>stamp for the 100th anniversary of U Thant


>

ဦးသန့် ရာပြည့်တံဆိပ်ခေါင်း ကုလသမဂ္ဂမှ ထုတ်ဝေမည်
မိုးမခအထောက်တော် ၀၀၅

ဒီဇင်ဘာ ၅၊ ၂၀၀၈

လာမည့် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အသက် ၁ဝဝ ပြည့်မည့် မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ရာပြည့်အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ၃ မျိုး ကုလသမဂ္ဂက ထုတ်ဝေမည်ဟု သတင်း ထုတ်ပြန်ထားသည်။ ဦးသန့်၏ ရုပ်ပုံဖြင့် ထုတ်ဝေမည့် အမေရိကန် ဝ.၉၄ ဒေါ်လာ (၉၄ ပြား)တန်၊ ဆွစ်ဇာလန်ငွေကြေး ၁.၃ဝ ဆွစ်ဖရန့်စ်တန်၊ ဥရောပသမဂ္ဂ ငွေကြေး ၁.၁၅ ယူရို တန် တံဆိပ်ခေါင်းများကို ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ဝေမည်ဟု ကုလသမဂ္ဂ စာတိုက်ဌာန၏ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကုလသမဂ္ဂ၏ တတိယမြောက် အတွင်းရေးမှူးချုပ်ဖြစ်သည့် ဦးသန့်၏ ရုပ်ပုံဖြင့် ထုတ်ဝေသည့် တံဆိပ်ခေါင်း ယခင်က ထုတ်ဝေခဲ့ဖူးခြင်း မရှိဘဲ အတွင်းရေးမှူးချုပ်များ၏ ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းမှာလည်း ပထမဆုံး ဖြစ်သည် ဟု နယူးယောက်မြို့ရှိ တံဆိပ်ခေါင်း စုဆောင်းသူ မြန်မာတစ်ဦးက ပြောပြခဲ့သည်။ ဦးသန့် မတိုင်မီ ရာပြည့်ပုဂ္ဂိုလ်များဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းများမှာ ပထမဆုံး အတွင်းရေးမှူးချုပ် နော်ဝေနိုင်ငံသား ထရိဗီလီး (၁၈၉၆-၁၉၆၈) နှင့် ဒုတိယ အတွင်းရေးမှူးချုပ် ဆွီဒင်နိုင်ငံသား ဒက်ဟမ်းမားရှိုးလ် (၁၉ဝ၅-၁၉၆၁) တို့ဖြစ်သည်။

ဦးသန့်ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့က ၁၉ဝ၉ ခုနှစ်၌ ဖွားမြင်ခဲ့သည်။ ပန်းတနော် အမျိုးသားအထက်တန်းကျောင်း၊ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့ပြီး အထက်တန်းပြ ကျောင်းဆရာ၊ ထိုမှ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသုံးစာအုပ် ပုံနှိပ်ထုတ်ဝေရေးကော်မတီ၊ အမျိုးသားပညာရေးကောင်စီ၊ ဗမာ့သုတေသနအဖွဲ့တို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းများဦးစီးအဖွဲ့ အမှုဆောင်၊ ဂျပန်ခေတ် ပညာရေးပြန်လည်ထူထောင်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဖဆပလအဖွဲ့၏ လူထုရေးရာတာဝန်ခံ စသဖြင့် တာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။


ဦးသန့်၏ ဇနီးမှာ ဒေါ်သိန်းတင်ဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် အသက် ၆၅ နှစ် တွင် ကင်ဆာရောဂါဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကွယ်လွန်ခဲ့သည်။ ၎င်း၏ ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ယူခဲ့သော်လည်း ထိုစဉ်က မဆလ အစိုးရ၏ ဂရုတစိုက် မရှိမှုကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အုံကြွကာ ‘ဦးသန့် ဈာပနအရေးအခင်း’ ပေါ်ပေါက်ခဲ့သည်။


ဦးသန့်၏ ရာပြည့် အထူးအစဉ်ကို မိုးမခ က တင်ဆက်သွားမည်ဖြစ်ပါ၍ ဦးသန့်နှင့်ပတ်သက်ပြီး တင်ပြလိုသော အကြောင်းအရာများ ရှိပါက မိုးမခ သို့ ဆက်သွယ်ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts