>Economists Appraise Bhutan’s Happiness Model

>

ဘူတန်ကို ကော်ပီကူးပြီ
ကျော်ကျော်
ဒီဇင်ဘာ ၆၊ ၂၀၀၈

အခုလို ကမ္ဘာ့စီးပွားရေးကပ် ဆိုက်နေချိန်မှာ စီးပွားရေးပညာရှင်များဟာ ဟိမ၀န္တာတောင်တန်းရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့ ဘူတန်(Bhutan)နိုင်ငံလေးကို ရောက်ရှိလာပါတယ်။ ဘူတန်နိုင်ငံရဲ့ ဂျီအန်အိပ်ခ်ျ(GNH – Gross National Happiness) လို့ ခေါ်တဲ့ စီးပွားရေးပေါ်လစီကို လေ့လာနေကြတာပါ။ ထူးခြားတာက ဂျီအမ်အိပ်ခ်ျဟာ ဗုဒ္ဓဘုရားရဲ့ တရားတော်အပေါ် အခြေခံထားတယ်လို့ ဆိုပါတယ်။

ဘူတန်က အုပ်ချုပ်သူများဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စီမံကိန်းဆွဲတဲ့အခါ သတ္တ၀ါအားလုံး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်၊ အလုပ်၊ အိပ်စက်ခြင်း၊ စိတ်တည်ငြိမ်အောင် အားထုတ်မှု စတာတွေအားလုံးကို ထည့်သွင်းစဉ်းစားကြတယ်လို့ သိရပါတယ်။

“စိတ်ပျော်ရွှင်မှုဟာ အလွန်အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်” လို့ ဘူတန် ၀န်ကြီးချုပ် Jigme Thinley က ပြောပါတယ်။ “အကန့်အသတ်ရှိတဲ့ ဒီကမ္ဘာကြီးမှာ အကန့်အသတ်မရှိ ကုန်ပစ္စည်း/၀န်ဆောင်မှု ထုတ်လုပ်ခြင်း ဆိုတာ ရေရှည်မတည်မြဲနိုင်သလို အနာဂတ် လူသားမျိုးဆက်တွေ အတွက်လည်း မတရားရာရောက်ပါတယ် ” ဟု သူက ပြောပါသေးတယ်။


ဘူတန် လယ်သမားများ (Photo: Lynsey Addario – National Geographic)

အရင်တပတ်က ကျင်းပတဲ့ လေးကြိမ်မြောက် GNH စည်းဝေးပွဲမှာ Thinley က “ဗုဒ္ဓရဲ့ တရားတော်အရ အရာရာတိုင်းဟာ ပျက်စီးသွားမယ်၊ ဒုက္ခတွေ အပျက်အစီးတွေထဲကနေ အတွေးအခေါ်သစ်တွေ ပေါ်ထွက်လာမယ်၊ အကယ်၍ GNH ဟာ အတွေးအခေါ်သစ်ဆိုရင် အရင်က နည်းလမ်းဟောင်းတွေဟာ အလိုလို နေရာဖယ်သွားပါမယ်” လို့ ပြောပါတယ်။

ဘူတန်ရဲ့ GNHပေါ်လစီကို ၁၉၇၂ နှစ်မှာ ယခင် ဘူတန်ဘုရင် Jigme Singye Wangchuck က စတင်ခဲ့ပါတယ်။ GNH ဟာ အချက် ၄ချက်ပေါ်မှာ မူတည်ထားပါတယ်။

၁။ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်
၂။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းပြီး ပြန့်ပွားရန်
၃။ သဘာ၀၀န်းကျင်ကို ထိန်းသိမ်းရန်
၎။ ကောင်းသော အုပ်ချုပ်ရေး ရှိရန် စသည်တို့ဖြစ်ပါတယ်။

တချို့သူတွေကလည်း GNH ဟာ ဘူတန်လို ဘုရင်အုပ်ချုပ်တဲ့စနစ်ကနေ ပေါ်ထွက်လာတယ်၊ လူဦးရေများပြားတဲ့ နိုင်ငံတွေမှာ လက်တွေ့သုံးဖို့ မဖြစ်နိုင်ဘူးလို့ ဝေဖန်ကြပါတယ်။(ဘူတန်နိုင်ငံဟာ လူဦးရေ ၇ သိန်းလောက်သာ ရှိပါတယ်၊ ဒီနှစ် မတ်လမှာ ဒီမိုကရေစီနည်းလမ်းကျ ပါလီမန်အမတ်များကို ရွေးချယ်ခဲ့ပြီး၊ ဇူလိုင်မှာတော့ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ပါတယ်။)

ဒါပေမဲ့ ဘူတန်ရဲ့ မြို့တော် Thimphu မှာ ကျင်းပတဲ့ GNH ဆွေးနွေးပွဲမှာ နိုင်ငံခြား စီးပွားရေး ပညာရှင်များ၊ ပညာရေးနယ်ပယ်မှ ပညာရှင်များစွာ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

“ကျနော်တို့ဟာ ယခင် ၂၀ ရာစု နည်းလမ်းတွေနဲ့ ၂၁ ရာစုမှာ လာသုံးလို့ မရတော့ပါဘူး” လို့ တက်ရောက်လာတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ဦးဆောင်သူ နီကိုးလတ်စ် ရိုစလင်းနီ(Nicholas Rosellini) က ပြောပါတယ်။

တကယ်တော့ ဂျီအန်အိပ်ခ်ျရဲ့ လမ်းညွှန်ချက်တွေကို ဘရားဇီး၊ အိန္ဒိယ၊ ဟေတီ နိုင်ငံတို့မှာ စတင်သုံးစွဲနေပါပြီ။ ကနေဒါ၊ သြစထေးရီးယား၊ အမေရိကန်၊ ပြင်သစ် နိုင်ငံတွေမှာလည်း ပြည်သူတွေရဲ့ ပျော်ရွှင်မှုကို သုံးနေကျ GDP(Gross Domestic Product) လို့ခေါ်တဲ့ ပြည်တွင်းထုတ်လုပ်မှု ကိန်းဂဏန်းအပေါ် မမူတည်ဘဲ တိုင်းတာဖို့ ကြိုးစားနေကြပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ GNH လမ်းညွှန်ချက်တွေ အသုံးပြုပြီး The Quality of Life Commission ခေါ်တဲ့ စီမံကိန်းကို စီးပွားရေးသိပ္ပံ နိုဘယ်ဆုရဖူးတဲ့ Joseph Stiglitz နဲ့ Armatya Sen တို့ရဲ့ အကူအညီနဲ့ ပြင်သစ်သမ္မတ Nicolas Sarkozy က သြဂုတ်လမှာ စတင်ခဲ့ပါတယ်။

“ကျနော်တို့ဟာ GDP ကိန်းဂဏန်းနောက်ကို လိုက်နေတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ၊ အခုတော့ လူတွေက GDP ကို ကျော်လွန်ပြီး ကြည့်ရတော့မယ်လို့ ပြောနေကြပါပြီ၊ လူတွေရဲ့ ပျော်ရွှင်မှုကို တိုင်းတာဖို့ စဉ်းစားလာကြပါတယ်” လို့ ပြင်သစ်အခြေဆိုက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းတခုမှ စီမံကိန်းခေါင်းဆောင် Jon Hall က ပြောပါတယ်။

ဘူတန်အစိုးရဟာ သူတို့ရဲ့ ဂျီအန်အိပ်ခ်ျပေါ်လစီကို နိုင်ငံတကာမှာ လက်ခံလာအောင် ရည်ရွယ်ချက်နဲ့ လူတွေရဲ့ ပျော်ရွှင်မှုကို စံနှုန်း ၇၂ ချက်ပေါ် မူတည်တိုင်းတာပြီး GNH ကိန်းဂဏန်းကို ယခုနှစ်အကုန်လောက်မှာ ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

(ကိုးကား။ ။ San Francisco Chronicle – ဒီဇင်ဘာ ၄ ရက် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts