>Mar Mar Aye 256

>

အသံဖိုင် ၁ (audio file – 1)
အသံဖိုင် ၂ (audio file – 2)

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၆)
လက်ရေတပြင်တည်း
မာမာအေး
ဒီဇင်ဘာ ၇၊ ၂၀၀၈

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်- မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ လွန်ခဲ့တပတ်နှစ်ပတ်လောက်တုန်းက မာအေးရဲ့ ရောင်းရင်းကြီး ကိုဝင်းဖေတယောက် သူဌေးကြီးဆိုရပ်ရဲ့ မွေးနေ့ပွဲမှာ စပြီးတော့ အဆိုတော် လုပ်လာတာတွေ့မိတယ်လို့ မြန်မာ ပညာရပ်ဝန်းများဆွေးနွေးပွဲက ကိစ္စတွေ ဖောက်သည်ချရင်း ပြောမိခဲ့ပါတယ်။

အဲဒီ စနေညက မြန်မာအကနဲ့ မြန်မာ ဂီတကို မြန်မာဖြစ် ဆိုင်းဝိုင်းကြီးနဲ့ တင်ဆက်ကြရမှာ ဖြစ်တဲ့အတွက် အဆိုတလှည့်၊ ဆိုင်းလက်စွမ်းပြက တလှည့်၊ အကတမျိုးပြီးတမျိုး ကပြတာက တလှည့် ဖျော်ဖြေကြရပါတယ်။ အဆိုနဲ့အတီးက ပြင်ဆင်ချိန်ပေးစရာ မလိုပါဘူး။ အကကျတော့ တခါနဲ့တခါ အဝတ်အစားကမတူဘူးလေ မြန်မာ့ရိုးရာဖြစ်တဲ့ ခါးတောင်အင်္ကျီတို့ ဗလာထမီတို့ ဝတ်ရ ဆင်ရတာဟာ ထင်သလို လွယ်တာမှ မဟုတ်တော့ မင်းသမီးတွေ အဝတ်လဲဖို့ အချိန်မီအောင် အချိန်ဆွဲပြီး ဆိုထားရဖို့ ဖြစ်လာတာပေါ့ရှင်။ ဒီတော့ မာအေးတို့နှစ်ယောက်လုံးလဲ ဆိုနိုင် ဆိုင်းနဲ့လဲ တီးလို့ရမယ် သီးချင်းတပုဒ်ကို ရှာကြပါတယ်။ ပွဲက မိတ်ဆုံစားပွဲ ဆိုတာကိုး။ ဒီတော့ လိုက်ဖက်အောင် ‘လက်ရေတပြင်တည်း’ သီးချင်းကို ရွေးပြီးတော့ ဆိုခဲ့ကြရပါတယ်။

ထိပ်အတွက်ခြေဆင်းကို မာအေးက စဆိုပြီးတော့ နောက်အပိုဒ်တွေကို တယောက်တလှည့် ဆိုကြတာပဲပေါ့။ ‘လက်ရေတပြင်တည်း’ ကို မာအေး မန္တလေးမြို့မနဲ့ တွဲမိတဲ့ ၁၉၅၈-၅၉ လောက်က မြို့မနဲ့ အဆိုတော်ကြီး ဦးဖူးအံ့ ဆိုခဲ့တာကို စကြားဖူးတာပါ။ ဦးလေးကိုဖူးအံ့ဟာ အရပ် ထောင်ထောင်မောင်းမောင်း အသံသြဇာကောင်းကောင်း ထောင်းထောင်းညက်ကြေ အညာလေနဲ့ ဆိုတာမျိုးရှင့်။ မာအေးတို့ဆရာဝင်းဖေလဲ ဦးလေးဖူးလေမျိုးပဲလို့ ခံစားရပါတယ်။

နန်းတော်ရှေ့ဆရာတင် ရေးတဲ့သီချင်း လေဘာတီမြရင် ဆိုခဲ့တာပါ တဲ့။ ဓာတ်ပြားသွင်းခဲ့တာ ရှိလား မရှိလား ဆိုတာတော့ ရှာဖွေလေ တွေ့ရှိလေ မလုပ်ဖြစ်သေးပါဘူ။း လက်ရေတပြင်တည်းနဲ့ အလိုက် အတော်ကိုတူတဲ့ အကြောင်းအရာတူ သီချင်းတပုဒ်တော့ ရှိပါတယ်။ ‘ဇာတိနွယ်’ တဲ့ ရှင့်။ အဆိုတော်ကြီး မကြည်အောင်အသံနဲ့ ဓာတ်ပြားသီချင်း သွင်းထားပါတယ်။

‘လက်ရေတပြင်တည်း’ နဲ့ ‘ဇာတိနွယ်’ သီချင်းနှစ်ပုဒ်ဟာ သတိမထားမိရင် ရောထွေးသွားနိုင်တဲ့အတွက် ချစ်ဆွေတို့ကို ပြောပြမယ်လို့ တေးထားတာကြာပြီ။ ခုမှပဲ ပြောဖြစ်တော့တယ်။ မာအေးကတော့ ဒီသီချင်းနှစ်ပုဒ်လုံးကို ပြန်ပြီး သီဆိုခဲ့ပြီးပါပြီ။ နာဆင်ကြည့်ပါနော်။

xxx လက်ရေတပြင်တည်း နှီးဒေါင်းလန်းတွေနဲ့ ဝိုင်းဖွဲ့ကာ စားကြသည်ရှင်၊ မြမဒီခင် ခပ်ငယ်ငယ်၊ တေးဆိုကြ မြူးပျော်ကြ∙∙∙∙ ဟေ့သူငယ်ချင်းရေ တို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် xxx (လက်ရေတပြင်တည်းအစပိုင်း)

ဒါက ကြားဖူးပြီးသား ‘လက်ရေတပြင်တည်း’ သီချင်းထဲကပါ။ ခြေဆင်းက ‘တေးဆိုကြ မြူးပျော်ကြ’ အဲဒီနေရာမှာ အဆုံးသတ်ပြီးတော့ ‘ဟေ့သူငယ်ချင်းရေ’ လို့ စရတဲ့ အပုဒ်ကို ကရောင်းစည်းစုံစည်းနဲ့ ဝင်ဆို ဝင်တီးကြရတာပါပဲ။

‘ဇာတိနွယ်’ သီချင်းကျတော့ ဆိုမယ့်သူက မကြည်အောင်ကိုး ရှင့်။ စာသားကာရန် ပြောင်းပေးလိုက်တော့ကာ ‘စားကြသည်မောင် မကြည်အောင် ခပ်ငယ်ငယ်’ အဲဒီလို ဖြစ်သွားတာပေါ့နော။ နန်းတော်ရှေ့ဆရာကြီးက ခြေဆင်းထဲမယ် စာတောင်မှ ထပ်ဖြည့်သွားပါတယ်။ နားထောင်ကြည့်ပါဦး။

xxx လက်ရေတပြင်တည်း နှီးဒေါင်းလန်းကြီးရယ်နဲ့ သိုင်းချဲ့ကာ၊ ဝိုင်းဖွဲ့ကာ၊ စားကြသည်မောင် မကြည်အောင် ခပ်ငယ်ငယ် ဒေါင်းလန်းကြီးရယ်နဲ့ ထမင်းတွေပုံ ဟင်းဇလုံ အလယ်မြုပ်ပါလို့ တလုပ်စီမောင်နှမတွေရှင် စား စားကြပျော်ရွှင် တေးဆိုကြ မြူးပျော်ကြ ဟေ့သူငယ်ချင်းရေ တို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှစ်ခွင်ကမည်း အိုး ရွာမလိုလိုနဲ့ပင် xxx (ဇာတိနွယ်ခြေဆင်းပိုဒ်)

ချစ်ဆွေတို့ ထပ်ဖြည့်တဲ့စာပိုဒ် ကြားလိုက်တယ်နော်၊ ‘ဒေါင်းလန်းကြီးနဲ့ ထမင်းတွေပုံ ဟင်းဇလုံလည်း မြှုပ်ပါလို့ တလုပ်စီမောင်နှမတွေရှင် စားကြပျော်ရွှင်’ တဲ့ ဒီစာသားကို ကြားရတိုင်း ဒေါင်းလန်းကြီးနဲ့ မစားဖြစ်ခဲ့ပေမယ့် ညီအကိုမောင်နှမတွေလို တွေ့ခဲ့ ဆုံခဲ့ ကျွေးမွေးခဲ့ဖူးသူတွေကို အောင်းမေ့တော့တာပဲ၊ တကယ်ပြောတာပါ၊ မာအေးမညာတတ်ပါဘူး၊ ကဲ ဆက်နားထောင်ပါဦး။

မမြရင်ဆိုခဲ့တဲ့ ‘လက်ရေတပြင်တည်း’ နဲ့မကြည်အောင်ဆိုခဲ့တဲ့ ‘ဇာတိနွယ်’ မှာ မတူတာတွေကို ပြောရရင် မမြရင်ဆိုတာမှာ ‘တောရွာသူတို့အိမ်မက် မောင်ရယ်’ ဆိုတဲ့အပုဒ်နဲ့ ‘တစို့ပေါ်မှာကင်တယ် မောင်ရယ်’ လို့ ဆိုရတဲ့ အသံတူ စာကွဲ (၂) ပိုဒ် က စာသားကို ပေါင်းပြီးတော့ မကြည်အောင်သီချင်းမှာ ကျတော့ (၁)ပိုဒ်ပဲ ဆိုခိုင်းထားတယ်၊’ သံပြိုင်အပိုဒ်မှာ ညီညွတ်ရေးနဲ့အသက် ရှည်ရှည်နေချင်တယ် မောင်ရယ် လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်။ အဲဒီ စာရော အသံရော နည်းနည်းပြောင်းသွားပါတယ်၊ သီချင်းအချချင်းကလည်း မတူပါဘူးရှင်။ ဇာတိနွယ်က သံပြိုင်ကို ရိုးရိုးဆွဲချပြီး ဆိုရပါတယ်၊ မမြရင်သီချင်းမှာကျတော့ (လက်ရေတပြင်တည်းအချ) xxx ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင် လက်ရေတပြင်တည်း၊ ရှေးကတော့ ပိုချစ်ပြတယ် xxx အဲဒီလို အဆုံးသတ်ထားပါတယ်ရှင်။ ။

(မူရင်း – ဘီဘီစီ၊ မြန်မာပိုင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts