>Khin Myo Chit – What Jataka teach us

>

အစဉ်ခေတ်မှီနေသော ငါးရာ့ငါးဆယ်

ခင်မျိုးချစ်

နိုဝင်ဘာ ၃၀၊ ၂၀၀၈

ငါးရာ့ငါးဆယ်နိပါတ်တော် ၀တ္ထုများကို ကလေးဘ၀ကမိဘဘိုးဘွားခွင်ထက်မှာ ကြားနာခဲ့ကြရတယ်။ စေတီပုထိုးများမှာပန်းချီပန်းပုများနှင့် သရုပ်ဖော်ထားတာတွေကို မြင်ခဲ့ရတယ်။ ကလေးဘ၀တွင် အငြီးပြေသဘောလောက်သာမက လူ့ဘ၀တလျှောက်လုံး အသုံးဝင်သည့် အတွေးအခေါ် သဘောတရားတွေပါနေတာကိုလည်း ကြာလေ ကြာလေ သဘောပေါက်မိပါတယ်။ ၅၅၀နိပါတ်တော် ဦးဆုံးအစဖြစ်တဲ့ ဧကနိပါတ်ရဲ့ ပထမဇာတ်ဝတ္ထုကို တင်ပြလိုပါတယ်။


ဇာတ်လမ်းကတော့ မဆန်းလှပါဘူး။ လှည်းကုန်သည် ၅၀၀ အစု နှစ်စုတို့ ကန္တာရခရီး ဖြတ်ပြီး ကုန်ရောင်းကုန်ဝယ် သွားကြတဲ့ အကြောင်းပါဘဲ။ အုပ်စု နှစ်စု ဘယ်သူက အလျင်ရှေ့က သွားမလဲဆိုတာ ညှိကြတယ်။ ပညာရှိ လှည်းကုန်သည်က နောက်မှသွားဘို့ ဆုံးဖြတ်တယ်။ လူမိုက် လှည်းကုန်သည်က ရှေ့ကသွားမယ်လို့ ဆိုတယ်။ လှည်းကုန်သည် နှစ်ဦးရဲ့ အတွေးအခေါ် ယူဆပုံကလည်း အတော် စိတ်ဝင်စားစရာ ကောင်းပါတယ်။


လူမိုက် လှည်းကုန်သည်က ဒီလို တွေးတယ်။ ရှေ့က သွားရင် လမ်းတွေ မပျက်စီးသေးဘူး လမ်းကောင်းကောင်းက သွားရမယ်။ နွားတွေလည်း တခြားနွားတွေ မစားသေးတဲ့ မြက်ဦးကို စားရမယ်၊ လူတွေလည်း သူတပါးမခူးသေးတဲ့ ဟင်းရွက်ဦးကို စားရမယ်၊ ရေအိုင်တွေလည်း သူတပါး မခပ်သေးကြတာမို့ ကြည်လင် သန့်ရှင်းမယ်၊ မြို့ပြထဲရောက်တဲ့အခါလည်း ဈေးက ဈေးရောင်းသွားကြတဲ့ ကုန်တွေကို ဈေးတင်ပြီး ကိုယ်ကြိုက်တဲ့ဈေးနှင့် ရောင်းနိုင်မယ်။ အဲသလိုတွေးပြီး သူရှေ့က အလျင်သွားမယ်လို့ ဆိုတယ်။


ပညာရှိ လှည်းကုန်သည်က ခုလို တွေးတယ်။ ရှေ့က သွားတဲ့ လှည်းကုန်သည်တွေက လမ်းမကောင်းရင် ပြင်ဆင်ကြလိမ့်မယ်။ မညီညာရင်ဖို့ကြလိမ့်မယ်၊ ဒီတော့ တို့တတွေ လမ်းကောင်းကောင်း သွားရလိမ့်မယ်၊ ရှေ့ကသွားတဲ့ နွားတွေဟာ မြက်ကြမ်းကို စားကြရမယ်၊ နောက်ကလာတဲ့ နွားတွေက တဖန်တက်လာတဲ့ ရွက်နုကို စားရလိမ့်မယ်။ ရှေ့ကသွားတဲ့သူတွေ ကရေမရှိရင် တူးသွားကြမှာပဲ၊ ဒီတော့ တို့တတွေ ရေ အသင့် ရမှာပေါ့၊ မြို့ပြကိုရောက်လို့ ဈေးရောင်းရာမှာလည်း ရှေ့က ကုန်သည်များက ဈေးတင်ပြီးဖြစ်လို့ အထူးဈေးမဆိုရဘဲ အလွယ်တကူ ရောင်းရလိမ့်မယ်။ အဲသလို တွေးပြီး နောက်မှသွားဖို့ သဘောတူတယ်။



ဒီနေရာမှာ လှည်းကုန်သည် နှစ်ဦး တွေးပုံက လုံးလုံးလျားလျား မှားတယ်လို့ မဆိုနိုင်ဘူး။ ပထမ လှည်းကုန်သည် တွေးသလို ဆိုလည်း ဖြစ်နိုင်တာဘဲ။ ဒါပေမယ့် ဒုတိယ လှည်းကုန်သည်က ပညာရှိတော့ ငါ အလျင် ရှေ့ကသွားမယ်လို့ဆိုရင် စကားများကြမှာပဲ၊ ငြင်းခုန်ရမှာပဲ၊ ဒီတော့ အချိန်ကုန် လူပင်ပန်းခံပြီး စကား အရေးဆို မနေတော့ဘဲ နောက်မှပဲ လိုက်ခဲ့မယ် လို့ သဘောတူလိုက်တယ်။ ပြီးတော့လည်း လှည်းကုန်သည်အုပ်စုသွားပြီး ရက် အတော်ကြာမှ နောက်က လိုက်ခဲ့တယ် ဒါမှ သူတွေးတဲ့အတိုင်း ရှေ့လူတွေ ခူးသွားတဲ့ သစ်ပင်နွယ်ပင် နောက်သစ်ရွက်ဖူးတွေ တက်လာမယ်ပေါ့။


ဒီကိစ္စမှာ သင်ခန်းစာယူစရာက အရေးမကြီးတဲ့ကိစ္စမှာ အချင်းချင်း အငြင်းမပွားကြဘဲ လိုက်လျောသင့်တဲ့အခါမှာ လိုက်လျောရမယ်။ ပြီးတော့ အချိန်ကာလ ဆိုင်းငံ့ပြီး ကိုယ့်အတွက် အကျိုးရှိအောင် လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်၊ စိတ်ရှည်ဘို့၊ သဘောထားကြီးဘို့ဒီဝတ္ထုက ညွန်ပြ သွန်သင်လိုက်တာပါပဲ။ ကဲ ဇာတ်လမ်းဆက်ကြဦးစို့။


ပထမ လှည်းကုန်သည်အုပ်စုဟာ ရေမရှိတဲ့ ကန္တာရအနီး ရောက်လာကြတယ်။ သူတို့ခရီးစဉ်အတိုင်း အဲဒီအရပ်ကို ဖြတ်သွားမှာကို သိကြလို့ လှည်းပေါ်မှာ ရေအိုးတွေ တင်လာကြတယ်။ အဲဒီနေရာမှာ လူသားစားဘီလူးတွေက လူရဲ့အသွင်အပြင်ကို ယူကြပြီး လှည်းယာဉ် စီးလာကြတယ်။ သူတို့ကိုယ်မှာ ရေတွေစိုရွှဲ နေကြတယ်။ ကြာနီကြာဖြူတွေ ပန်ထားကြတယ်။ ကြာစွယ်ကြာခိုင်တွေကို စားလာကြတယ်။ သူတို့လာခဲ့တဲ့ အရပ်မှာ ရေ အလွန် ပေါတယ် ဆိုတာကို မြင်ရသူစိတ်မှာ ယုံကြည်သွားအောင် လုပ်ကြတယ်။


လှည်းကုန်သည်တွေအုပ်စုနဲ့ ရင်ဆိုင်တြွေ့ကတော့

“ရေတွေ ဒီလို အလေးခံယူဘို့ မလိုဘူး”

အစရှိသည်ဖြင့် ပြောကြတယ်။ ရေအိုးတွေ ခွဲ ရေတွေသွန်ပြီး ပေါ့ပေါ့ပါးပါး သွားကြပါတော့ပေါ့ လို့ ဆိုတယ်။

ဒီစကားကို လှည်းကုန်သည်ခေါင်းဆောင်က ယုံကြည်ပြီး သူ့လှည်းသားတွေ ရေတွေ စွန့်၊ ရေအိုးတွေ ခွဲခိုင်းတယ်။ လူတွေကလည်း ၀န်ပေါ့တာပဲ ဆိုပြီး အားရ၀မ်းသာ လုပ်ကြတော့တာပေါ့။ ခရီး ဒီလိုနှင့် ဆက်တော့ ရေက မတွေ့ဘူး၊ နွားတွေလည်း ရေမတိုက်ရ၊ လူတွေလည်း ရေမသောက်ရ၊ ထမင်းဟင်းမှ ချက်လို့မဖြစ်တော့ အစားအစာ ငတ်ပြီး နွမ်းလျကုန်တာပေါ့။ နွားတွေလည်းသေ လူတွေလည်း ချိကုန်တယ်။


သူတို့လူစုက လှည်းသား ငါးရာတောင်ရှိတာပဲ။ ကာကွယ်ရေးအတွက် လက်နက်တွေလည်း ပါတယ်။ ဘီလူးတွေက အလွန်ဆုံး ဆယ့်သုံး လေးယောက်လောက် ရှိတာဆိုတော့ … လူတွေကို ငတ်ပြတ် အားအင်ကုန်ခန်းအောင် လုပ်ပြီးမှ ၀င်စီးတော့တာပေါ့။ သူတို့စခမ်း တွေ့တဲ့နေရာမှာ ကုန်ဝန်စည်စလည် အပြည့်နှင့် လှည်းတွေပဲ ကျန်တော့တယ်။ လူအရိုးတွေလည်း စုပုံနေတော့တယ်။


ပညာရှိကုန်သည်နှင့် အပေါင်းအပါတို့က နောက် ၁ လခွဲလောက် ကြာမှ နောက်က လိုက်လာကြတယ်။ လူနေမြို့ပြလွန်လို့ ကန္တာရထဲ ရောက်တာနဲ့ ဘီလူးတွေက အရင်ကနည်းအတိုင်း ဖြားယောင်းကြပြန်တယ်။ ဒီတော့ ခေါင်းဆောင်လှည်းကုန်သည်က သူ့နောက်လိုက်တွေနဲ့ အခုလို အချီအချ ပြောကြတယ်။


မေး။ ။ အသင်တို့သည် ဤအရပ်ခရီး၌ အိုင် သို့မဟုတ် လေးထောင့်ကန်ရှိတယ်လို့များ သူများပြောစကား ကြားဖူးကြသလား။

ဖြေ။ ။ မကြားဘူးပါ။

မေး။ ။ ယခု ငါတို့နှင့် တွေ့ရတဲ့လူတွေက ပြောတယ်၊ ဒီတောက လွန်ရင် မိုးရွာသတဲ့။ မိုးသက်လေ ဆိုတာ ဘယ်လောက်ဝေးဝေးက လာသလဲ။

ဖြေ။ ။ တ ယူဇနာ ဝေးတဲ့အရပ်က လာပါတယ်။

မေး။ ။ သင်တို့ရဲ့ ကိုယ်ကို မိုးသက်လေ အမှတ်မဲ့ တိုက်ခတ်မိကြသလား။

ဖြေ။ ။ မတိုက်ခတ်မိပါ။

မေး။ ။ မိုးတိမ်ညွန့်ကို ဘယ်လောက်ဝေးဝေးက နေပြီး မြင်နိုင်သလဲ။

ဖြေ။ ။ ၃ ယူဇနာက နေပြီး မြင်ရပါတယ်။

မေး။ ။ မင်းတို့လူစုထဲက တယောက်တလေများ မိုးတိမ်များ မြင်မိကြသလား။

ဖြေ။ ။ မမြင်မိပါ။

မေး။ ။ မိုးသံကို ဘယ်လောက် ဝေးတဲ့ကနေ ကြားရသလဲ။

ဖြေ။ ။ တ ယူဇနာလောက်ကနေ ကြားရပါတယ်။

မေး။ ။ သင်တို့လူစုထဲက တယောက်ကများ မိုးသံ ကြားမိကြသလား။

ဖြေ။ ။ မကြားမိပါ။


ဒီတော့ ခေါင်းဆောင် လှည်းကုန်သည်က သူ့လူတွေကို ရေတွေ မသွန်ပစ်ဖို့ပြောတယ်။ ရေပေါပေါများများရဖို့ ကန် ချောင်း မျက်မြင်တွေ့မှသာ ရေကို သွန်ရမယ်ပေါ။့ ပြီးတော့ သူတို့နှင့် တွေ့တဲ့လူတစုဟာ မရိုးသားဘူး၊ အကောက်ကြံတာပဲ ဖြစ်ရမယ်၊ အစာရေစာ ငတ်ပြတ် အားအင်ကုန်တဲ့အခါမှာ အလစ်ဝင်စီးမှာ သေချာတယ်၊ ဒီတော့ ဒီနေရာက ဝေးအောင် လျှင်လျှင်မြန်မြန် လှည်းတွေ မောင်းစေတယ်။ သိပ်ပြီး မသွားလိုက်ရပါဘူး။ ရှေ့က လှည်းကုန်သည်တွေရဲ့အဖြစ်ကို အထင်အရှား မြင်ကြရတော့တာပဲ။ အရိုးတွေ တောင်လို ပုံနေတာ တွေ့ကြရတယ်။


ဒီတော့ ညဥ့်အချိန် စခမ်းချတဲ့အခါမှာ လူတွေ လက်နက်ကိုင်စွဲပြီး အလှည့်ကျ စောင့်ရှောက်စေတယ်။ နံနက် စောစောထ ကိစ္စပြီးစေတယ်။ သူတို့လှည်းတွေထဲက ကျိုးပဲ့တဲ့ လှည်းတွေကို ရှေ့ကသွားတဲ့ ကျန်ရစ်ခဲ့တဲ့သူတွေရဲ့ခိုင်ခန့်တဲ့ လှည်းတွေနှင့် လဲယူတယ်။ ဥစ္စာပစ္စည်းတွေကို အဖိုးထိုက်တာတွေယူပြီး ကိုယ်မှာပါလာတဲ့ အဖိုးမတန်တာတွေကို ၀န်ပေါ့အောင် ချထားခဲ့ကြတယ်။


အဲသည်လို စီမံပြီး လူနေမြို့ပြပြည်ရွာတွေလှည့်ပြီး ကုန်များ ရောင်းကြတယ်။ အမြတ်အစွန်းလည်း ၂ ဆ ပိုရကြတယ်။ ကိစ္စပြီးတော့ ချမ်းချမ်းသာသာနှင့် ကိုယ့်အရပ်ကို ပြန်ကြတယ်။ ဒီတော့ ပညာဉာဏ် အဆင်ခြင်နှင့် ပြည့်စုံတဲ့ ခေါင်းဆောင်မှုကို ရတဲ့သူတွေမှာ ဘေးကင်း ရန်ကင်းပြီး ချမ်းသာကြရတယ်။


၅၅၀ နိပါတ် ၀တ္ထုတိုင်းမှာ ခေတ်ကာလမရွေး နေရာမရွေး နှလုံးသွင်းအပ်တဲ့ စည်းကမ်းတွေ ပါ ပါတယ်။ ဘယ်တော့မှ ခေတ်မမှီဘူးဆိုတာ မရှိပါဘူး။ မြန်မာလူမျိုးများအဖို့ ၅၅၀ နိပါတ်တော်တွေဟာ တကယ် အားကိုးရာဖြစ်လို့ သားစဉ်မြေးဆက် သိမ်းပိုက်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts