>blog to YouTube

>

ဘလော့ဂ်မှတဆင့် ယူကျုဆီသို့
မိုင်မြစ်ကြီးနား
နိုဝင်ဘာ ၂၅၊ ၂၀၀၈
ဂျော်ဒန်နိုင်ငံရဲ့ ဘုရင်မ Queen Rania of Jordan


အင်တာနက် သတင်းဆက်သွယ်မှုခေတ်ကြီးမှာ ဘလော့ဂ်(blog) ကို ၁၉၉၉ နှစ်လောက်မှာ စတင် အသုံးပြုခဲ့ကြပါတယ်။ အရှိန်အဟုန်နဲ့ တနေ့တခြား တိုးများလာတဲ့ ဘလော့ဂ်တွေကနေတဆင့် ဒိုင်ယာရီ၊ ကဗျာ၊ ၀တ္ထု၊ ကာတွန်း၊ သတင်း၊ အတင်း၊ ဓာတ်ပုံ၊ နောက်ဆုံး ဘာပဲရေးချင်
ရေးချင် လွယ်ကူစွာနဲ့ စာဖတ်သူတွေဆီ ကမ္ဘာအနှံ့ စက္ကန့်ပိုင်းအတွင်း ရောက်စေနိုင်ခဲ့ပါပြီ။

လူတချို့ကလည်း ကိုယ်ပြောချင်တာတွေကို ဘလော့ဂ်မှာ စာရေးပြီးဖော်ပြရတာထက် ၂ မိနစ် ၃မိနစ်ကနေ ၁၀ မိနစ်ခန့်ကြာတဲ့ ဗီဒီယိုအပိုင်းတိုကို ဖန်တီးလာပြီး အင်တာနက်ကနေ ဖြန့်ပါတယ်။ ၂၀၀၅ နှစ်မှာ အဲဒီလို ဗီဒီယိုအပိုင်းတိုလေးတွေကို အင်တာနက်ကနေ အခမဲ့ လွှင့်တင်ပေးတဲ့ ယူကျု(You Tube) ဆိုတာ ထွက်ပေါ်လာပါတယ်။ သုံးရအလွန်လွယ်တယ်၊ အင်တာနက်ရှိရင် ဆဲလ်ဖုန်း သို့မဟုတ် ဒစ်ဂျစ်တယ် ကင်မရာလောက်နဲ့ဆို ဗီဒီယို ဖန်တီးလို့ရပါတယ်။ ဒါကြောင့် ယူကျုထွက်လာပြီး နေ့ချင်းညချင်း လူကြိုက်များလာတယ်။ အခုဆိုရင် ယူကျုမှာ တနေ့ ဗီဒီယို ၆၅၀၀၀ ခန့် တင်နေပါတယ်။ ၂၀၀၈ နှစ် ဇန်န၀ါရီ တလတည်းမှာ လူပေါင်း ၇၉ သန်းလောက်က ယူကျုမှာတင်ထားတဲ့ ဗီဒီယိုတွေကို အကြိမ်ပေါင်း ၃ ဘီလံယံခန့် လာကြည့်တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီက စီအင်အင်(CNN) ထုတ်လွှင့်တဲ့ စကားစစ်ထိုးပွဲ(presidential debate) မှာ သာမာန်အရပ်သားတွေကို ယူကျုကနေတဆင့် ကြိုက်ရာမေးခွန်းမေးခွင့်ပေးခဲ့ပြီး သမ္မတ ၀င်အရွေးခံမယ့်သူတွေကို ဖြေခိုင်းခဲ့ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အလွတ်လပ်ဆုံးနဲ့ ဒီမိုကရေစီ အဖြစ်ဆုံး စကားစစ်ထိုးပွဲ ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ ယူကျုရဲ့ ပထမဆုံးသော You Tube Live ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲဟာ ဂီတဖျော်ဖြေမှုတပိုင်းနဲ့ အခြားထူးခြားတဲ့ ပြပွဲအစီစဉ်တွေ ပါဝင်ပြီး ပြသမှုတွေအားလုံးကို ယူကျုမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ယူကျုထဲကနေ ထင်ပေါ်ကျော်ကြားလာတဲ့ ဗီဒီယိုဖန်တီးသူတွေကို အထူးဧည့်သည်အဖြစ် ဖိတ်ခေါ်ပါတယ်။ သူတို့ရဲ့ ဖန်တီးမှုအသစ်တွေကို ပြသစေခဲ့ပြီး တကမ္ဘာလုံးက တချိန်တည်း ယူကျုထဲမှာ ကြည့်ရှုနိုင်ခဲ့ပါတယ်။

ယူကျုလိုက်ဖ်မှာ လူအများ အထူးနှစ်သက်တဲ့ အစီစဉ်တခုကတော့ ဆန်ဖရန်စစ္စကို မြို့တော်ဝန် ဂါဗင်းနယူဆန် (Gavin Newsom) ကိုယ်တိုင် စင်ပေါ်မှာ You Tube Visionary ဆုကို ပေးအပ်တဲ့အစီအစဉ် ဖြစ်ပါတယ်။ အဲဒီဆုကို ဂျော်ဒန်နိုင်ငံရဲ့ ဘုရင်မ Queen Rania of Jordan က ရရှိပါတယ်။ သူမဟာ ၂၀၀၈ နှစ် ဧပြီမှာစပြီး ယူကျုကနေ ဗီဒီယိုအစီစဉ်တခု တင်ခဲ့ပါတယ်။ အစီစဉ်ကတော့ အာရပ်လူမျိုး၊ မူဆလင်တိုင်းပြည်တို့နဲ့ ပတ်သက်တဲ့ မေးခွန်းတွေမေးနိုင်ပြီး ပြန်လည်ဖြေဆိုပေးတဲ့ အစီစဉ် ဖြစ်ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ အာရပ်နဲ့မူဆလင်တိုင်းပြည်များအပေါ် အမေရိကန်ပြည်သူများရဲ့ လွှဲမှားနေတဲ့ အမြင်ယူဆချက်များကို ဖယ်ရှားနိုင်ဖို့၊ နောက်ပြီးတော့ အမေရိကန်နဲ့ အာရပ်နိုင်ငံများ အကြား ချစ်ကြည်ရေး ပေါင်းကူးတံတား တည်ဆောက်သွားပေးဖို့ ဖြစ်ပါတယ်။

ဆုကို သူမကိုယ်တိုင် လာရောက် မယူနိုင်ခဲ့ပေမဲ့ သူမ ကြိုတင်ပြင်ဆင်ထားတဲ့ ဗီဒီယိုကို ပြသပေးခဲ့ပါတယ်။ သူမက အောက်ပါအတိုင်း ပရိသတ်တွေကို ပြောပါတယ်။

” သံသယရှိမှု၊ သည်းခံခြင်းမရှိမှု၊ အယုံအကြည်ကင်းမှု တို့ဟာ ကျမတို့ကို ခွဲခြား စည်းခြားထားနေပါတယ်။ ဒါကြောင့် လူတွေသိချင်တဲ့ အာရပ်နိုင်ငံများ အကြောင်းတွေကို အမေးအဖြေလုပ်ဖို့ ယနေ့ လူသန်းပေါင်းများစွာ အသုံးပြုနေတဲ့ ယူကျုကတဆင့် တင်ပြတာပါ . . .

ကျမတို့ဟာ များများနားထောင်လေလေ ဗဟုသုတ ပိုတိုးပွားလာမယ်၊ များများဖလှယ်လေလေ တဦးနဲ့တဦး ပိုနားလည်လာမယ်လို့ ယုံကြည်ပါတယ်။
ယူကျုကနေ ကျမတို့ ဖော်ပြချင်တာတွေ၊ ပြောချင်တာတွေကို လူတွေအားလုံးသိအောင် ဗီဒီယိုနဲ့ ပြသလို့ရပြီး ကျမတို့ဟာ အသိ ဉာဏ်တွေ တိုးပွားလာမယ်၊ ကျမတို့အကြား ခြားနားမှုတွေ နည်းသွားလိမ့်မယ် . . .

ဗီဒီယိုကနေ ကမ္ဘာကြီးကို ပြောင်းလဲအောင်လုပ်နိုင်တယ်လို့ ကျမ မဆိုလိုပါဘူး၊ ဒါပေမဲ့ လူတွေရဲ့ အတွေးအခေါ်တချို့ကို ပြောင်းလဲစေနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ယူကျုရဲ့ တကယ့်အသုံးဝင်မှုက အဲဒီအတွက်ဖြစ်ပါတယ် . . . “အယ်လ်ဂျာဇီးယား [ Al Jazeera ]ရဲ့ မြန်မာနိုင်ငံ၊ နာဂစ်မုန်တိုင်းသတင်းတပုဒ်။ အပျော်တမ်းသမားတွေတင်မကပါဘူး၊ အယ်လ်ဂျာဇီးယား သတင်းဌာနကြီးကိုယ်တိုင် သူ့ရဲ့ရုပ်မြင်သံကြား အစီအစဉ်တွေကို အင်တာနက်မှာ တင်ဖို့အတွက် ယူကျုကိုပဲ အားကိုးရပါတယ်။
www.youtube.com မှာ burma ဆိုတဲ့စကားလုံးကို ရိုက်ထည့်ပြီး ရှာရင် တင်ထားတဲ့ ဗွီဒီယိုကလစ်ပေါင်း နှစ်သောင်းကျော်၊ myanmar ဆိုရင် တသောင်းကျော် တွေ့နိုင်ပါတယ်။

မြန်မာတွေထဲမှာ ဘလော့ဂါတွေတော့ ရာချီထောင်ချီ ရှိနေပါပြီ၊ ရသမျိုးစုံ၊ အကြောင်းအရာမျိုးစုံကို သူတို့ရဲ့ ဘလော့ဂ်များမှာ တွေ့နိုင်ပါတယ်။ ရေမြေခြားနေပေမဲ့လည်း ၀ါသနာတူရာ၊ ရည်ရွယ်ချက်တူရာတွေ ဘလော့ဂ်မှာ လာဆုံကြပါတယ်၊ ဆွေးနွေးဖလှယ်ကြတယ်၊ စည်းရုံးကြတယ်၊ ကူညီကြတယ်။ ယူကျုကို အသုံးပြုသူတွေတော့ နည်းသေးတယ်လို့ထင်ပါတယ်၊ အများစုကတော့ သတင်း၊ မြန်မာသီချင်း၊ ရုပ်ရှင်တွေလောက်သာ တင်ထားကြပါတယ်။

ဘလော့ဂ်လိုပဲ ယူကျုကို အသုံးပြုပြီး လွတ်လပ်စွာ ဖော်ပြတင်ပြချင်တာတွေကို ကမ္ဘာအနှံ့မှာရှိတဲ့ မြန်မာတွေထဲကိုရောက်အောင် ပို့ဆောင်ပေးမယ့် မြန်မာယူကျုသမား များစွာ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts