>Quotes for November, 2008

>

နိုဝင်ဘာလ စာကိုး စကားကိုး

ဒီဇင်ဘာ ၁၊ ၂၀၀၈

ကျွန်တော် အမေရိကားက ပြန်လာတော့ ရပ်ကွက်ထဲမှာ အသိ အဒေါ်ကြီး တစ်ယောက်က “ဟဲ့..နင် အခုမှ နိုင်ငံခြားက ပြန်လာတယ်ဆို။ AIDS စစ်ပြီးသွားပြီးလား။ ဟိုဘက်လမ်းက သီဟတစ်ယောက်တော့ မလေးရှားက ပြန်လာတာ ဆေးစွဲပြီး AIDS ကူးလာလို့” တဲ့။ ကျွန်တော် ဘာပြန်ပြောလို ပြောရမှန်း မသိအောင် ဖြစ်သွားတယ်။ သူတို့ အသိုင်းအ၀ိုင်းမှာက ဒီလို လူတွေများတော့ ကျွန်တော်ကို ဒီလို လာမေးတာ သူ့အတွက်တော့ မဆန်းပါဘူး။ ကျွန်တော်ကလည်း ဒီလို ရပ်ကွက်ထဲမှာ နေတာကိုး။

ကျွန်တော် ကျွန်မတို့သည်၊ http://wesheme.blogspot.com/2008/11/first-impression-on-foreign-countries.html နိုဝင်ဘာ ၁

ဒီလိုနဲ့ ဂျပန်လေဆိပ်ကိုရောက်ပါရော… မြန်မာပတ်စပိုစ့်ဆိုတော့ နဲနဲကြာကြာတော့ ကြည့်ခံရတာပေါ့နော်.. ဒါကလဲ ရိုးနေပါပြီ.. မြန်မာဖြစ်ရခြင်းရဲ့ အထူးအခွင့်အရေးတွေလေ.. သူများထက်စစ်ခံရတာ..

မဗေဒ၊ http://mabaydar.blogspot.com/2008/11/blog-post_16.html နိုဝင်ဘာ ၁၆

ယနေ့ကာလမျိုးတွင် ဆယ်ကျော်သက် အမျိုးသမီးငယ်ကလေးများ၊ တနည်းအားဖြင့် မျိုးဆက်သစ် မိန်းကလေးငယ်များကို နေ့စဉ် သနပ်ခါးသွေးလိမ်းဖို့ စည်းရုံးဆဲဆောင်ရမည့် အရေးမှာ လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်လှပါသည်။

နိုင်မင်းဝေ၊ ကျော်ဇေယျာထွန်း၊ ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန် စီးပွားရေး သတင်းမဂ္ဂဇင်း

ခရီးသွားဆောင်းပါးရေးတာ ဓာတ်ပုံကောင်းတပုံ အမိအရ ရိုက်ရတာနဲ့ ဆင်ဆင်တူတယ်။ တချို့ဓာတ်ပုံကောင်းတွေက တဒင်္ဂ၊ လျှပ်တပြက်အတွင်း ခလုတ်တချက် အမိအရ နှိပ်လိုက်နိုင်မှ ရလိုက်တာမျိုး။

ခရီးသွားဆောင်းပါး ရေးတာကလည်း ခရီးသွားနေစဉ်မှာ အာရုံခံစားမှုတွေ နိုးကြား လတ်ဆတ်နေဖို့ လိုပြီး တွေ့ကြုံခံစားရချက်တွေကို မှတ်မှတ်ရရ မှတ်သား သိုမှီးနိုင်ပါမှ တော်ရုံကျမယ်။

ညီပုလေး၊ စိမ်းလန်းတဲ့တောင်ကုန်း၊ မြင့်မားတဲ့တောင်တန်း၊ နိုဝင်ဘာ ၂၀၀၈

မြန်မာရနံ့ပန်းချီဆိုတာ မြန်မာပန်းချီကားတွေ မြန်မာဆန်ဆန်ရေးဆွဲဖို့ကို ဆိုလိုပါတယ်.. မြန်မာဆန်တယ် ဆိုတာလည်း ရှေးပုဂံခေတ် အင်းဝခေတ်ပန်းချီတွေလို ရေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး.. ပန်းချီကားကို မြင်တာနဲ့ ဒါမြန်မာပန်းချီပဲလို့ သိသာစေတာမျိုးကို ဆိုလိုပါတယ်.. ဂျပန်ပန်းချီ တရုတ်ပန်းချီတွေဆို ပန်းချီကားကိုမြင်တာနဲ့ သူတို့မှန်းသိသာအောင်ပဲ ဂျပန် တရုတ် အငွေ့အသက် ရနံ့တွေပါနေတယ်.. အဲလိုသိသာတဲ့ အဓိကအချက်ကတော့ ဟန်.. အရောင်နဲ့ အပြင်အဆင်တွေပဲ.. ဒါတွေကို မူပိုင်ရယူထားရမှာပါ..

နန်းညီ၊ http://www.random-random.co.cc/2008/11/blog-post_13.html

ကြေးမုံဦးသောင်း (ဆရာအောင်ဗလ) က ကျနော်တို့ ကာတွန်းတွေကို ရန်ကုန်သတင်းစာကာတွန်းတွေနဲ့ အလဲအလှယ် သုံးကြဖို့ စနစ်၊ ဆင်ဒီကိတ်စနစ်လုပ်ဖို့တောင် အကြံပြုပါသေးတယ်။ အဲဒီစနစ်ကတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ခုချိန်ထိလည်း မလုပ်ဖြစ်ကြသေးပါဘူး။ အလွန်ကျင့်သုံးသင့်တဲ့စနစ်ပါ။ ဒီကနေ့ခေတ် မဂ္ဂဇင်းပါ ကာတွန်းတွေကို ဆင်ဒီကိတ်စနစ်နဲ့ သုံးကြရင် ကာတွန်းပညာရှင်တွေလည်း အကျိုးပိုပြီးတော့ ခံစားကြရမယ်။ မဂ္ဂဇင်းတွေလည်း အကုန်အကျ သက်သာပြီး လက်ရာများများ ဖော်ပြနိုင်ကြမှာ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်အတွက်လည်း အများကြီး ဖတ်ခွင့်ရကြမယ်။ အဘက်ဘက်က အကျိုးများတဲ့ စနစ်ဖြစ်ပါတယ်။

ဝင်းဖေ၊ ၀င်းဖေလွယ်အိတ် အစီအစဉ်၊ ဘီဘီစီ မြန်မာဋ္ဌာနထုတ်လွှင့်ချက်၊ နိုဝင်ဘာ ၁၅

နိုင်ငံမှာ အရေးကြီးတဲ့ ကဏ္ဍတွေမှာ ပါဝင်လုပ်ဆောင်ရမယ့် အညွှန့်အဖူးလူငယ်တွေဟာ သူတို့လုပ်ဆောင်ရမယ့်အလုပ်တွေကို မလုပ်နိုင်ဘဲနဲ့ ဒီလို ထောင်တွင်းအကျဉ်းချခြင်းခံနေရတာဟာ ကျမတို့ ဒီမိုကရေစီလိုလားသူတွေ ချည်းပဲ နစ်နာတာ မဟုတ်ပါဘူး။ အကုန်လုံး အညွှန့်ချိုးခံရခြင်းဖြစ်ပါတယ်။ နိုင်ငံနဲ့အဝန်း တနိုင်ငံလုံးကို အညွှန့်ချိုးခံနေရတယ်။

ဒေါ်လဲ့လဲ့၊ အမျိုးသမီးလုပ်ငန်းအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီဗွီဘီ၊ နိုဝင်ဘာ ၁၁

သုဝဏ္ဏဘူမိ၊ သုဝဏ္ဏဘုမ္မိ မည်သို့ပင် စာလုံးပေါင်းစေကာမူ သုဝဏ္ဏဘုမ္မိ ဘယ်အရပ်မှာ ရှိသလဲ … … ” ” ဆရာကြီးဒေါက်တာသန်းထွန်းက ပုဂံခေတ်နိုင်ငံရေးသမိုင်း စာအုပ်ထဲတွင် ပဲခူးကလျာဏီသိမ် ကျောက်စာထဲ၌ သုဝဏ္ဏဘူမိဟူသည် တိုက်ကုလားမြို့ ဟု ရေးထိုးထားကြောင်း၊ ဇဗ္ဗူဒီပ ဦးဆောင်းကျမ်းထဲ၌မူ ဇင်းမယ် ဟု ဖော်ပြထားကြောင်း၊ ထိုင်းတို့ကမူ သုဝဏ္ဏဘူမိသည် ပရပထာမ် ဟု ယူဆကြပြီး မော်လမြိုင် တောင်ပေါက်ဆရာတော်က ပါဠိ အဋ္ဌကထာဋီကာများ ဖတ်ကာ စူမားတြားကျွန်းနှင့်တကွ ဂျာဗား၊ ဘာလီ၊ ဘိုနီယို၊ မာလာယု၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့်တကွ မြန်မာနိုင်ငံအောက်ပိုင်း ရာမညဒေသ ဖြစ်သင့်သည်ဟု ဆိုကြောင်း ဖော်ပြထားခဲ့ပါသည်။

ဆရာကြီးဒေါက်တာသာလှကမူ ‘မြန်မာရာဇ၀င်၊ မွန်ရာဇ၀င်၊ သထုံရာဇ၀င် နှင့် အစဉ်အဆက် မှတ်တမ်းများ၌ တွေ့ရသော သုဝဏ္ဏဘူမိဟူသည် အစဉ်အဆက် မှတ်သားလာခဲ့သော စွဲလမ်းမှု သက်သက်သာ ဖြစ်ကြောင်း၊ သုဝဏ္ဏဘုမ္မိဟူသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အနောက်စူးစူး ကီလိုမီတာ ၆၀ ခန့်အကွာရှိ နချန်ယထုံမြို့ဟောင်းသာလျှင် ဖြစ်နိုင်ကြောင်း‘ တင်ပြခဲ့ဖူးပါသည်။

မွန်သုတေသီ နိုင်ခင်မောင်လေးကမူ သုဝဏ္ဏဘုမ္မိ ဟူသည်မှာ သထုံပါပဲ ဟု ဆိုပါသည်။

ညွန့်သောင်းစီ၊ ပန်းအင်္လကာမဂ္ဂဇင်း၊ နိုဝင်ဘာ




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts