>Aung Way – 19

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၉)

အောင်ဝေး

ဒီဇင်ဘာ ၆၊ ၂၀၀၈



နဝတ ခေတ်တုန်းက ကလေးတွေပြောကြတဲ့စကားတခွန်း ပြန်အမှတ်ရမိပါတယ်။ အဲဒါကတော့ ‘ကလိန်စိငြမ်းဆင်၊ ငြိမ်ပိလမ်းစဉ်’ ဆိုတဲ့ စကားပါပဲ။


နဝတ စစ်အုပ်စုဟာ ဘယ်လောက်တောင် ကလိမ်စိငြမ်းဆင် လုပ်သလဲဆိုရင် အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်းခရီးစဉ်ကိုသာ ကြည့်ပါတော့။



နဝတအဖွဲ့ကို တရားဝင်စာတင်ပြီး ထွက်လာတဲ့ ခရီးစဉ်တောင် မပြီးဆုံးသေးဘူး၊ NLD အဖွဲ့ဝင်တွေကို နဝတ စစ်တပ်က ဖမ်းပြီးထောင်ထဲ ထည့်ပစ်လိုက်ပြီ။ မအူပင်က NLD ရဲဘော်တွေ အရင်ဆုံးအဖမ်းခံရတယ်။ ပြီးတော့ ပုသိမ်မှာ ကျနော်တို့လူသိုက်အဖမ်းခံရတယ်။



ကျနော်တို့ ဆယ့်လေးငါးယောက်ကို ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ပြင်ဆင်းတဲ့နေ့ ညဘက်မှာ ဖမ်းတယ်။ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ပြင်က ပြန်ရောက်လာတဲ့နေ့ နေ့ခင်းကြောက်တောင်မှာ ဒေါက်တာ သက်မင်းကို ဖမ်းတယ်။



ဒေါက်တာသက်မင်းကို ဖမ်းတဲ့နေ့က သူဟာရဲရင့်တက်ကြွစွာနဲ့ပဲ ပုသိမ်ထောင်ထဲကို ဝင်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း ပင်လယ်ပြင်ခရီးစဉ်အကြောင်း ဒေါက်တာသက်မင်း ပြန်ပြောပြတာကို နားထောင်ပြီး ကျနော်တို့ ကျေနပ်အားရဖြစ်ခဲ့ကြတယ်။

ပုသိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ပြင်က ပြန်ရောက်လာပြီးအဖမ်းခံနေရတဲ့ ကျနော်တို့တတွေ လွတ်မြောက်ဖို့ အရေးဆိုနေတဲ့ရက်တွေမှာ၊ တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က ဒေါ်အောင်ဆန်းစုကြည် ကားနဲ့ သွားလို့လာလို့မရအောင် လမ်းတကာလမ်း သံဆူးကြိုးတွေချပြီး အသေပိတ်ထားလိုက်ပါတယ်။ ဒီလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်မှုပါ့မလဲ။ ကျနော်တို့ထဲကို အပြင်က သတင်းရေးပို့လိုက်တဲ့စာ လျှို့ဝှက် ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စက်ဘီးတစီးယူပြီး ပုသိမ်မြို့အနှံ့ပတ်ပြီးစီးလိုက်တာ ဗိုလ်ချုပ်မြင့်အောင် ဘာမှ မတတ်နိုင်တော့ပါဘူး တဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေဟာ စက်ဘီးတွေကိုယ်စီနဲ့ ဗိုလ်ချုပ်မြင့်အောင်က ကားသွားလို့မရအောင် ပိတ်ထားတဲ့ နေရာအနှံ့ကို စက်ဘီးနဲ့ရအောင်သွားခဲ့ကြတာပါပဲ။

ပုသိမ်မြို့လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည် စက်ဘီးတစီးနဲ့ လူထုကြား သွားလာနေတာကို ကြည့်ပြီး ရွှင်လန်း တက်ကြွနေကြပါတယ် တဲ့။ အပြင်ကနေ အထဲကိုရေးပို့လိုက်တဲ့စာကို ကျနောာ်တို့ တိုက်ခန်းတခန်းနဲ့တခန်း လက်ဆင့်ကမ်းဖတ်ကြပြီး အထဲရောက်နေတဲ့သူတွေအားလုံး တိုင်ပင်လိုက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့ခရီးဆက်ဖို့ ရှိသေးတယ်။ ပုသိမ်မှာ ကျနော်တို့ လွတ်မြှောက်ဖို့က အရေးမကြီးဘူး။ စီစဉ်သတ်မှတ်ထားတဲ့ရက်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေကြမယ့် ကုန်းလမ်းခရီးမြို့နယ်တွေက NLD အဖွဲ့ဝင်တွေ ပြည်သူတွေက ပို အရေးကြီးတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ကို ထားခဲ့ပြီး ရှေ့ခရီး ဆက်စေချင်တယ်။

ပြီးတော့ မိခင်ကြီးဒေါ်ခင်ကြည် ကွယ်လွန်တဲ့ တလပြည့် ဆွမ်းကျွေးကလည်း အမှီပြန်ရောက်ဖို့ ရှိနေတယ်။ ရက်က သိပ်မလိုတော့ဘူး။ ကျနော်တို့အမှုက အာမခံရနိုင်တဲ့အမှုပါ။ ယမန်ကြီးနှစ်ပတ်ချုပ်ထားပြီးရင် ကျနော်တို့အားလုံး အာမခံနဲ့ ပြန်ထွက်ရမှာပါပဲ။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စီစဉ်ထားတဲ့အတိုင်း ရှေ့ဆက်သွားဖို့ တိုက်တွန်းတောင်းပန်ထားတဲ့ ကျနော်တို့သဘောထားကို စာနဲ့ရေးပြီး လျှို့ဝှက် ဆက်သားနဲ့ အပြင်ကို ပို့လိုက်ပါတယ်။

နဝတ စစ်အုပ်စုကတော့ သူတို့အလုပ် သူတို့ ‘ကလိမ်စိငြမ်းဆင်၊ ငြိမ်ပိလမ်းစဉ်’ လုပ်မှာပါပဲ။ ကျနော်တို့ကလည်း ကျနော်တို့ NLD လမ်းစဉ်အတိုင်း ကျနော်တို့ ဒီမိုကရေစီအလုပ်ကို ကျနော်တို့ ဆက်လုပ်ရမှာပါပဲ။

စက်ဘီးတစီးနဲ့ ပုသိမ်မြို့ကို လေးငါးရက်လောက် မွေနှောက်ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည် ကျောင်းကုန်း၊ အသုတ်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း ကုန်းလမ်းခရီးဆက်ဖို့ ပုသိမ်မြို့ကနေ ထွက်ခွာသွားပါတော့တယ်။

ဖိနှိပ်မှုဟာ နေရာရွေ့သွားပါပြီ။ ဗိုလ်ချုပ်မြင့်အောင်ရဲ့ နဝတ စစ်သားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့ခရီးမှာ ဟန့်တားနှောင့်ယှက်ဖို့၊ ပိတ်ပင်တားဆီးဖို့ ကုန်းလမ်းခရီးဘက်ကို ရွှေ့ပြောင်းသွားကြပါပြီ။

ပုသိမ်မြို့ပေါ်မှာ စစ်သားနဲ့ရဲ လုံခြုံရေးတွေ ထူထူတင်းတင်း မရှိတော့တဲ့အတွက် ပုသိမ်မြို့သူမြို့သားတွေဟာ သူတို့ချစ်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ်ကြီး လွမ်းပြီးကျန်ရစ်ခဲ့ပါတော့တယ်။

မလွတ်လပ်တဲ့ ပုသိမ်အကျဉ်းထောင်၊ သီးခြားတိုက်၊ တိုက်ခန်းတွေထဲက ကျနော်တို့တတွေလည်း အလွမ်းဓာတ်ခံကြီးကြီးနဲ့ ကြံ့ကြံ့ခံပြီး ကျန်ရစ်ခဲ့တာပဲပေါ့။ အရေးကြီးတာက အခုအချိန်မှာ အလွမ်းတွေကို အင်အားအဖြစ် ပြောင်းလဲပစ်နိုင်ဖို့ပဲမဟုတ်လားမိတ်ဆွေ။



(မူရင်း – လွတ်လပ်တဲ့အာရှအသံ မြန်မာဌာန)




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts