>Zaw Gyi

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၁၇)
ဆရာဇော်ဂျီ၏ ကဗျာ ၂ ပုဒ်
ထိန်လင်း
ဒီဇင်ဘာ ၇၊ ၂၀၀၈

မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ စာပေရဲ့ အခန်းကဏ္ဍက အရေးပါခဲ့သလို စာပေပညာရှင်တွေရဲ့ စာပေနဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေကလည်း အရေးကြီးပါတယ်။ အမျိုးသားစာဆို၊ ပြည်သူ့စာဆိုအဖြစ် သတ်မှတ်ခြင်းခံရတဲ့ စာပေပညာရှင်တွေကတော့ တိုင်းပြည်နဲ့လူထုအတွက် စာပေတာဝန် အမျိုးသားတာဝန် ကျေသူတွေပဲဖြစ်ပါတယ်။ အဲဒီလို တာဝန်ကျေကြတဲ့ စာပေပညာရှင်တွေထဲမှာ ဆရာဇော်ဂျီလည်း ပါဝင်ပါတယ်။ ၁၉၂ဝ ပထမ ကျောင်းသားသပိတ် ပေါ်ပေါက်တဲ့အချိန်မှာ ဆရာဇော်ဂျီက ခုနစ်တန်းကျောင်းသားပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဆရာနေထိုင်ရာ ဖျာပုံမြို့မှာ သပိတ်မှောက်တော့ အဲဒီသပိတ်ထဲ ဆရာလည်း ပါဝင်ခဲ့ပါတယ်။

ဒီလို ငယ်ငယ်ကတည်းက အမျိုးသားစိတ်ဓာတ် ကိန်းအောင်းခဲ့တဲ့ဆရာဟာ လွတ်လပ်ရေးတိုက်ပွဲမှာ ကလောင်နဲ့ တာဝန်ထမ်းခဲ့ပါတယ်။ ဆရာ့ရဲ့ ကဗျာတွေမှာ တိုင်းပြည်ချစ်စိတ်၊ ကိုယ့်အား ကိုယ်ကိုးလိုစိတ်တွေ မွေးမြူဖို့တိုက်တွန်းတဲ့ သဘောတွေကို တွေ့ရသလို ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်စေချင်တဲ့ ဆန္ဒတွေလည်း ပါဝင်ပါတယ်။ အဲဒီလို ကဗျာတွေထဲက ‘တို့တိုင်းပြည်’ ဆိုတဲ့ကဗျာနဲ့ ‘သင်သေသွားသော်’ ဆိုတဲ့ ကဗျာ ၂ ပုဒ်ကို အမြဲတမ်း သတိရနေမိပါတယ်။

ဒီကဗျာ ၂ ပုဒ်စလုံး မြန်မာပြည်လွတ်လပ်ရေးမရခင် ၁၃ နှစ်လောက်က ရေးသားခဲ့တာဆိုတော့ အခုဆိုရင် သက်တမ်း နှစ် ၇ဝ ကျော်သွားပါပြီ။ ဒါပေမယ့်လည်း ဒီကဗျာတွေက ဘယ်အချိန်ဖတ်ဖတ် မရိုးနိုင်ပါဘူး။

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်း များ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်း များ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့ မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူက စ၍၊ ငါက အားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစိတ်တဝမ်း ညီစေသတည်း။ ။

၁၉၃၅ သြဂုတ်လ ကြီးပွားရေးမဂ္ဂဇင်း

ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တစ်ဦးတစ်ယောက်ကနေ အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့ ဒီကဗျာဟာ ကိုလိုနီခေတ်ကို ရည်ရွယ်ခဲ့ပေမယ့် ဒီကနေ့ခေတ်နဲ့လည်း လိုက်ဖက်နေပါတယ်။ အထူးသဖြင့် ကိုယ့်တိုင်းပြည်အတွက် ဘယ်လို တွေးတောသင့်တယ်၊ ဘာတွေ လုပ်သင့်တယ်ဆိုတာ ဆင်ခြင်မိစေပါတယ်။ နောက်တစ်ပုဒ်ဖြစ်တဲ့ ‘သင်သေသွားသော်’ ဆိုတဲ့ကဗျာမှာတော့ တန်ဖိုးရှိရှိ အသက်ရှင်ဖို့ လိုအပ်တဲ့အကြောင်း အကြံပြုထားပါတယ်။

သင်သေသွားသော်

သြော် – လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာ စကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင် ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။ ။

၁၉၃၅ ခုနှစ် ဒီဇင်ဘာလ အိုးဝေမဂ္ဂဇင်း

ဒီကဗျာတွေကို ရေးသားတဲ့အချိန်မှာ ဆရာဇော်ဂျီရဲ့ အသက်က ၂၈ နှစ်ပဲ ရှိပါသေးတယ်။ ဆရာ့ကဗျာကို ဖော်ပြခဲ့တဲ့ အိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာက အသက် ၂ဝ ပဲ ရှိသေးတဲ့ ကိုအောင်ဆန်းဖြစ်ပါတယ်။ ဒါကိုကြည့်ရင် လူငယ်တွေရဲ့ အခန်းကဏ္ဍက မြန်မာပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဘယ်လောက်အရေးပါခဲ့တယ် ဆိုတာကို ခန့်မှန်းနိုင်သလို၊ လူငယ်တွေရဲ့အတွေးအခေါ် အယူအဆတွေကိုလည်း ခန့်မှန်းနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝကို တန်ဖိုးရှိရှိ ကျော်ဖြတ်ခဲ့တဲ့ ဆရာဇော်ဂျီရဲ့ စိတ်ဓာတ်နဲ့ စေတနာတွေဟာ သူ့ရဲ့ စာပေတွေမှာ အမြဲတမ်း ကိန်းဝပ်နေမှာ အသေအချာပါပဲ။ ။

ထိန်လင်း (၂၊ ၁၂၊ ၂ဝဝ၈)

၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts