>Taryar Way Yan – The Passing of Myanmar Alin U Than Nyunt

>

ပုံ ၁ – မြန်မာ့အလင်းသန်းညွန့် (၂၀၀၆)

သတင်းစာဆရာကြီး ဦးသန်းညွန့် ကွယ်လွန်

တာယာဝေယံ

ဒီဇင်ဘာ ၂၂၊ ၂၀၀၈

“ငြိမ်းချမ်းရေးသည် လူ့လောကအတွက်သာမက သက်ရှိ၊ သက်မဲ့ လောကကိုပါ သာယာ ၀ပြောစည်ပင်စေသည်။ သို့ဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်း ၆၅ နှစ် ကျော်၊ ၇၀ ခန့် ကိုလိုနီခေတ် သူ့ကျွန်ဘ၀နှင့် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်ဂျပန်တို့၏ ယုတ်မာရက်စက်စွာ အုပ်ချုပ်ခံရသော ဘ၀များမှာပင် မြန်မာတိုင်းရင်းသား ပြည်သူတို့သည် လွတ်လပ်ရေးကိုပင် ရအောင် ယူခဲ့သည်။ ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါများ အားလုံး ဘ၀ သာယာဝပြောစေရန် မိမိတကိုယ်ကောင်းရုံ စိတ်ထား ပယ်၍ အကြမ်းဖက်မှုနှင့် စစ်မက်လိုလားမှုများကို ဆန့်ကျင်ကာ ငြိမ်းချမ်းရေး၏ အင်အာ ဖြည့်စွက်မှသာလျှင် မိမိနှင့်အတူ သတ္တ၀ါအများ ချမ်းသာကြပြီး ဘ၀တိုးတက် စည်ပင်ဝပြော သာယာမည် ဖြစ်လေသည်။ …”

(မြန်မာအလင်း သန်းညွန့်၊ ရနံသစ် မဂ္ဂဇင်း၊ ၂၀၀၆၊ မေလ)

ပုံ ၂ – ၂၀၀၅၊ မန္တလေး၊ လူထုဒေါ်အမာ မွေးနေ့၊ လူအုပ်အလည်၊ ဦးထုပ်နှင့် ဦးသန်းညွန့်၊ ရှေ့တွင် တော်ဘုရားလေး၊ လူထု စိန်ဝင်းနှင့် လူထု ဒေါ်အမာ

ကုန်လွန်ခါနီးပြီဖြစ်တဲ့ ၂၀၀၈ ခုနှစ်ထဲမှာ စာပေအနုပညာရှင် စာနယ်ဇင်းဆရာတွေ ကြွေလွင့်ခဲ့ကြတာ များခဲ့တယ်လို့ ဆိုရမယ် ထင်ပါတယ်။ အမေလူထု ဒေါ်အမာ၊ ကြေးမုံ ဦးသောင်း၊ ဒေါ်မေရှင်၊ ဦးနန်းဝေ၊ ပန်းချီ ၀သုန်၊ စာရေးဆရာ မောင်ရဲခိုင်၊ မောင်တည်ငြိမ်၊ နီတာဦး ဥက္ကမြေ စတဲ့သူတွေဟာ ဒီနှစ်မှာပဲ ဆုံးရှုံးခဲ့ရတာပါ။ ဒီအမည်စာရင်းဟာ လက်လှမ်းမီသ၍ပါ။ ထပ်ပြီး ကျန်နိုင်ပါသေးတယ်။ နောက်ထပ်မကြားပါရစေနဲ့လို့ ဆုတောင်းနေရပါတယ်။

ပုံ ၃ – မြန်မာအလင်း သန်းညွန့်၊ ညီပုလေး

အခုလည်း ၀ါရင့်သတင်းစာဆရာကြီး ဦးသန်းညွန့် (၈၃ နှစ်)၊ (၁၉၂၆ – ၂၀၀၈) ကွယ်လွန်ခဲ့ပြန်ပါပြီ။ ဆရာ့ကို မြန်မာအလင်းသန်းညွန့် အဖြစ် လူသိများပါတယ်။ ၁၉၄၀ပြည့် နှစ် စောစောပိုင်းက စတင်ပြီး မြန်မာ့အလင်းသတင်းစာတိုက်မှာ အလုပ်သင်အဖြစ် ၀င်ရောက်ခဲ့တယ်။ ဂျပန်ခေတ်မှာ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ ဂျာနယ်ကျော်မှာ အထွေထွေ အကူအဖြစ် ၀င်ရောက် ဆောင်ရွက်ခဲ့ဖူးပါတယ်။ ၁၉၄၆ ခုနှစ်က BRA (Burma Reporter Association) ခေါ် ဗမာပြည် သတင်းထောက်များအသင်းကို စတင်ထူထောင်ရာတွင် ပါဝင်သူတဦး ဖြစ်ပါတယ်။

ပုံ ၄ – စိတ်ကူးချိုချို စန်းဦး၊ မြန်မာအလင်းသန်းညွန့် (ခုနှစ် မသိ)

ဆရာဟာ ရန်ကုန်မြို့ တာမွေမြို့နယ်၊ ပုသိမ်ညွန့် ရပ်ကွက်၊ က္ကုစ္ဆာသယလမ်း အမှတ် ၅၂ နေ (ဦးထွန်းဦး၊ ဒေါ်နှင်းရီ) တို့ရဲ့သား၊ (ဒေါ်ပိုး(ခ) ဒေါ်တင်အေး) ရဲ့ ခင်ပွန်းဖြစ်ပြီး မွေးချင်း ၁၀ ယောက်အနက် န၀မမြောက် သား ဖြစ်ပါတယ်။ ဆရာဟာ ဒီဇင်ဘာ ၁၉၊ ၂၀၀၈ (သောကြာနေ့) ည ၈ နာရီ ၂၀ မိနစ် ရန်ကုန် ရွှေဗဟို အထူးကုဆေးခန်းမှာ ကွယ်လွန်ခဲ့ပါတယ်။ ပုံ ၅ – မင်းသုဝဏ်၊ မြန်မာအလင်း သန်းညွန့်၊ ဒဂုန်တာရာ၊ မောင်ဝံသ (၂၀၀၂)

ကွယ်လွန်ချိန်မှာ သားသမီး ၅ ယောက်၊ မြေး ၇ ယောက်၊ မြစ် ၆ ယောက် ကျန်ရစ်ခဲ့ပါတယ်။ ဆရာ့ကို ရေဝေးသုဿန်မှာ ဒီဇင်ဘာ ၂၁၊ ၂၀၀၈ (တနင်္ဂနွေနေ့) နေ့လည် ၂ နာရီက မီးသဂြို င်္လ် ပြီးစီးခဲ့ပါတယ်။ ဆရာကို ချစ်ခင်လေးစားတဲ့ နိုင်ငံရေး၊ သတင်းစာ၊ အနုပညာ အသိုင်းအ၀ိုင်းမှ ပို့ဆောင်ကြသူများနဲ့ စည်ကားတဲ့ ဈာပနတခု ဖြစ်ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts