>Tin Moe’s bed

>

တင်မိုး အိပ်ရာ
မောင်စွမ်းရည်
ဒီဇင်ဘာ ၅၊ ၂၀၀၈


တနှစ်လည်ပြီ
တချီ ပြန်ရောက်၊ သူ့အိမ်ပေါက်မှာ
ငါတယောက်ထဲ၊ သေတ္တာဆွဲလို့
အားခဲမတ်တတ် ခြေစုံရပ်။

သူ့အိပ်ရာထက်
ငါ တက်အိပ်တော့
ဆေးလိပ်နံ့တောင် မပြယ်သေး။

သူ့လွယ်အိတ်လည်း
လွယ်အိတ်သခင်၊ ရှိစဉ်နေရာ
နံရံမှာပဲ၊ ချိတ်မြဲ ချိတ်လျက်။

ရွှေတိဂုံကို
အာရုံမျက်မြင်၊ သူ ဖူးချင်လို့
ခုတင်ခေါင်းရင်း၊ ပြတင်းဘောင်ထိပ်
သူ ဆွဲချိတ်လျက်။

တယောအိုလည်း
ငိုမြည်မတ၊ ခန်းဝ ထောင့်ကွေး
တေး မသီတော့၊ ကြိုးတွေ လျော့လျက်
‘သွားတော့ သခင်’၊ နှုတ်ဆက်ချင် သို့။

သူ့အိပ်ရာထက်
ငါ တက်အိပ်တော့၊ အိပ်မက်ထဲမှာ
သူ ရောက်လာလျက်၊ “ထကွာ
ညီလေး
ဆေးလိပ်လဲ တို၊ နေလဲ ညိုပြီ
ရွာကို ပြန်ကြရအောင်လေ”
တဲ့။

ငါ လန့်နိုးတော့
မြင်ရိုး မြင်မြဲ၊ ဆေးလိပ်ခဲလျက်
မှန်ဘောင်ထဲမှာ၊ သူ ပြုံးရှာသည်
ငါ
ဘာလုပ်ရမလဲ သူငယ်ချင်း ။ ။

မောင်စွမ်းရည်
၂ဝဝ၈ နိုဝင်ဘာ ၂၂
(သူ့အိပ်ရာမှာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts