>Open Office 3.1 and Burmese unicode system

>

အိုးပင်းသြဖစ်စ် – အခမဲ့ရုံးသုံးအပျော့ထည် သုံးစွဲသူ ၁၀ သန်းရှိပြီ၊ မြန်မာစာစနစ်လည်း ရနိုင်

လောကဓာတ်ခန်း သာဂိ

ဒီဇင်ဘာ ၉၊ ၂၀၀၈

အင်တာနက်ကတဆင့် အခမဲ့ ကွန်ပျူတာစနစ်မျိုးစုံရရှိနိုင်တဲ့အထဲမှာ ဆန်းန်မိုက်ခရိုက ထုတ်ဝေဖြန့်ချိတဲ့ အိုးပင်းသြဖစ်စ်လို့ အမည်ရတဲ့ ၀င်းဒိုး မိုက်ခရိုဆော့ သြဖစ်စ်ရဲ့ အပြိုင်စနစ်တခုက လွန်ခဲ့တဲ့လကပဲ သုံးစွဲသူ ၁၀ သန်းကျော်ပြီလို့ ကြေငြာလိုက်ပါတယ်။

အင်တာနက်သုံးစွဲသူတွေက အွန်လိုင်းပေါ်ကနေ အခမဲ့စနစ်လို့ ခေါ်တဲ့ အိုပင်းဆို့စ်ကို ရယူသုံးစွဲတာ ပိုမို ခေတ်စားလာနေပါတယ်။ နည်းပညာရှင်များကလည်း တဖက်က စားဝတ်နေရေးအလုပ်များ လုပ်ကိုင်နေရင်းကပဲ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွက် တယောက်တလက် ၀ိုင်းဝန်း အဖြေရှာ တပ်ဆင်တဲ့ စနစ်တွေကို ထုတ်လုပ်လာတာကလည်း ပိုမို တွင်ကျယ်လျက်ရှိပါတယ်။ အဲဒီ စနစ်များကို ရုံးသုံး၊ လုပ်ငန်းသုံး ဖြစ်လာတဲ့အခါမှာလည်း ထိုနည်းပညာရှင်များ၊ မျိုးဆက်သစ် ပညာသည်အသစ်များကို ငှားယမ်းသုံးစွဲလာလို့ တဖက်ကလည်း အလုပ်အကိုင်ဖန်တီးနိုင်တာကို တွေ့ရပါတယ်။

အလားတူစွာပဲ ကွန်ပျုတာစက်နားလည်စေနိုင်တဲ့ မြန်မာစာ ယူနီကုတ်စနစ်နဲ့ လိုက်လျောညီထွေတဲ့ စာလုံးပုံစံ (ဖောင့်များ)ကို အခမဲ့ ထုတ်ဝေဖြန့်ချိခဲ့တဲ့နောက်ပိုင်း မြန်မာပရိသတ်များအတွင်းမှာ အထူးခေတ်စားခဲ့တဲ့အတွက် မြန်မာအင်တာနက်ခေတ်သစ်တခုအဖြစ် မြန်မာ ယူနီကုတ်ဖောင့်နဲ့ ၀က်ဆိုက်များ၊ ဘဘော့များ အပြိုင်းအရိုင်းပေါ်ထွန်းလာတာကိုလည်း တွေ့ရပါတယ်။

ယခုလည်း အိုးပင်းသြဖစ်အတွင်းမှာ မြန်မာယူနီကုတ်စနစ်ကို ထည့်သွင်းထားတဲ့အပြင် စာလုံးစီခြင်း၊ စာလုံးပေါင်း စစ်ခြင်း စသည်တို့ကို အင်္ဂလိပ်စာဖောင့်များလို လုပ်ကိုင်ဖို့ အစမ်းထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။ အဲဒီ မြန်မာစာစနစ်ရတာကို စမ်းချင်ရင်တော့ my.openoffice.org လိပ်စာမှာ ရနိုင်တယ်လို့ ဆိုပါတယ်။

ယခု အင်တာနက်ဝက်ဆိုက်တွေက သုံးနေတဲ့ ဖောင့်များအနက် ယူနီကုတ် ၅ ဒဿမ ၁ စနစ်နဲ့ ညီတဲ့ နောက်ပေါ် စာလုံးဖောင့်တွေကို ရှေ့လျောက် သုံးစွဲရလိမ့်မယ်။ ဥပမာ – မြန်မာသရီး၊ ပိတောက်၊ ပုရပိုက် အမည်ရတဲ့ ဖောင့်တွေ ဖြစ်တယ်။ မြန်မာသရီးက ပြည်တွင်းအစိုးရ ရုံးသုံး၊ ပုရပိုက်ကတော့ ယူနီကုတ်ဖောင့်အစ မြစေတီရဲ့ နောက်ဆက်ဖြစ်တယ်၊ ပိတော်ကတော့ အိုးပင်းဖောင့်လို့ ကြေငြာထားပါတယ်။ သိပ်များမကြာမီမှာ မြန်မာအင်တာနက်ဆိုက်တွေ ယူနီကုတ် ၅.၁ ဖောင့်စာလုံးတွေ ပြောင်းလဲသုံးစွဲလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခုဆောင်းပါးကို တင်ပြနိုင်ဖို့ ရှင်းပြပေးတဲ့ မြန်မာယူနီကုတ်စနစ် ပညာရှင် ကိုဝဏ္ဏကိုကို ကို မိုးမခက ကျေးဇူးတင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts