>Song Writer Yar Pyay passed away at SF General Hospital

>

တေးရေး ရာပြည့် (၅၉ နှစ်) ဆန်ဖရန်စစ္စကိုဆေးရုံကြီးတွင် ကွယ်လွန်
မိုးမခရွာဆော်ကြီး
ဒီဇင်ဘာ ၉၊ ၂၀၀၉
          ၎င်း၏ မိတ်ဆွေတဦးဖြစ်သူ (ကို)ခင်မောင်ဝင်းက အကြောင်းကြားသဖြင့် အောက်ပါအတိုင်း တင်ပ်ြလိုက်ပါသည်။ ယခင် ၁၉၈၈ မတိုင်မီက မြန်မာပြည်တွင် မဇ္ဈိမလှိုင်းဂီတ၀ိုင်းတော်သားများ၊ အဆိုတော် ခိုင်ထူး၊ အဆိုတော် မွန်းအောင်တို့နှင့်အတူ တေးရေးဆရာတဦးအဖြစ် ရပ်တည်ခဲ့သူ (ကို) ရာပြည့်သည် ယနေ့နေ့ခင်း ၂ နာရီခွဲခန့်တွင် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားနယ်၊ ဆန်ဖရန်စစ္စကိုပြည်သူ့ဆေးရုံကြီးတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားသည်ဟု ဆိုသည်။

          ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ခန့် ရှိပြီဟု ခန့်မှန်းသည်။ တေးရေးဆရာတဦးဖြစ်သူ (ကို) ရာပြည့်သည် ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားအရေးအခင်းတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးသီချင်းများ စတင်ရေးသားခဲ့သည်ဟု ဆိုသည်။ ထိုအရေးအခင်းကို အစွဲပြုပြီး ရာပြည့်ဟု အနုပညာအမည်ကို ယူခဲ့သည်ဟု မကွယ်လွန်မီ ၆ လခန့်က ၎င်းငှားရမ်းနေထိုင်သည့် အခမ်းနီးဖော် (ကို) ခင်မောင်ဝင်းကို ပြောခဲ့သည်ဟု ဆိုသည်။ အဆိုတော် (ကို) မွန်းအောင်၊ တေးရေး ကိုရဲလွင်တို့နှင့် အလွန်ရင်းနှီးသည်ဟု ပြောခဲ့သည်ဟု သိရသည်။ ၁၉၈၈ နောက်ပိုင်း အမေရိကန်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ကြောင်း၊ အိမ်ထောင်ကွဲခဲ့ပြီး ဖြစ်သည်ဟု ထင်ကြောင်း ၎င်းနောက်ဆုံးအချိန် ဆေးရုံတွင် အဖော်ပြု စောင့်ရှောက်ပေးသူ မိတ်ဆွေ ကိုခင်မောင်ဝင်းက ပြောသည်။
          ဆန်ဖရန်ဆေးရုံကြီးက ၎င်းမိသားစုဝင်များ၊ သက်ဆိုင်သူများ လာရောက်သဂြိုလ်နိုင်ရန် အချိန် ၃ လ အထိ ရုပ်အလောင်းကို ထိန်းသိမ်းထားမည် ဖြစ်ကြောင်း၊ မိမိတို့ အခမ်းဖော်မိတ်ဆွေများ စုဝေးကြပြီး သက်ပျောက်ဆွမ်းနှင့် ရက်လည်ဆွမ်း သွတ်နိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း ကိုခင်မောင်ဝင်းက မိုးမခသို့ ပြောကြားသည်။
          ထင်ရှားသောသီချင်းများအနက် အချို့မှာ နဒီမင်္ဂလာ၊ အဝေးဆုံးနှင့် လမ်းနှစ်သွယ် တို့ဖြစ်သည်။ ၎င်းရေးသားခဲ့ပြီး ထူးအိမ်သင် သီဆိုခဲ့သော ထင်ရှားသည် သီချင်းတပုဒ်ကို အမှတ်တရအဖြစ် သည်မှာ ကြည့်နိုင်သည်။ သီချင်းခေါင်းစဉ် – အမေ၊ http://entertainment.phoewa.com/entertainment/music-lyrics.aspx?id=alb4&link_id=alb4-11


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts