>Maimi – 01

>

အမှတ်တရ မိုင်ယာမီ (၁)
ဉာဏ်ဦးမောင်
ဒီဇင်ဘာ ၆၊ ၂၀၀၈
မိုင်ယာမီ – တဲ့။ ဒီနာမည်လေးကို ငယ်ငယ်ကတည်းက ရင်းနှီးနေခဲ့တာ။ သစ်တောတွေ၊ မြစ်ချောင်းတွေကို ခင်တွယ်တတ်။ ကောင်းကင်၊ ပင်လယ်နဲ့သမုဒ္ဒရာတွေကို ချစ်တတ်တဲ့ သူတစ်ယောက်အဖို့ ကမ္ဘာကျော် မိုင်ယာမီဆိုတဲ့ အထင်ကရ လှပတဲ့ကမ်းခြေနာမည်လေးနဲ့ ခုလိုရင်းနှီးနေခဲ့တာ အဆန်းတော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ဒီနေရာမျိုးလေးဆီကို အရောက်သွားချင်နေမိခဲ့တာလည်း ဘယ်မှာ ထူးတယ်လို့ ဆိုနိုင်ပါ့မလဲ။ ဒီတော့ မိုင်ယာမီက ကိုယ့်အိပ်မက်ထဲမှာ နေရာယူနေခဲ့တာ။ ကြာပေါ့။ အနှစ်နှစ် အလလကတည်းက မက်နေခဲ့တဲ့ ကိုယ့်အိပ်မက်။ ခုတော့လည်း မထင်မှတ်ဘဲ ပြည့်လာခဲ့ပြီ။ ကျေးဇူးပါ၊ ကျေးဇူးပါလို့ ကျေးဇူးတော်များ အခါတော်နေ့အကြို ကျေးဇူးစကား အခါခါ ဆိုချင်သပ။

ကိုယ်နေထိုင်ရာ ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုလေဆိပ်ကနေ နိုဝင်ဘာလ ၂၄ ရက် တနင်္လာနေ့ ညနေ ၁၁ နာရီ ၅ မိနစ်မှာ စထွက်ခဲ့တာ။ အမေရိကန်နိုင်ငံရဲ့ အရှေ့တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့က ဂျက်ဆင် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေယာဉ်ဆိုက်တော့ ၂၅ ရက် မနက် ၆ နာရီ ကျော်ကျော်။ အမှောင်ကင်းလို့ လင်းအားဝင်စအချိန်။ ဟိုး အရှေ့ ကောင်းကင်ပြင်ကြီးတခွင်လုံး နေမင်းရဲ့ အလင်းရောင်ကြောင့် တိမ်လွှာတွေ အထပ်ထပ်၊ ရွှေရောင်တွေ ဟပ်နေတဲ့အချိန်။ ကမ္ဘာကြီးက နှစ်ထပ်နှစ်လွှာ။ ကောင်းကင်ပိုင်းမှာ လင်းအားတွေ ထိန်နေသလောက် မြေပြင်လွှာမှာတော့ အနက်ရောင် အမှောင်ကမ္ဗလာဝတ်လွှာက ခြုံသိုင်း ကာထားဆဲ။ အမှောင်ထုကြား ဝိုးတဝါးမြင်နေရတဲ့ အတ္တလန်တာမြို့ဆီက မီးရောင်စုံများက ပြိုးပြိုးပြက်ပြက်၊ ပတ္တမြားပွင့်တွေ၊ စိန်ပွင့်တွေ တဖျပ်ဖျပ် လင်းလင်နေသည့်ဟန်။လေဆိပ်ဒုတိယထပ် ကိုယ်ထိုင်နေတဲ့ အမေရိကန်စတိုင် ကာဖီဆိုင်လေးရဲ့ ပြတင်းတံခါးကနေ ပြင်ပကမ္ဘာ လှမ်းကြည့်မိတော့ မှုန်ပြပြ မြူလွှာတွေ ဖြန့်ကျင်းထားတဲ့ ကောင်းကင်ပြင်ကျယ်ကြီးတခွင်ကို မျက်စိမဆုံး မြင်နေရတယ်။ ကိုယ့်နားထဲမှာတော့ လေယာဉ်ပေါ်ကတည်းက ကြားခဲ့ရတဲ့ အမေရိကန်ကျေးလက်ဂီတသံက လွင့်ပျံနေဆဲ။ ကိုယ့်ဘေးကနေ ဖြတ်လျှောက်နေတဲ့သူတွေထဲမှာလည်း အများစုက ကျေးလက်စတိုင် ဝတ်စားဆင်ယင်ထားသူတွေက အခြားဒေသများမှာထက် သိသိသာသာ ပိုများနေသလို ခံစားရတယ်။ ဘောင်းဘီ ကြပ်ကြပ်၊ ရှူး(ဘူးထ်)ဖိနပ် ရှည်ရှည်၊ ကြီးမားတဲ့ ဦးထုပ်တွေ ကိုယ်စီနဲ့သူတွေ။ အတ္တလန်တာလေဆိပ်က လေယာဉ်အဆင်းအတက်များတဲ့ လေဆိပ်တခု။ ကိုယ်စီးလာတဲ့ ဒယ်လ်တာလေကြောင်းလိုင်းရဲ့ ရုံးချုပ်ဖြစ်လို့လည်း လေယာဉ်ကွင်းတခုလုံး ဒယ်လ်တာလေကြောင်းပိုင် လေယာဉ်ကြီးများက ကွင်းလုံး အပြည့်။ ရာပေါင်းများစွာ။ အစီအရီ။ အရုပ်တွေ စီထားသည့်နှယ်။

လေယာဉ်ပြောင်းရမှာမို့ ကွန်ကော့Aကနေ ကွန်ကော့Tဆီကို မြေအောက်ရထားနဲ့ ကူးရတယ်။ ကွန်ကော့ဆိုတာ တာမင်နယ်ကို သုံးတဲ့အသုံးတခု။ ဒီလေဆိပ်မှာ ဒါနဲ့ဆို ကိုယ်ရောက်ခဲ့တာ နှစ်ကြိမ်ရှိပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က နယူးယောက်ကိုအသွား ဒီမှာပဲ လေယာဉ်တစ်ကြိမ် ပြောင်းစီးခဲ့ဘူးတယ်။ အဲဒီအကြိမ်က ဒီကွန်ကော့ဆိုတဲ့ အသုံးကို နားမလည်လို့ အခက်အခဲ အနည်းငယ်တွေ့ခဲ့တာကို သတိရမိတယ်။ ခြေလျင်လျောက်လို့ရနိုင်ပေမယ့် လေဆိပ်ကကျယ်တော့ တာမင်နယ်တခုကနေ တခုကို မြေအောက်ရထားနဲ့ကူးသွားတာက ပိုအဆင်ပြေတယ်။ မြေအောက်ရထားလမ်းကလဲ တော်တော်နက်ရဲ့။ သို့ပေမယ့် ခုတကြိမ်မှာတော့ ချောချောမွေ့မွေ့။ အတွေ့အကြုံကနေရခဲ့တဲ့ သင်္ခန်းစာက ပေးတဲ့အသိလေ။ လှလှပပပေါ့။ ခုတကြိမ်မှာ လေဆိပ်က ပိုမိုသစ်လွင်တောက်ပနေတယ်။ ပြန်လည်ပြုပြင်ထားဟန်ပါပဲ။ မြင်ကွင်းအားလုံးက သစ်သစ်လွင်လွင် တောက်တောက်ပပ။ နံနက် ၇ နာရီ ၃ဝ မှာ အတ္တလန်တာလေဆိပ်ကနေ ဖလော်ရီဒါပြည်နယ် မိုင်ယာမီအနီးက ဖော့လိုရာဒေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီပြန်သန်းမယ့် လေယာဉ်စီးကာ ခရီးဆက်လို့ နှင်ခဲ့တယ်။

ဖလော်ရီဒါကို ဒါပထမအကြိမ်ရောက်မှာ။ နေရာသစ်ကို ရောက်ရမှာမို့ လေယာဉ်ပေါ်ကတည်းက စူးစမ်းလိုစိတ်က ထက်ထက်သန်သန်။ လေယာဉ်ပြတင်းကနေ အောက်ကိုငုံ့ကာ အခါခါ ကြည့်ဖြစ်တယ်။ လေယာဉ်ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းတွေက ရေလွှမ်းထားတဲ့ မြေပြင်ကျယ်တွေ။ ရွှံ့နွံအိုင်တွေက အများဆုံး။ ဖလော်ရီဒါမှာ ဖရီးဝေးလမ်းမတွေပေါ်ကို မိကျောင်းတွေ တက်တက်လာတတ်တယ်ဆိုတာကို သတိရမိတယ်။ ၉ နာရီ ကျော်ကျော်မှာတော့ မက္ကဆီကိုပင်လယ်ကွေ့နဲ့ အတ္တလန်တိတ် သမုဒ္ဒရာပြင်ကျယ်ကြီးကို မြူတိမ်ကြားကနေ ဝိုးတဝါးလှန်းလို့မြင်ရတယ်။ စိမ်းလန်းနေတဲ့ ကျွန်းတွေကလည်း နေရာအနှံ့။ ပြန့်တရံ့။ လေယာဉ်ဆင်းကာနီးမှာတော့ မြင်ကွင်းတွေက ပိုမိုပီပြင်လာတယ်။ သပ်သပ်ရပ်ရပ် အစီအရီ တည်ဆောက်ထားတဲ့ အိမ်ရာတိုက်တာစုစုတွေ၊ ကန်ရေပြင်ကျယ်တွေ၊ ဖြူလွလွ၊ စိမ်းမြမြ၊ အပြာရောင် အကွက်အစတွေနဲ့ လှလှပပ။ မျက်စိပသာဒ ကျစရာ။ အုန်း ထန်းတွေ အစီအရီနဲ့မို့ အမိမြေကို လွမ်းမိစရာ။

ဖော့လော်ရာဒေး လေဆိပ်ကတော့ အေးဆေးငြိမ်သက်စွာ။ ခရီးသည်က ဟိုတစ ဒီတစသာ။ နေရောင်တောက်တောက်အောက်မှာ သာသာယာယာ။ ရာသီကလည်း မပူမအေး။ မျှတကောင်းမွန်စွာ။ လေဆိပ်အသွင်အပြင်၊ စိုက်ထားတဲ့ မြက်ခင်းပြင်၊ ပေါက်နေတဲ့ သစ်ပင်တွေ အနေအထားက အရှေ့တောင်အာရှနိုင်ငံများက လေဆိပ်များ၊ အထူးသဖြင့် စင်္ကပူလေဆိပ်ကို ပြန်လည်သတိရဖွယ်ရာ။ အနှစ်နှစ် အလလက တမ်းတရတဲ့ ဒီနေရာ။ ရောက်ရပြီပေါ့ တကြိမ်တခါ။ ဂွတ်မောနင်း ဖလော်ရီဒါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts