>Webmaster The Geek – Leave 2008 in Technology

>

နည်းပညာထဲမှာ ၂၀၀၈ ကို ထားရစ်ခဲ့

ဝက်မာစတာ သာဂိ

ဒီဇင်ဘာ ၂၂၊ ၂၀၀၈

မိုးမခက ၂၀၀၈ကို နှုတ်ဆက်ဖို့ စာရေးရန် ခိုင်းတယ်။ ဟဲဟဲ … ရေးတဲ့နေရာမှာ ဗိလပ်ပြန် မောင်သောင်းဖေ ရေးသလို မရေးဖို့လည်း မှာတယ်။ ရေ ချမ်းချမ်း တခွက်ပေးပါ လို့ ဘယ်ရေးပါ့မလဲ။

“ အင်တာနက်ပေါ်မှာ ယူအက်စ်ဘီ ဒရိုက်ကို ဒစ်ဆေးဘဲ လုပ်ချင်ရင် ဂူးဂဲပေါ်ကနေပြီး အိပ်ဇက်ဖြစ်တဲ့ ကီးဝပ်ဒ်စ်ကို ရိုက်ပြီး ဆာ့ခ်ျ လုပ်တတ်ရမယ် …”

လို့ ပြောတာမျိုးကို မပြောဖို့ မရေးဖို့ သတိပေးတာပါ။ သာဂိတို့က မြန်မာစာသည် ဒို့စာ ဆိုတော့ ဒီလိုမျိုးတော့ ဘယ်ရေးပ့ါမလဲ။ သို့သော် အနောက်တိုင်း လောကဓာတ် အသုံးတွေကိုတော့ အသံဖလှယ်ပြီးတော့ပဲ ရေးပါရစေ။ သို့မဟုတ်ရင် …

“ ကွန်ပျူတာ ဖန်သားပြင်ပေါ်က ကြွက်ကို လိုချင်တဲ့ ညွှန်ကြားချက်သရုပ်ပြ ခလုပ် သို့မဟုတ် ကြယ်သီးပေါ်ကို ထောက်ပြီး လက်၏ ဘယ်လက်ညှိုးဖြင့် ကြွက်ကို နှိပ်လိုက်ပါက သင်၏ အပျော့ထည်က ထို လမ်းညွန်ချက်ကို ဆောင်ရွက်မည် ဖြစ်ပြီး ထိုကြာမြင့်ချိန်ကို နေနာရီ ပုံသဏ္ဍာန်ရှိသော ကြွက်မြီး ရုပ်ပုံနှင့် ပြသမည် ဖြစ်သည် …” (ဟောဟဲ … ဟောဟဲ ..)

လို့ ရေးပြန်ရင်လည်း စာဖတ်သူက ကြိုက်မှာ မဟုတ်။

၂၀၀၈ က နည်းပညာခေတ်ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင် သားအဖတွေ့နေတာတောင် “ဟဲ့ သမီး ထမင်းစားမယ် … လာခဲ့ …” လို့ ဂျီတော့ခ်ကနေ လှမ်းခေါ်ရတဲ့ ခေတ်ဖြစ်နေပြီ။ မြန်မာပြည် စစ်အစိုးရက အင်တာနက်ပေါ်က ၀က်သာ ချယ်နယ်ကို ပစ်ပယ်ပြီး မြန်မာနည်း မြန်မာ့ဟန် မိုးလေ၀သဌာနက “ဖား”တွေကို ယုံစားမိလို့ “၅ ပါး” မကပဲ ပြည်သူတွေ “သိန်း”ချီပြီး မြစ်ဝကျွန်းပေါ်မှာ မှောက်ယက်ကော ပက်လက်ကော မျောကုန်ကြတာကြည့်လျင် နည်းပညာခေတ်ကို မျက်ခြေမပြတ်ဖို့ အရေးကြီးလှတာ ထင်ရှားပါတယ်။

ထင်ရှားတဲ့ ဌာန (ဂူးဂဲ)

၂၀၀၈ က အထင်ရှားဆုံး နည်းပညာဌာန တခုကို ရွေးထုတ်ပြပါဆိုရင် “Google” ကို ရွေးပါမယ်။ Google က GMail, Picasa, Blog, GTalk, Google Search, You Tube, Google Video, Google Reader စတာတွေကို စားသုံးသူတွေက မြိန်ရေယှက်ရေကြီး သုံးစွဲကြပါတယ်။ သာဂိကို နံမယ်မေးရင်တောင် – “ကျနော့်နံမယ် သာဂိ အက် ဂျီမေးဒေါ့ ကွန် …” လို့ ယောင် ယောင်ပြီး ပြောမိနေလို့ ဘရိတ်အုပ်ထားရပါတယ်။



ထင်ရှားတဲ့ ကိရိယာများ

မြန်မာပြည်က လူတွေကတော့ တခါသုံး “ဆင်းကဒ်”ကို လုဝယ်နေရချိန်မှာ ပြည်ပက ဒီ ကိရိယာတွေကို နံမည်တပ်ပြောတော့ စိတ်ဆိုးကြလေမလားပဲ။ သုံးနိုင်တဲ့ သူတွေက သုံးနေကြတော့လည်း ရင်းနှီးပြီးသား ဖြစ်လိမ့်မယ် ထင်ပါတယ်။ သာဂိကတော့ သွားရည်သာ ကျပြီး တခုမှ မသုံးနိုင်သေးဖူး ခင်ဗျ။


Apple က ထုတ်ဝေတဲ့ I-Phone, I-Pod, ပြီးတော့ အခြားကုမ္မဏီများက ထုတ်တဲ့ Black Berry ဖုံးများ၊ ကင်မရာနဲ့ ကီးဘုတ် ပါဝင်တဲ့ ဟင်းဖုံးမျိုးစုံ။ ပြီးတော့ မိုက်ခရိုဖုံး ပါချင်ပါနိုင်တဲ့ MP3 Player မျိုးစုံ။



ဒါတွေက ပြည်တွင်းမှာ ထောက်လှမ်းရေးကော၊ စွမ်းအားရှင်ကော၊ ကြံ့ဖွတ်ကော သုံးစွဲပါတယ်။ အတိုက်အခံနဲ့ မီဒီယာသမားများ၊ နိုင်ငံသားသတင်းထောက်များ (အလွတ်သတင်းထောက်များ) ကလည်း သုံးစွဲကြပါတယ်။



ထင်ရှားတဲ့ မီဒီယံ ကြားခံ ကိရိယာနဲ့ စနစ်များ

ဂူးဂဲက ဘလော့၊ အီးမေး၊ ၀က်ဘ်အယ်လ်ဘန်၊ ဗီဒီယိုနဲ့ ဂူးဂဲရီဒါတို့က အခမဲ့ အသုံးချပစ္စည်းတွေ၊ အဲဒီဟာတွေကို သုံးနိုင်ဖို့အတွက် မီဒီယံတွေ ကြားခံ ကိရိယာတွေ၊ လုပ်ငန်းတွေနဲ့ စနစ်တွေ လိုပါတယ်။ အဲဒီဟာတွေထဲမှာ “အင်တာနက် ကဖေး”တွေက ပြည်တွင်းမှာ နံပါတ် ၁ စွဲပါတယ်။



အားလုံး ယေဘူယျ ခြုံပြောရလျင် – အင်တာနက် ဆက်သွယ်ရေး၊ ကြိုးမဲ့ ဖုံးဆက်သွယ်ရေး၊ ကြိုးမဲ့ အင်တာနက် ကွန်ယက် (Wi-Fi)၊ မိုဘိုင်း အင်တာနက် (Mobile Internet)၊ စတာတွေအပြင် နုတ်ဘွတ် ပီစီများ (Note Book PC) ကလည်း မီးမလာတဲ့ တိုင်းပြည် မြန်မာပြည်မှာ အလွန်တာသွားတာကို တွေ့နေရပါတယ်။



အခြားထင်ရှားတဲ့ ဆက်သွယ်ရေး စနစ်တွေ၊ လမ်းကြောင်းတွေကတော့ အင်တာနက်ဖုံးခေါ်ဆိုမှု (VoIP)၊ အင်တာနက် ရုပ်သံဖုံး (Video Conferencing)၊ အင်တာနက် နှစ်ကိုယ်ကြား ဆက်သွယ်မှု (Online Chat and Messaging)နဲ့ Online File Sharing ဒါတွေ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ကွန်ပျူတာသုံး အပျော့ထည်များ

ဆော့ဖ်တ်ဝဲလ် ကို ပြောတာပါဗျာ။ (Software)၊ ၂၀၀၈ မှာ ခေတ်လူငယ်တိုင်းရဲ့ အာရုံကတော့ အခမဲ့ အသုံးချ အပျော့ထည်များ ဖြစ်ပါတယ်။ Open Source Software Application ။ အင်တာနက်နဲ့ ကွန်ပျူတာမှာ ပိုက်ဆံရှာချင်ရင် ပရဟိတက ရှေ့က အရင် သွားရတယ်ခင်ဗျ။ ဒေါ့ကွန်ကြီး ခေတ်ကောင်းစဉ်က လူတွေက အင်တာနက်နဲ့ ကွန်ပျူတာကို ဦးထိပ်ပန်ဆင်လိုက်လျင်ပဲ သေဌေးဖြစ် မီလျံနာဖြစ် အထင်ရောက်ခဲ့ကြတာကိုး။ အခုကတော့ “ပရဟိတ အရင် ပြီးမှ အတ္တဟိတအလုပ် …” ဟာ ကွန်ပျူတာနဲ့ အင်တာနက်ရဲ့ အသက် ဖြစ်လာပါတယ်။



နည်းပညာကို ကောင်းကောင်း အသုံးချနိုင်လျင်၊ ပရိသတ်ရဲ့ စိတ်နှလုံးကို ဆွဲဆောင်နိုင်ရင် အမေရိကန်မှာ သမ္မတတောင် ဖြစ်လာနိုင်ကြောင်း ၂၀၀၈ သမ္မတရွေးကောက်ပွဲက သက်သေပြခဲ့ပါတယ်။ သမ္မတကြီး ဘွတ်ခ်ျကလည်း တဖက်ပါတီက နည်းပညာကို ကောင်းကောင်း အသုံးချလို့ မဲနိုင်သွားတယ်လို့ ၀န်ခံသွားပါတယ်။ (အဲလို ပြောတယ်လို့ မောင်ရစ်က ပြန်ပြောတာပါ၊ ဟုတ်မဟုတ်တော့ မသိ)။



သို့သော်လည်း မဲလိမ်၊ မဲခိုးလို့ကတော့ နည်းပညာမကလို့ နည်းပညာရဲ့ အဘလာလည်း မြန်မာပြည်စစ်အစိုးရက လုံးလုံး ဂရုမစိုက်ကြောင်းကိုတော့ ဘွတ်ခ်ျတို့ လူသိုက် မသိလိုက်ကြပါဘူး။



ခေတ်စားလာတဲ့ အပျော့ထည် နဲ့ စနစ်အချို့ကတော့ – Open Office Application, Portable Application နဲ့ Free Web Application တွေ ဖြစ်ပါတယ်။



အိုပင်းအော့ဖစ်က ပိုက်ဆံပေး ၀ယ်နေရတဲ့ မိုက်ခရိုဆော့အော့ဖစ်ကို စိန်ခေါ်နေပါတယ်။



ယူအက်စ်ဘီ ဒရိုက်ဗ်နဲ့ ၀င်ဆန့်တဲ့ Firefox Portable (မီးလျံမြေခွေး အင်တာနက်ကြည့်အပျော့ထည်), Audacity (အသံ၊ သီချင်းများ တည်းဖြတ် အပျော့ထည်), ClamWin Portable (ကွန်ပျူတာ ဗိုင်းရပ်စ် ကာကွယ်သည့် အပျော့ထည်)နဲ့ MPlayer Portable (ရုပ်ရှင် ဗီဒီယိုကြည့် အပျော့ထည်) ဆိုတာတွေဟာ မည်သည့် ကွန်ပျူတာတွင်မဆို USB Drive ကနေတဆင့် တိုက်ရိုက် Run နိုင်တဲ့ အပျော့ထည်တွေ ဖြစ်ပါတယ်။



Free Web Application တွေ ဆိုတာကတော့ ဂူးဂဲထဲမှာ တိုက်ရိုက်သုံးစွဲနိုင်တဲ့ Google Documents လိုမျိုး အသုံးချစနစ်တွေကို ပြောတာပါ။ ကိုယ့်ကွန်ပျူတာပေါ်မှာ ကူးယူပြီး သုံးစွဲမယ့်အစား အင်တာနက်ချိတ်ဆက်ထားချိန်မှာပဲ အင်တာနက်ပေါ်က Application တွေပေါ်မှာ စာစီ၊ စာရိုက်၊ စာရင်းတွက် ပြီးတော့ သိမ်းဆည်းဖြန့်ဝေ။ ဒါတွေ လုပ်လာကြတာကို ဆိုလိုပါတယ်။

ထင်ရှားတဲ့ အင်တာနက်သုံး အပျော့ထည်

Adobe Products, Macromedia Products, iTune, Quick Time, Real Player နဲ့ Win AMP တို့ဟာ ပရိသတ်အသည်းစွဲတွေပဲ ဖြစ်ပါတယ်။ သူတို့တွေကို အင်တာနက်နဲ့ ချိတ်ချိတ်၊ ကိုယ့်ဖာသာကိုယ် ကွန်ပျူတာချည်းသက်သက် သုံးစွဲ သုံးစွဲ၊ ရှိထား Install လုပ်ထားရတဲ့ စနစ်တွေ အပျော့ထည်တွေ ဖြစ်လာပါတယ်။ တချို့စိတ်ကြီးသူများကတော့ အခမဲ့ စနစ်နဲ့တင် အားမရဘဲ ကိုယ်ပိုင် ပိုက်ဆံပေးပြီးတော့တောင် ၀ယ်သုံးကြပါတယ်။



မြန်မာစာဖတ် ပရိသတ်ကတော့ ယူနီကုတ် ၅ ဒဿမ ၁ စနစ်ကို စိတ်ဝင်စားလာကြပါတယ်။ အဲဒီစနစ်နဲ့ လိုက်ဖက်တဲ့ မြန်မာစာ စာလုံးပုံကို သုံးစွဲ ရိုက်နှိပ်မယ်သာဆိုရင် အိုးပင်းအော့ဖစ်မှာ မြန်မာစာကို စာစီ စာရိုက်ရုံတင်မဟုတ် စာလုံးပေါင်း သတ်ပုံပါစစ်ပေးပြီး အက္ခရာ ၀လိ စီနိုင်တော့မယ်လို့ သတင်းကြားနေကြတာကိုး။ ယခု ဇော်ဂျီတွေ၊ မြစေတီတွေ၊ ဘီအိုင်တီ ဖောင့်တွေကနေ ပိတောက်၊ မိုင်မြန်မာနဲ့ ပုရပိုက် ဖောင့်တွေအဖြစ် ပြောင်းလဲသုံးစွဲကြဖို့ တာစူရတော့မယ်လို့ ဆိုပါတယ်။



အဲဒီအတွက် စပ်ကူးမတ်ကူးပေါ့ခင်ဗျာ၊ အပြောင်အလဲကာလမှာ အသုံးကျမယ့် စနစ်ကတော့ နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို လေ့လာထားကြဖို့ … (ဟိုက် …) မှားလို့ မှားလို့ … ကနောင် ဖောင့် ကွန်ဗာတာ ဆော့ဝဲ၊ လိပ်ပြာ ဖောင့် ကွန်ဗာတာ ဆော့ဝဲလေးတွေပဲ ဖြစ်ပါတယ်။



၂၀၀၉ မှာ ခေတ်စားလာမှာကို တွေးမိရင်း ချောတောငေါ့ပြီး စစ်အစိုးရရဲ့ အခြေခံဥပဒေကို သွားစဉ်းစားမိလို့ပါ။ စစ်အစိုးရ အခြေခံဥပဒေကို ဘယ် စနစ်သစ် ဖောင့်နဲ့မှ ရိုက်ထားတာ မဟုတ်ပါဘူး ခင်ဗျ။ ဆင်သွား လမ်းဖြစ်ဆိုတော့ ဟိုတုန်းက ကွန်ပျူတာ ခေတ်စောပိုင်းက ဖောင့်အဟောင်းတွေနဲ့ ရိုက်ထားတာပါ။ ဘယ်ဖောင့်နဲ့ ရိုက် ရိုက်၊ ဘယ်စနစ်သုံး သုံး “မင်းမိန့်” ဆိုမှတော့ “အဖြစ်”ကတော့ ဖြစ်တာချည်းပဲ။ (ဟဲ ဟဲ)



အဲ … အတိုက်အခံ မီဒီယာတွေအားလုံး သူတို့ချင်းချင်း သဘောချင်း မမျှရင်သာ ရှိမယ်။ ယူနီကုတ် သုံးဖို့နဲ့ ပြည်တွင်းမှာ ခေတ်စားတဲ့ ဖောင့်ကိုသာ သုံးဖို့ကိုတော့ တိုင်ပင်စရာ မလိုဘဲ သဘောတူကြပါတယ်။ ပြီးတော့ အင်တာနက်ဝက်ဆိုက် ဆောက်ကြတဲ့နေရာမှာလည်း အိုးပင်းဆိုစ့် – အခမဲ့ အင်တာနက် ၀က်ဆိုက်စနစ်တွေ သုံးစွဲကြတာချင်းလည်း တူကြပါတယ်။ သူတို့တွေအားလုံး တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၈ မှာ မျက်စိ အကျဆုံးက Joomla ဖြစ်ပါတယ်။ အဲသည်လို အလကားရတဲ့ ၀က်ဆိုက်တွေကို ယူသုံးတော့ ထိတာပေါ့ခင်ဗျာ။ (DoS Attack) ဒီအိုအက်စ် အတက်တို့ (Hack) ဟက်ခ် အလုပ်ခံရတာတို့။ အများသူငှာဝိုင်းသုံးတဲ့ ဟာတွေ လိုက်သုံးရတော့ လက်နက်ပုန်းတွေကလည်း အွန်လိုင်းပေါ်မှာ အခမဲ့ရတာကိုး။ ( ဟဲဟဲ … မိုးမခကလည်း အဲဒါပဲ သုံးတယ်။ ထိတော့လည်း သူ အရင်ဆုံးပဲ …)။



နည်းပညာထဲမှာ ၂၀၀၈ ကို ထားရစ်ခဲ့

၂၀၀၈ ဟာ နည်းပညာတွေနဲ့ အသုံးချသူတွေ အပြိုင်းအရိုင်းဖြစ်လာကြတဲ့ ကာလဖြစ်ပါတယ်။ ကိုယ်ချည်းပဲ နည်းပညာ ချပ်ဝတ်တံဆာတွေ ၀တ်ဆင်တာမဟုတ်ပါ။ စစ်အစိုးရ လက်ပါးစေများ၊ လက်ဝေခံများ၊ အလိုတော်ရိများ၊ နောက်တော်ပါများ၊ အသိုင်းအ၀ိုင်းများ၊ ငယ်ကျွန်များနဲ့ ဓားမနောက်ပိတ်များအားလုးံ (အိုပင်းအော့ဖစ်မှာ ဝေါဟာရ အဘိဓာန်ပါရင် အခုလို ဝေါဟာရ အပွားတွေကို ဒီထက်ပိုပြီး ထည့်နိုင်မှာနော်။ (အဟိ)) ကလည်း နည်းပညာ ချပ်ဝတ်တံဆာတွေကို ၀တ်ဆင်လေ့ကျင့်ခဲ့ကြတဲ့ ကာလဖြစ်ပါတယ်။ ၂၀၀၉ ကတော့ ပြန်ပြီး “ဆိုင်” ကြဦးမယ် ဖြစ်ပါတယ်။



မြန်မာပြည်ထဲမှာ နည်းပညာ၊ ကွန်ယက်၊ အဆောက်အဦတွေ အားလုံးကို စစ်အစိုးရ က ချုပ်ကိုင်ထားပါတယ်။ အဲဒါကို သုံးစွဲဖို့အတွက် ဈေးနှုန်းနဲ့ စရိတ်စကကို ကြီးလေးစွာ မြှင့်တင်ထားပါတယ်။ လူထုကိုပေးသုံးတာက အဲဒီထဲက ဖိတ်စင်ထွက်လာတဲ့ ရေလေး တစက် နှစ်စက် မျှ လောက်သာ။ အဲဒီကြားထဲကပဲ စစ်အစိုးရရဲ့ မျက်နှာဖုံးကို ခွာချတဲ့၊ စစ်အစိုးရရဲ့ မတရားမှုတွေကို ဖော်ထုတ်တဲ့၊ အဖိနှိပ်ခံပြည်သူတွေရဲ့ ဟစ်ကြွေးသံကို လွှင့်ထူတဲ့ အမှန်တရား လှိုင်းလုံးကြီးတွေဟာ အဲဒီ အပ်နဖားပေါက်ထဲက ကုန်းရုန်းထွက်ပြီး ကမ္ဘာကုန်ကျယ်သရွေ့ ထိုးဖောက်ခြောက်ခြားပစ်အုံးမှာ ဖြစ်ပါတယ်။



အဲဒီကျရင် စစ်အစိုးရကလည်း ပြည်သူကို အပြစ်မတင်ရဲတော့ အနောက်အုပ်စုတို့၊ ကိုလိုနီ လက်သစ်တို့၊ သောင်းကျန်းသူတို့၊ အကြမ်းဖက်သမားတို့ကို လက်ညှိုးထိုး စွပ်စွဲဦးမှာ ဖြစ်သလို၊ တချို့သော ပြည်ပနိုင်ငံရေးသမားတွေကလည်း သူတို့တွေ သင်ကြားပြသပို့ချ ဉာဏ်အလင်းပွင့်စေခဲ့လို့ သည်လို ဖြစ်ရပါကြောင်း အပြေးအလွှား ၀င်ရောက် ဂုဏ်ယူကြဦးမှာ ဖြစ်ပါတယ်။ နည်းပညာဆိုတဲ့ မီးလက်နက် ပြည်သူလက်ထဲ ဘယ်နည်းနဲ့ပဲရောက်ရောက် အမှန်တရားကိုသာ လူထုက ဦးတည်ဖော်ထုတ်မှာ ဖြစ်တယ် ဆိုတာကတော့ အသေအချာပါ။ အဲလိုဖြစ်တာ – သာဂိကြောင့် မဟုတ်ပါ။ (ကြိုပြောလိုက်ပါရဲ့၊ ဟဲဟဲ)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts