>Nay Phone Latt

>

နေဘုန်းလတ် သို့မဟုတ် ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်

သန်းစိုးလှိုင်

နိုဝင်ဘာ ၂၄၊ ၂၀၀၈

ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်ဆိုတဲ့ အင်တာနက် ဘလော့ဆိုက်ကို မကြာမကြာ ဝင်ကြည့်မိတယ်။ ဒါဟာ ဘာနဲ့ တူသလဲ ဆိုတော့ သော့ပိတ်ထားတဲ့ အိမ်ခန်းကို အိမ်ရှင်ဘယ်တော့ ပြန်လာမလဲ ဆိုတာကို သိချင်တဲ့သဘောနဲ့ မကြာမကြာ အိမ်ရှေ့နား မယောင်မလည် လာကြည့်မိတာနဲ့ သဏ္ဍန်တူနေပါတယ်။ အိမ်ရှင်ပြန်လာတာတော့ မတွေ့ရဘဲ အိမ်တံခါးဝမှာ အိမ်အပြင်ဘက်မှာ သူ့ကိုနှုတ်ဆက်ဂုဏ်ပြုကြတဲ့ သူ့သူငယ်ချင်းတွေ၊ ဘလော့ဂါမိတ်ဆွေတွေက စာရေးပြီး ထားခဲ့တာတွေပဲ တွေ့မြင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ အိမ်ရှင်ပြန်မလာနိုင်သေးတဲ့အပြင် အိမ်ရှင်ကို ရက်စက်တဲ့ စစ်အစိုးရက အနှစ်နှစ်ဆယ် ခရီးထွက် ခိုင်းလိုက်ပါတယ်။ ကိုနေမျိုးကျော် (ဘလော့နာမည် ကိုနေဘုန်းလတ်)

သူ့အိမ်လေးကို သူပြန်လာကြည့်ခွင့် နှစ်အတန်ကြာရမှာ မဟုတ်တော့ဘူး လို့စဉ်းစားမိပြီး သွက်လက်တဲ့ အပြုံးရှင် ကိုနေမျိုးကျော်အတွက် စိတ်မကောင်းဖြစ်မိသလို မနှစ်က စက်တင်ဘာနဲ့ ပတ်သက်တဲ့သူတွေ အားလုံးကို အငြိုးတကြီးနဲ့ နှစ်ရှည် ထောင်ဒဏ်တွေချနေတဲ့ စစ်အစိုးရကိုလည်း ရွံမုန်းမိပါတယ်။ သူ့ကို အနှစ် ၂၀ ထောင်ဒဏ် စီရင်ပြီးတဲ့နောက်မှာ စစ်အစိုးရဟာ ရန်ကုန်မြို့နဲ့ဝေးရာ ဖားအံထောင်ကို အတင်းအဓမ္မ ခရီးထွက်ခိုင်းခဲ့ပါတယ်။ သူ့မိဘတွေက ထောင်ကျပြီးတဲ့နောက် သူ့ကိုတွေ့ဖို့ရာ ဖားအံမြို့အထိလိုက်သွားပြီး တွေ့ဆုံရတယ်လို့ သတင်းတွေထဲမှာ ကြားရပါတယ်။

သူ့ရဲ့ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် ရဲ့ အမှာစကား ဘောက်စ် (စီဘောက်စ်) မှာတော့ စီရင်ချက်ချပြီးတဲ့နောက် နှုတ်ဆက်စကား မှာခဲ့သူ၊ ဂုဏ်ပြုသူ၊ အားပေးသူတွေ ယနေ့မနက်ထိ ၅၁ ဦးလောက် ရှိနေတာ တွေ့ရပါတယ်။



ပေါလိုက်တဲ့ ထောင်ဒဏ်တွေ



သူ့လို ထောင်ဒဏ်နှစ်ရှည်ချခံရသူတွေ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော် အတွင်းမှာ တစ်ရာကျော်သွားပါပြီ။ အများစုကတော့ စက်တင်ဘာ ရွှေဝါရောင် အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၊ သံဃာ့တပ်ပေါင်းစု၊ တက်ကြွလှုပ်ရှားသူ အန်အယ်လ်ဒီ လူငယ် ပြည်ပမီဒီယာတွေကို ကူညီပံ့ပိုးသူတွေပါ။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တွေကို ၆၅ နှစ် ဆိုတဲ့ မတန်တဆ ထောင်ဒဏ်တွေချမှတ်ခဲ့တော့ မြန်မာနိုင်ငံထဲက သာမကပဲ ကမ္ဘာကပါ အံ့အားသင့် တုန်လှုပ်ခဲ့ကြပါတယ်။ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုကို ဦးဆောင် လှုံ့ဆော်ရုံနဲ့ လူသတ်၊ ဓားပြတိုက်တာ ထက်ကို ၅ ဆလောက် ထောင်ဒဏ်ချမှတ်နေပါလားလို့ မြန်မာရော ကမ္ဘာကပါ အံ့အားသင့်ခဲ့ကြတာပါ။ လူသတ်တဲ့ ဒါးပြတိုက်တဲ့သူတွေတောင် ၁၅ နှစ်လောက်ပဲ ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းသား ထောင်နဲ့ချီတဲ့ လွတ်ငြိမ်းချမ်းသာခွင့် မကြာခဏပေးကာ အပြင်ပြန်ရောက်လာနေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းမဖက်ဘဲ မေတ္တာသုတ်ရွတ်ဆို လမ်းလျှောက်တဲ့ သံဃာတွေကိုတော့ ၁၂ နှစ် ၃၅ နှစ်၊ ၆၅ နှစ်တွေ ချမှတ်နေတာဘာ ရည်ရွယ်ချက်လဲဆိုတာလဲ သိလိုလှပါတယ်။



ရယ်စရာ သို့မဟုတ် ဝမ်းနည်းဖွယ်ရာ နှစ်ရှည်ထောင်ဒဏ်



ရယ်စရာလို့သုံးနှုန်းလိုက်လို့ ထောင်ဒဏ်ချမှတ်ခံရ သူတွေရဲ့မိသားစုတွေကို စော်ကားသလို ဖြစ်သွားမှာ စိုးရပါတယ်။ အဲဒီသဘောမျိုး ဆိုလိုတာမဟုတ်ပဲ စစ်အစိုးရရဲ့ အမိန့်ချတဲ့ ထောင်နှစ်တွေဟာ အဓိပ္ပာယ် ရှိမရှိ ရှုဒေါင့်ကနေ ဆိုလိုတဲ့ သဘောသာဖြစ်ပါတယ်။



မြန်မာပြည်မှာလူတယောက်ရဲ့ ပျှမ်းမျှသက်တမ်းဟာ ၅၅.၇၉ နှစ်သာ ရှိပါတယ်။ အဲဒီလို ပျှမ်းမျှသက်တမ်း ၅၅ နှစ်သာ ရှိတဲ့ မြန်မာပြည်မှာ ထောင်ဒဏ် ၆၅ နှစ်ချမှတ်တယ်ဆိုတာ ဘာအဓိပ္ပာယ်ရှိပါသေးသလဲ လို့ မေးလိုကြမှာပါ။ အဖြေကတော့ ကြီးမားတဲ့ အကြောက်တရားနဲ့ နအဖ စစ်အာဏာရှင်စနစ် သက်တမ်းကို ဆွဲဆန့်ချင်လို့ပါပဲ။ ဒီလိုထောင်ဒဏ်နှစ် ၃၀၊ နှစ် ၆၀ ကျော်ကို ဘယ်သူမှလဲကျခံဖို့ အခွင့်အလမ်းမရှိသလို၊ နအဖ စစ်အစိုးရဘက်ကလည်း ဒီလိုနှစ်ရှည်တည်မြဲစရာ အကြောင်းအချက်တွေ မမြင်တွေ့ရပါဘူး။



မဆလ လက်ထက်မှာ ၆ လ၊ ၁ နှစ် အများဆုံး ၂ နှစ်သာ အမိန့်ချမှတ်လေ့ရှိတဲ့ အရေးပေါ်စီမံချက် အက်ဥပဒေဟာ နဝတ၊ နအဖ လက်ထက်မှာ အနည်းဆုံး ၃ နှစ်မှ ၅ နှစ်၊ ၇ နှစ်ထိ အမိန့်ချလေ့ရှိပါတယ်။ အဲဒီလိုပဲ နဝတနဲ့ နအဖ နှောင်းပိုင်း ကာလ (မကြာမီနှစ်များအတွင်း ရွေးကောက်ပွဲနဲ့ နာမည်ပြောင်းဦးမှာမို့ နအဖ နှောင်းပိုင်းလို့ သုံးနှုန်းလိုက်တာပါ) အထိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အများဆုံး ၁၀ နှစ် အနှစ် ၂၀ ချရာကနေ အခု စက်တင်ဘာ လူထု အုံကြွမှုအပြီး မှာတော့ ၂၀၀၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အီလက်ထရွန်းနစ် အက်ဥပဒေနဲ့ ထောင်ဒဏ် ၁၅ နှစ်စီ ခွဲပြီး လီပြီးချလိုက်တာ တဦးကို အနှစ် ၆၀၊ ၆၅ နှစ်စီ ဖြစ်ကုန်ပါတော့တယ်။



အဲဒီ အီလက်ထရွန်းနစ် အက်ဥပဒေမှာ အီလက်ထရွန်းနစ် နည်းပညာဖြင့် နိုင်ငံတော် လုံခြုံရေး တရားဥပဒေ စိုးမိုးရေး ၊ နယ်မြေအေးချမ်းသာယာရေး စတဲ့အချက်တွေ အကျုံးဝင်ရင် အနည်းဆုံးထောင်ဒဏ် ၇ နှစ်မှ အများဆုံး ၁၅ နှစ်ထိ ချမှတ်နိုင်သည် လို့ ဖော်ပြထားပါတယ်။



နိုင်ငံရေးလှုပ်ရှားမှုနှင့် မီဒီယာ



ယခု ထောင်ဒဏ်ချမှတ်ခံရသူများအား နိုင်ငံရေး လှုပ်ရှားမှုကြောင့်လို့ အသားပေး မဖော်ပြဘဲ ပြည်ပ သတင်းမီဒီယာများသို့ ပြောဆိုခြင်း၊ သတင်းအချက်အလက်၊ ဓာတ်ပုံပေးပို့ခြင်း၊ သတင်းမှတ်တမ်း ဗီဒီယိုပေးပို့ခြင်းတို့ကြောင့်လို တရားရုံးမှာ စစ်အစိုးရဘက်က တင်ပြပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရဟာ ပြည်ပ သတင်းမီဒီယာရဲ့ အကျိုးသက်ရောက်မှု၊ ထိရောက်မှုကို သတိပြုမိသလို စိုးရိမ်မှုလည်း ကြီးမားကြောင်းပြသလိုက်တာပါ။ ၁၉၈၈ ခုနှစ် နောက်ပိုင်း အကြီးဆုံး လူထုအုံကြွမှုလို့ သတ်မှတ်ကြတဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဟာ ရန်ကုန်မြို့က ဖြစ်ပျက်သမျှ လူတွေမြင်တွေ့ရသမျှကို အင်တာနက်ပေါ်တင်၊ လေလှိုင်းပေါ် လွှင့်တင်နဲ့ ကမ္ဘာက မြင်ရကြားရပြီး စစ်အစိုးရရဲ့ ရက်စက်မှု၊ ယုတ်မာမှုတွေကို ဖုံးကွယ်မရဖြစ်ခဲ့ပါတယ်။



အဖြစ်အပျက်တွေဟာ နေ့ချင်းတောင်မကပဲ နာရီပိုင်းအတွင်း အင်တာနက်ပေါ်၊ တီဗီပေါ် ဂြိုဟ်တုစလောင်းပေါ်၊ ရေဒီယိုပေါ်ရောက်သွားခဲ့လို့လဲ စစ်အစိုးရက ခေတ်မှီ အိုင်တီနည်းပညာ မီဒီယာကို ထိတ်လန့်တုန်လှုပ်လာတာပါ။



မီဒီယာလို့ ဆိုပေမယ့် ဒီသတင်းတွေကို ပေးပို့သူ တင်ပြသူ အားလုံးဟာ မီဒီသမားတွေမဟုတ်ပါဘူး။ သာမန်အရပ်သား ဂျာနယ်လစ် (citizen journalist) လို့ခေါ်တဲ့ သူလိုငါလို အင်တာနက်သုံးစွဲသူတွေ အများအပြား ပါဝင်ကြပါတယ်။ အဲဒီအထဲမှာ မီဒီယာနဲ့ အသက်မွေးဝမ်းကျောင်းသူမဟုတ်တဲ့ ဘလော့ဂါတွေလည်း ပါဝင်ခဲ့ပါတယ်။ စက်တင်ဘာလ ရန်ကုန်မြို့မှာ သံဃာတွေ ဆန္ဒပြနေခဲ့တဲ့ရက်တွေက ရန်ကုန်မြို့ခံတွေတောင်မှ စီတန်းလမ်းလျှောက်တဲ့ သံဃာအုပ်စု ဘယ်နှစ်စုရှိပြီး အခုဘယ်ရောက်နေသလဲ ဆိုတာအတိအကျ မသိနိုင်လို့ အင်တာနက်ကို ဖွင့်ထားပြီး အင်တာနက်ပေါ်မှ ပြည်ပမြန်မာမီဒီယာတွေက နာရီနဲ့အမျှတင်တဲ့ သတင်းတွေကိုကြည့်ကာ သံဃာတွေတော့ စမ်းချောင်းရောက်နေပြီ၊ ဒေါ်စုရဲ့အိမ်ရှေ့ကိုဦးတည်နေပြီ ဆိုတာကို သိရှိကြရပါတယ်။



ကျွန်တော်နဲ့သိတဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုက ဝန်ထမ်းတချို့ဆို ရုံးခန်းထဲမှ ကွန်ပျူတာရှေ့မှာ ထိုင်နေရင်း ဆန္ဒပြတဲ့ လူတန်းကြီး ဆူးလေမှာလား၊ တာမွေမှာလား ဆိုတာကို စောင့်ကြည့်နားထောင် နေခဲ့ကြတာပါ။



ပြည်တွင်း၊ ပြည်ပ ဘလော့ဂါတွေရဲ့ အခန်းကဏ္ဍကလည်း အဆိုပါ စက်တင်ဘာအရေးအခင်းမှာ အရေးပါလှပါတယ်။ အန်တီစုရဲ့အိမ်ရှေ့မှာ ရှားရှားပါးပါး ရိုက်ယူခဲ့တဲ့ ဓာတ်ပုံဟာ မီဒီယာက သတင်းထောက် မဟုတ်ပါဘူး။ သာမန်အရပ်သားထဲက ရိုက်ယူနိုင်ခဲ့ပြီး ဘလော့ဆိုက်မှာ ပထမဆုံးတင်နိုင်ခဲ့တာပါ။ သူတို့ဟာ နိုင်ငံရေးအသိနဲ့ အိုင်တီ နည်းပညာကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို ကမ္ဘာ့ပြည်သူတွေသိရှိအောင် အန္တရာယ်ကြားက စွမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။



ဒါကြောင့်လဲပဲ ဘလော့ဂါ နေဘုန်းလတ်ကို စစ်အစိုးရက စံပြအဖြစ်နဲ့ ထောင်ဒဏ် မတန်တဆ ချမှတ်ခဲ့ပုံရပါတယ်။ ဘလော့ဂါတွေကို ကြောက်ရွံ့စေဖို့ သာမန်အရပ်သား အင်တာနက် သုံးစွဲသူတွေကို နိုင်ငံရေးနဲ့ မပတ်သက်လာအောင် ခြိမ်းခြောက်လိုက်တာပါ။



မီဒီယာလောကမှ သတင်းထောက်တွေလည်း စက်တင်ဘာနဲ့ပတ်သက်ပြီး၊ နာဂစ်မုန်တိုင်း အဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြည်ပမီဒီယာနဲ့ ဆက်နွယ်တယ်လို့ယူဆတာနဲ့ အရေးယူဖို့ ဝန်မလေးတာတွေ့ရပါတယ်။ အခုတသုတ် အပြစ်ပေးခံရတဲ့ အထဲ အီကိုဗီးရှင်း ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးနဲ့ ယခင် ဝိကလီးအလဲဗင်းမှ သတင်းထောက် ကိုကျော်ကျော် သန့်တို့ ပါဝင်ပါတယ်။ မအိမ့်ခိုင်ဦးကို ထောင်ဒဏ်၂ နှစ်ချ ပြီးကိုကျော်ကျော်သန့်ကိုတော့ ၇ နှစ်ချခဲ့တာပါ။



ယခုအဖြစ်အပျက်မှာ အများဆုံးထောင်ဒဏ်ကျခံရသူတွေကတော့ သံဃာ့တပ်ပေါင်းစုက သံဃာတော်အချို့နဲ့ ၈၈ မျိုးဆက်အဖွဲ့ ကျောင်းသားခေါင်းဆောင် ၂ ဒါဇင်နီးပါးဖြစ်ပါတယ်။ သူတို့ကိုချမှတ်တဲ့ အီလက်ထရွန်းနစ် ဥပဒေဆိုတာလဲ ပြည်ပမြန်မာရေဒီယိုတွေနဲ့ အမေးအဖြေလုပ်တယ်ဆိုတာကို အဓိကထားတာတွေ့ရပါတယ်။ ဒီအချက်ကဘာကို ပြသ သလဲဆိုရင် နိုင်ငံရေးလှုပ်ရှားမှုနဲ့ မီဒီယာ ပူးပေါင်းမိမှာကို စစ်အစိုးရက လုံးဝလျစ်လျူမရှုနိုင်ဘူး ဆိုတာပါ။ နောက်နောင် ဖြစ်လာနိုင်တဲ့ လူထုလှုပ်ရှားမှုတွေ သံဃာ့လှုပ်ရှားမှုတွေမှာ စစ်အစိုးရက အင်တာနက်ကို ချက်ချင်းပိတ်ပစ်မှာကတော့ သေချာသလောက်ရှိပါတယ်။



ပြည်ပ မြန်မာသတင်းမီဒီယာတွေရဲ့ ဝက်ဆိုက်တွေကိုလည်း စစ်အစိုးရကလေ့ကျင့်ပေးထားတဲ့ အိုင်တီ ပညာရှင်တွေက မကြာမကြာ တိုက်ခိုက်လာတာ စက်တင်ဘာနောက်ပိုင်းတွေ့မြင်နေရပါတယ်။



သို့ပေမယ့် မိုဘိုင်း တယ်လီဖုန်းထောင်နဲ့ သောင်းနဲ့ချီရှိနေတာကိုတော့ စစ်အစိုးရထိန်းချုပ်ဖို့ရာ လွယ်ကူမယ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အနှံ့အပြားက လှုပ်ရှားမှုသတင်းတွေ တနည်းမဟုတ်တနည်းနဲ့ နေ့ချင်းသော်လည်းကောင်း နောက်တနေ့မှာ သော်လည်းကောင်း လေလှိုင်းပေါ်၊ အင်တာနက်ပေါ်ရောက်ရှိနေကြဦးမှာပါ။



အခုလို မတန်တဆ ထောင်ဒဏ်ချမှတ်တဲ့ နောက်ကွယ်က ရည်ရွယ်ချက် အမျိုးမျိုးရှိနိုင်တဲ့အနက် မီဒီယာနဲ့ လူထုအုံကြွမှု မပေါင်းစပ်နိုင်အောင် လူထုကို ကြီးမားတဲ့အကြောက်တရားနဲ့လုပ်ဆောင်တယ်ဆိုတာကတော့ ထင်ရှားတဲ့ ရည်ရွယ်ချက် တခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရမ်ဘို ၄ လို ရုပ်ရှင်ဗီစီဒီထွက်ရှိလာတာနဲ့ ရောင်းတာတွေ့ရင် ထောင် ၁၂ နှစ်ချမယ် ဆိုတဲ့ကြားထဲက တပတ်အတွင်း ရန်ကုန်တမြို့လုံး ပျံ့နှံ့သွားနိုင်တဲ့ ခေတ်ကာလမှာ စစ်အစိုးရက ဘယ်လိုတားဆီးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts