြံစည်းရိုးဘေးတလျှောက် တန်းစီနေရာယူလို့။ တဖက်ခြံစည်းရိုးမှာလည်း မြန်မာပြည်မှာ တွေ့လေ့ရှိတဲ့ ပန်းမျိုးစုံတွေက အပြိုင်အဆိုင် ဖူးပွင့်လို့။ နီဝါပြာ စုံညီညာ၊ လှမှလည်း လှနိုင်လွန်း။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာလိုတော့ ဒီက ပန်းတွေက အနံ့သင်းမယ် မထင်ပါဘူး။

ဒီလို ကိုယ့်အမိနိုင်ငံမှာ တွေ့လေ့ရှိတဲ့ သစ်ပင်ပန်းပင်တွေ ပြန်မြင်ရတော့ မရောက်ဖြစ်တာကြာလေတဲ့ အမိမြေကို ပြန်သတိရမိပြန်ရော။ ဒီအချိန်ဆိုတာက ကိုယ့်အမိမြေမှာ ဆောင်းလ မဟုတ်လား။ နှင်း မများပေမယ့် နှင်းပါးပါးလေး ကြားထဲမှာပဲ အားယူပွင့်တတ်တဲ့ ဆောင်းပန်းလေးတွေလည်း ခုချိန်ခုခါ ဖူးပွင့်လို့ နေလေမလား။ အရင်ကတည်းက မအေးလှတဲ့ ဆောင်းရဲ့ နံနက်ခင်းလေးတွေလည်း အရင်လောက်မှရော အေးနိုင်ပါဦးတော့ မလား။ Global warming ဆိုတဲ့ ကမ္ဘာမြေကြီး အပူချိန်မြင့်တက်လာမှုက ကိုယ့်အမိနိုင်ငံမှာလည်း သက်ရောက်မှုတွေ၊ ထိခိုက်မှုတွေ ဖြစ်နေမလား။ ရာသီဥတု သဘာဝတရားတွေ အဆိုးဖက်ဆီ ပြောင်းလဲတာထက် လူသားတွေရဲ့ စိတ်ဓာတ်တွေ အဆိုးဖက်ကို ပြောင်းသွားမှာမျိုးကို ကိုယ်ကတော့ ပိုပြီးပူပန်မိတယ်။ မေတ္တာတရားရဲ့ အရှိန်ကြောင့် အေးမြမှုတွေ လွှမ်းခြုံပါစေ မြန်မာပြည်။ ဒေါသတရားကြောင့် ပူလောင်မှုတွေ အရောင် မပြန်ပါစေနဲ့လား။

နေ့လည်စာထမင်းဝိုင်းမှာ ငါးပိရေနဲ့ တို့စရာ ကြောင်လျှာပွင့်တွေ၊ ရေနွေးဖြောထားတဲ့ ဒန့်ဒလွန်ရွက်တွေ၊ ရှောက်ရွက်နုနုလေးတွေနဲ့ အငွေ့တထောင်းထောင်း ဒန့်ဒလွန်ဟင်းချို ပူပူနွေးနွေးလေးတွေ၊ လတ်လတ်ဆတ်ဆတ် ငရုတ်သီးစိမ်းတောင့်လေး တွေ့ရတာ ဘယ်မှာ အဆန်းဟုတ်လိမ့်မလဲ။ နောက်ပြီး အရသာကို ကြိုက်ပေမဲ့ အနံ့နဲ့ အရောင်အဆင်းကို မကြိုက်နိုင်လို့ စားဖို့ရှောင်ဖြစ်တာ အတော်ကြာလာတဲ့ မြန်မာပြည်အောက်သားတွေ ဖေးဘရိတ် ငါးပိရည်လေးကို “ငါးပိရည်လေးကလည်း မွှေးလို့၊ ဒီနေ့တော့ ထမင်းစားလို့ ကောင်းဦးတော့မှာပဲ” ဆိုတဲ့ ငါးပိရည် စားသူတွေအတွက် အားဖြစ်ဖွယ် စကားလေးကိုလည်း ယဉ်ကျေးစွာ ပြောဆိုရင်း ငါးပိရည် ဟင်းခွက်လေးကို ကိုယ်နဲ့ အဝေးဆုံးနေရာရောက်အောင် ရွှေ့မိတာလည်း ကိုယ့်အဖို့ ဘယ်မှာ အဆန်း ဟုတ်ပါလိမ့်မလဲ။ ဒါ ကိုယ်ညာနေတာ မဟုတ်ပါဘူးနော်။

နေ့လည်စာစားပြီးတော့ မိုင်ယာမီမြို့တွင်းဘက်ဆီ သွားခဲ့ကြတယ်။ ကားပေါ်မှာ တဦး၊ နှစ်ဦး၊ သုံးဦး – အဲစုစုပေါင်း ၆ ဦး။ ထူးထူးခြားခြား။ ပျော်ပျော်ပါးပါး။ ကားပေါ်ပါလာသူတွေက တနေရာစီကနေ လာကြတာ။ တဦးက အမေရိကန် မြောက်ဖျား မင်နီဆိုတာပြည်နယ်၊ အခြားတဦးက အနောက်မြောက်ဖျားပြည်နယ်ဖြစ်တဲ့ အော်ရီဂင်က၊ နောက်တဦးက အရှေ့ဖျားပြည်နယ် မေရီလင်းမှာ နေတယ်။ လိုက်ပို့တဲ့ ဖလော်ရီဒါ ဒေသခံရယ်၊ ကိုယ်နဲ့ ကျန်တဦးက ကာလီဖိုးနီးယား။ ၆ ဦး ၅ ပြည်နယ်။ တဦးနဲ့တဦးက မိုင်ပေါင်း ထောင်ချီဝေးတဲ့ အရပ်တွေဆီမှာ နေကြတာ။ ဆုံဖြစ်ဖို့က မလွယ်ဘူး။ ဒီတော့ ဆုံဖြစ်ခိုက် ပျော်ပျော်ပါးပါး။ ကားပေါ် ပါလာသူ အများစုကလည်း ဖလော်ရီဒါကို ပထမဦးဆုံး ရောက်ဖူးကြသူတွေ။ သူတို့တွေလည်း ကိုယ့်လိုပဲ မိုင်ယာမီ အိပ်မက် ရှိကောင်း ရှိနေမလားပဲ။ ရှိနေခဲ့ရင်တော့ သူတို့တွေရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်ဖို့ လက်တကမ်း အလိုမှာ။ မိနစ် ၂ဝ လောက် မောင်းပြီးတော့ မိုင်ယာမီမြို့တွင်း ရောက်လာတယ်။ လမ်းဘေးဝဲယာတခိုမှာတော့ ထန်းပင်တန်းတွေက အစီအရီ။ ဒါ မိုင်ယာမီလေ။

ဖရီးဝေးက ထွက်လျင်ထွက်ချင်းပဲ စည်ကားတဲ့ မြို့တွင်းလမ်းမတခုပေါ် ရောက်လာတယ်။ ဟော ဟိုမှာ တွေ့ရတဲ့ အဆောက်အဦက အမေရိကန် အဲယားလိုင်း အရင်းနာဆောက်အဦ။
ဒါက မိုင်ယာမီ ဟိ (Miami Heat) ဘတ်စကက်ဘောအသင်းရဲ့ အိမ်ဂေဟာ။ ခမ်းခမ်းနားနား ထယ်ထယ်ဝါဝါ။

မိုင်ယာမီဆိုတာ-
စိမ်းလဲ့လဲ့ အောက်ခံသမုဒ္ဒရာ၊ ပြာရင့်ရင့် ကောင်းကင်ကျယ် မဟာ၊ ရောင်စုံမိုးမြင့်တိုက်တာတွေက နေရာတကာ၊ ကာရစ်ဘီယံတေးသံက မြူးကြွဝေဆာ၊ အုန်းနဲ့ ထန်းပင်တွေက ညီညီညာညာ၊ ဒါ တမူထူးခြားတဲ့ မိုင်ယာမီရဲ့ အလှ ရတနာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts