>National Day stamps

>

အမျိုးသားနေ့ (တံဆိပ်ခေါင်းများ)

ဦးအုန်းကျော်

နိုဝင်ဘာ ၂၂၊ ၂၀၀၈


“၁၉၂ဝ မှာ ကောလိပ်ကျောင်းသားတွေ အင်္ဂလိပ်အစိုးရကို ပထမဆုံးအကြိမ် ဆန္ဒပြ၊ သပိတ်မှောက်လို့ ‘အမျိုးသားအောင်ပွဲနေ့’ စပြီး ဖြစ်ပေါ်လာတာလို့ ကျနော် မှတ်ထားမိတယ်။ အခုဆိုရင် ၈၈ နှစ်တောင် ရှိပြီပေါ့နော် ဦးလေး”


“အေး … ငါ့တူပြောတာ မှန်သကွ။ ဒါနဲ့ ငါ့တူကို သတိထားမိဖို့ ပြောရဦးမယ်။ အမျိုးသားနေ့ကို အမှတ်အသားပြုမယ်ဆိုရင် ဗမာလို ဗမာပြက္ခဒိန်နဲ့ မှတ်ထားရတယ်ကွ။ အင်္ဂလိပ်လို မမှတ်ထားရဘူး။ ရက်က တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်၊ နှစ်က ၁၂၈၂ ခုနှစ်။ အဲဒီလို ဗမာဆန်ဆန် ဗမာ့ပြက္ခဒိန်နဲ့ မှတ်ထားမှလည်း ‘အမျိုးသားနေ့’ ဆိုတဲ့ အဓိပ္ပာယ် အနှစ်သာရ ပိုပြီး ပေါ်လွင်တော့မပေါ့ကွ။ ဦးလေးပြောတာ သဘာဝ ကျရဲ့လား။ လက်ခံရဲ့လား”


“ဦးလေး ပြောတာ ဟုတ်တယ်နော်။ ဒါဆိုရင် ဇာတိသွေး၊ ဇာတိမာန်နဲ့ပတ်သက်တဲ့ အမျိုးသားနေ့တို့၊ ပါတော်မူနေ့တို့ကို ဗမာပြက္ခဒိန်နဲ့ မှတ်သားထားသင့်တာပေါ့နော် ဦးလေး”



“အေးပေါ့ကွ။ အဲဒါမှလည်း အမျိုးကိုချစ်တဲ့ စိတ်တွေ ပေါက်ဖွားတော့မပေါ့။ အဲဒီ ၁၂၈၂ ခုနှစ်မှာ ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်တာဟာ တို့မြန်မာပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု နိုင်ငံရေးသမိုင်းမှာ အင်္ဂလိပ်အုပ်ချုပ်တာကို အာခံတဲ့ ဗွေဆော်ဦး စိန်ခေါ်လိုက်တဲ့ပွဲပဲ။ ကောလိပ်ကျောင်းသားတွေက စလိုက်တဲ့ပွဲပဲ။ အဲဒီတုန်းက မြန်မာပြည်မှာ တက္ကသိုလ် မရှိသေးဘူး။ ကောလိပ် ၂ ခုပဲ ရှိတယ်။ ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင် (ယုဒသန်)ကောလိပ် လို့ ခေါ်တယ်ကွ။ အဲဒီ ကောလိပ် ၂ ခုကို အိန္ဒိယပြည်ရဲ့ ကာလကတ္တား တက္ကသိုလ်က တိုက်ရိုက်အုပ်ချုပ်တယ်။ သူ့ရဲ့ လက်အောက်ခံပေါ့ကွာ။ အုပ်ချုပ်ရေး သင်ကြားရေး အားလုံးကို ကိုင်ထားတာ။ အဲ … အဲဒီ ၁၉၂ဝ မြန်မာသက္ကရာဇ် ၁၂၈၂ ရောက်တော့ ရန်ကုန်တက္ကသိုလ်ကို စ ဖွင့်မလို့ အင်္ဂလိပ်အစိုးရက စီစဉ်ပြီး ယူနီဗာစီတီ အက်ဥပဒေ (University Act) အကြမ်းကို တိုင်းပြည်ကြေညာတယ်။ အဲဒီတုန်းက မင်းတို့အခုသုံးနေတဲ့ ‘တက္ကသိုလ်’ ဆိုတဲ့ ဝေါဟာရ စကားလုံးကို မသုံးကြသေးဘူး။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်စကားက တွင်ကျယ်နေတာမို့ ‘ယူနီဗာစီတီ’ လို့ပဲ ခေါ်ကြတယ်။ အဲဒီ ယူနီဗာစီတီ အက်ဥပဒေကြမ်းကို တိုင်းပြည်ကြေညာတော့ ဘာပြောကောင်းမလဲ၊ ဝိုင်းပြီး ကန့်ကွက်ကြတာပေါ့။ မင်းတိုင်ပင် အစည်းအဝေးမှာ၊ သတင်းစာတွေထဲမှာ၊ အဲဒီတုန်းက ဝိုင်အမ်ဘီအေ ခေါ်တဲ့ (Young Man Buddhist Association) ဗုဒ္ဓြွဘာသာ ကလျာဏယုဝ အသင်းရဲ့ အစည်းအဝေးပွဲတွေမှာ၊ ကောလိပ်ကျောင်းသားတွေကြားမှာ ပွက်လောရိုက်အောင် ကန့်ကွက်ကြတာပေါ့”


“ဘာကို မကျေနပ်ကြတာလဲ ဦးလေး”


“သူတို့ရဲ့ဥပဒေမှာ တို့ပြည်သူတွေအတွက် တက္ကသိုလ်ပညာကို လွယ်လွယ်သင်လို့မရအောင် လုပ်ထားတဲ့ ဥပဒေတွေ ပါနေလို့ပဲ။ တနည်းအားဖြင့် ပြောရရင်တော့ကွာ အဲဒီ … ယူနီဗာစီတီကြီးဟာ တို့ပြည်သူတွေအကျိုးအတွက် မဟုတ်ဘဲ၊ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကြီး သက်ဆိုးရှည် လည်ပတ်နိုင်အောင်အတွက်ပဲ ရည်ရွယ်ပြီး ဖွင့်တာကွ။ တို့လူမျိုးအတွက် စေတနာ တပြားသားမှ မပါလို့ပဲ”



“အဲဒီတော့ အစိုးရက ဘာလုပ်လဲ ဦးလေး”



“အဲဒီလောက် ပွက်လောရိုက်အောင် ဝိုင်းကန့်ကွက်နေတဲ့ကြားကပဲ၊ အဲဒီနှစ် ၁၉၂ဝ ဒီဇင်ဘာ ၁ ရက်နေ့မှာ အတင်းပဲ အတည်ပြုလိုက်တယ်။ ဒါတင်မက တက္ကသိုလ်ကို ဒီဇင်ဘာ ၇ ရက်နေ့မှာ ဖွင့်မယ်တဲ့။ အဲဒီတော့ ကောလိပ် ၂ ခုက ကျောင်းသား ၁၁ ယောက်ဟာ ချက်ချင်း လျှို့ဝှက်စည်းဝေး တိုင်ပင်ကြတယ်။ အဲဒါက ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ နောက်နေ့တွေမှာ ကောလိပ်ကျောင်းသား ၆ဝဝ လောက် ထပ်ပြီး စည်းဝေးကြပြန်တယ်”


“ရဲက ဝင်မဖမ်းဘူးလား ဦးလေး”



“ကျောင်းသားခေါင်းဆောင် ၁၁ ယောက် လျှို့ဝှက်စည်းဝေးတာက ရွှေတိဂုံရင်ပြင်မှာ၊ နောက် ကျောင်းသား ၆ဝဝ လောက် စည်းဝေးကြတာက ဗဟန်းက ရွှေကျင်တိုက် ဦးအရိယ ကျောင်းတိုက်မှာ။ ဘာတွေဆုံးဖြတ်ကြသလဲဆိုတော့ အဲဒီ ယူနီဗာစီတီ ဥပဒေကို သပိတ်မှောက်ဖို့နဲ့ ကောလိပ်ကျောင်းကို ပြန်မတက်ကြဘဲ အဲဒီ ရန်ကုန်ယူနီဗာစီတီ စဖွင့်မယ့် ဒီဇင်ဘာလ ၇ ရက်မှာ သပိတ်မှောက်ကြဖို့ပဲ။ ဒါပေမယ့်လည်း ဒီဇင်ဘာ ၅ ရက် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (တနင်္ဂနွေနေ့)မှာ စောပြီးတော့ သပိတ်မှောက်လိုက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက သိသွားပြီး ကြားက ဖျန်ဖြေတဲ့စကားတွေ လာပြောမယ်လို့ သတင်းရလို့၊ အဲဒီ ဗဟန်းက ဇရပ်တွေမှာ ကျောင်းသားတွေ စပြီး သပိတ်မှောက် ကန့်ကွက်ကြတာပဲ”


“စီတန်း လမ်းလျှောက်တာရော လုပ်သေးလား ဦးလေး”



“အဲဒီလို ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်တဲ့ သတင်းလည်း ကြားရော … ရန်ကုန်မြို့ပေါ်က ယောက်ျားလေး အထက်တန်းကျောင်းသားတွေလည်း သပိတ်မှောက်ပြီး ဗဟန်း ဇရပ်တွေဆီကို ရောက်လာကြတာပဲ။ ကောလိပ်ကျောင်းသားတွေရဲ့ သပိတ်အဖြစ်ကနေ ကျောင်းသားထုတရပ်လုံးရဲ့ သပိတ်ဖြစ်သွားတာ၊ ဘယ်လောက် အားရဖို့ ကောင်းလိုက်သလဲ။ ငါ့တူ မျက်စိထဲ မြင်ကြည့်စမ်း”



“ဟုတ်တယ်နော် ဦးလေး၊ ဘယ်လောက် မကျေနပ်ကြလဲ ဆိုတာ မှန်းလို့ရတယ်”



“အဲ … နောက်တော့ ရက်ပိုင်းအတွင်းမှာပဲ တပြည်လုံးက မြို့တွေကို ပျံ့သွားပြီး တတိုင်းပြည်လုံးရဲ့ ကျောင်းသားသပိတ်ကြီး ဖြစ်သွားတော့တာပဲ”



“အဲဒီ ကောလိပ်ကျောင်းသားတွေက ကျောင်းပြန်မတက်ကြတော့ဘူးပေါ့နော်”

“အေးပေါ့ကွ။ အစိုးရရဲ့ ပညာရေးစနစ်ကို မကြိုက်လို့ တို့ဘာသာ တို့ကျောင်းသားတွေ ဖွင့်မယ်ဆိုပြီး ‘အမျိုးသားကျောင်း’တွေကို တပြည်လုံးမှာ ဖွင့်လိုက်ကြတာပဲ။ သပိတ်မှောက်ပြီး ၁ နှစ်အတွင်းမှာ တပြည်လုံးမှာ ကျောင်း ၉ဝ ဖွင့်လိုက်ရုံမက အမျိုးသားကောလိပ်ကိုလည်း ဗဟန်း ရွှေကျင်ကျောင်းတိုက်မှာ ဖွင့်နိုင်ခဲ့တယ်”


“ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာသင်ပြခဲ့တဲ့ ကောလိပ်ပေါ့နော်”



“အေးပေါ့ကွာ။ အမျိုးသားကျောင်းနဲ့ အမျိုးသားကောလိပ်ကြောင့် နောင် ခေါင်းဆောင်ဖြစ်မယ့်သူတွေ မွေးထုတ်ပေးနိုင်ခဲ့တာပေါ့။ အဲဒီနောက် ၂ နှစ်လောက်ကြာတော့ (၁၉၂၂ မှာ) ဂျီစီဘီအေ (General Council of Burmese Association) ရဲ့ အစည်းအဝေးမှာ အဲဒီ ကောလိပ်သပိတ် စတင်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာတာ အခုအချိန်ထိ ဆိုပါတော့ကွာ။ ကဲ ကဲ … တံဆိပ်ခေါင်းတွေကို ငါ့တူကို ပြရဦးမယ်။ ၁၉၇ဝ မှာ နှစ် ၅ဝ ပြည့် ရွှေရတုသဘင် ကျင်းပတဲ့အခါ ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်းတွေပေါ့ကွာ”

ပုံ (၁)

ဒီဇိုင်း – ဘလုံကလေး

ဂျာမနီတွင် ပုံနှိပ်သည်။



ပုံ (၂)

ဒီဇိုင်း – ဘလုံကလေး

ပုံ (၃)

ဒီဇိုင်း – မြင့်သိန်း

“ခွပ်ဒေါင်းအလံတွေနဲ့ အားရစရာ တက်ကြွစရာပါလား ဦးလေးရာ။ ဒါနဲ့ တံဆိပ်ခေါင်းတွေရဲ့ အောက်ဘက်နားမှာ S.P.A.B ဆိုတာ ဘာလဲ ဦးလေး”


“State Philatelic Advisory Board တဲ့။ အစိုးရတံဆိပ်ခေါင်း အကြံပေးအဖွဲ့ပေါ့ကွာ။ ၁၉၇ဝ မှာ ဖွဲ့ခဲ့ပြီး နောက်ပိုင်း ၁ နှစ်အတွင်းမှာ ထုတ်ခဲ့တဲ့ တံဆိပ် ၄ လုံး အပါအဝင် အားလုံး ၇ လုံးမှာ အဲဒီ S.P.A.B ဆိုတာ ထည့်ပြီး ပုံနှိပ်ခဲ့တယ်။ အဲဒီနောက်တော့ အဲဒီ S.P.A.B ဆိုတာ ပါမလာတော့ဘူး”


“ဒီ ၁၅ ပြားတန်မှာ သပိတ်ကို မှောက်ပြီးထားတဲ့ ဒီဇိုင်းကိုတော့ ကြိုက်တယ် ဦးလေးရာ။ ခွပ်ဒေါင်းနဲ့ သပိတ်နဲ့ ဟပ်နေတာပဲ”


“ဒီ ၂၅ ပြားတန်ကိုလည်း ကြည့်ပါဦးကွ။ ကောလိပ်ကျောင်း စာသင်ကျောင်းတွေက ထွက်လာပြီး သပိတ်စခန်းတွေရှိတဲ့ ဇရပ်တွေဆီကို ချီတက်လာကြတာ ဘယ်လောက်အားရဖို့ ကောင်းလဲ”


“အဲဒီနောက်တော့ရော ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၁၉၉၅ မှာရော ထပ်ပြီး ထုတ်သေးလား”


“ဟာ ငါ့တူကလည်း …။ ၁၉၉၅ ဆိုတာ စစ်တပ်က တို့ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ အချိန်လေကွာ။ အမျိုးသားစိတ်ဓာတ်တို့၊ သပိတ်စခန်းတို့၊ ခွပ်ဒေါင်းတို့ဆိုရင် လေသံတောင် မကြားချင်တဲ့ ငတိတွေလေ။ ဘာတံဆိပ်ခေါင်းမှ မထုတ်ပါဘူးကွာ။ ၁၉၇ဝ မှာ ထုတ်ခဲ့တာ နောက်ဆုံးပါပဲ”


“အဲဒီ အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းတွေ ဘာဖြစ်သွားလဲဟင်”


“‘အမျိုးသား ပညာရေးကောင်စီ’ ဆိုတာကို ဖွဲ့ကြတယ်။ နောက်တော့ အစိုးရဆီက အထောက်အပံ့ ယူသင့် မယူသင့် ဆိုတဲ့အယူအဆပေါ်မှာ သဘောထားတွေ ကွဲလွဲကြပြီး အမျိုးသားကျောင်း ၂ဝ လောက်က ယူသင့်တယ်၊ ကျန်တဲ့ ၇ဝ လောက်က မယူသင့်ဘူး ဆိုပြီး သဘောထားတွေ ကွဲလာကြတော့တယ်။ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထား ရိုက်ခတ်မှုတွေလည်း ပါလာတော့တာပေါ့ကွာ။ အဲဒီမှာ ဗဟန်း အမျိုးသားကောလိပ်လည်း ပျက်သွားတော့တယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူတို့တတွေ ၂ နှစ်ကျော် ၃ နှစ်လောက် တက်တက်ºကွºကွ ပြုစုပျိုးထောင်ခဲ့တဲ့ အဲဒီ အမျိုးသားကောလိပ်၊ အမျိုးသား ပညာရေးဗိမာန်ကြီး ပြိုကျပျက်စီးသွားတာကို အင်မတန် ယူကျုံးမရ ဖြစ်ခဲ့တယ်ကွ။ ‘ခေါင်းဆောင်လုပ်တဲ့သူတွေ အသုံးမကျလို့ ဖြစ်ရတာ၊ ပြည်သူတွေအနေနဲ့ တာဝန်ကျေပါတယ်’လို့ မော်ကွန်းထိုးပေးတယ်။ သူ့ရဲ့ လေးချိုးကြီးတစ်ခုမှာ …


‘ဒဂုန်တောင်ခြေ အောင်မြေဗဟန်းတွင်ဖြင့်

လွမ်းဘွဲ့တလီ ပေနော်ကွယ်

စခန်းမတဲ့ လမ်းမတဲ့နဲ့

ပန်းခဲ့တချီ’ လို့ သတိတရ လွမ်းဆွတ်ပြီး ရှေးဖြစ်ဟောင်းကို နာနာကြည်းကြည်း ရေးခဲ့ရှာတယ်။ တနိုင်ငံလုံးအနေနဲ့ အမြတ်ရလိုက်တာကတော့ အင်္ဂလိပ်အစိုးရအပေါ် ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ အမျိုးသားစိတ်ဓာတ်တွေ ပြင်းပြင်းထန်ထန် ပေါ်ပေါက်ခဲ့တာပဲ။ နောက်ပြီး ကျောင်းသားတွေနဲ့ ရဟန်းသံဃာတွေ အဲဒီကတည်းက တသားတည်း စည်းလုံးညီညွတ်ခဲ့ကြတယ်ဆိုတဲ့ အချက်ကိုလည်း ငါ့တူ သတိပြုမိရဲ့လား။ ကျောင်းသားတွေ စာသင်ခန်းထဲက ထွက်ပြီး ဘုန်းကြီးကျောင်း၊ ဇရပ်တွေဆီကို စုရုံးချီတက်ခဲ့ကြတာကို ကြည့်လေ”


“ယူနီဗာစီတီကနေ ‘တက္ကသိုလ်’လို့ ဘယ်တော့မှ တွင်တွင်ကျယ်ကျယ် ခေါ်ကြသလဲ ဦးလေး”


“‘တက္ကသိုလ်’ဆိုတဲ့ စကားလုံးကို အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ ဆရာကြီး ဦးဖေမောင်တင်ရဲ့ အဓိက ကြိုးပမ်းမှုကြောင့် ပေါ်ထွက်လာတာပေါ့ကွာ။ အဲဒီမတိုင်ခင်က ယူနီဗာစီတီ လို့ပဲ အင်္ဂလိပ်လို ပြောကြတယ်။ ‘ယူနီဗာစီတီ ကောလိပ်သိပ္ပံ ကျောင်းတော်ကြီး’လို့လည်း ရေးကြပြောကြတယ်။ အေး … အဲဒီ ဆရာကြီး ဦးဖေမောင်တင် အကြောင်းကိုတော့ ရန်ကုန်တက္ကသိုလ်သမိုင်းအကြောင်း ပြောတော့မှပဲ ငါ့တူကို ပြည့်ပြည့်စုံစုံ ထပ်ပြောပြဦးမယ်”


“ဦးလေးတို့ အထက်တန်းကျောင်းသားဘဝက အမျိုးသားနေ့တွေ ကျင်းပကြသလား”


“ဟာ … ခြိမ့်ခြိမ့်သဲသဲ ပေါ့ကွာ။ ဦးလေးနေခဲ့တဲ့ ပဲခူး အမှတ် (၃)က အရင် အမျိုးသားကျောင်း တစ်ကျောင်း ဖြစ်တော့ ထူးထူးခြားခြား ကျင်းပတယ်ကွ။ ကျောင်းအုပ်ဆရာကြီးတွေကလည်း မျိုးချစ်ပုဂ္ဂိုလ်တွေ၊ လေးစားခံရတဲ့ စံပြပုဂ္ဂိုလ်တွေ။ ဆရာ ဆရာမတွေကလည်း ‘နာ ၃ နာ’နဲ့ ပြည့်စုံသူတွေ။ အသင်အပြလည်း ကောင်းမှကောင်း။ ဦးလေး ၁ဝ တန်းရောက်တော့ ၁၉၇၃ မှာ ကျင်းပတော့ … ညမှာ အငြိမ့်တောင် ပါလိုက်သေး။ အခု ရုပ်ရှင်ထဲ အမေအခန်းတွေမှာ ပါနေတဲ့ (ဒေါ်) နွဲ့နွဲ့စန်း နဲ့ လူရွှင်တော်ကြီး ၄ ယောက်အငြိမ့်ကွ”


“ဟာ … အဲဒီခေတ်တုန်းက ပျော်စရာကြီးပေါ့နော်”


“အေးပေါ့ကွ။ ဦးလေးတို့ဆို ပင်နီတိုက်ပုံဝတ်ပြီး ကျောင်းတက်ကြတာ။ မှတ်မိသေးတယ်၊ ဦးလေး ပိုးနေတဲ့ အတန်းထဲက ကောင်မလေးကလည်း မဝတ်စဖူး ပင်နီအင်္ကျီ လက်ရှည်ကလေးနဲ့ ယဉ်မှယဉ်။ ဟဲ ဟဲ …။ တခြားကျောင်း တခြားမြို့တွေမှာလည်း ခမ်းခမ်းနားနား ကျင်းပကြတာပဲ။ အခု မင်းတို့ခေတ်မတော့ ကွာ”


“ဟာ … ဦးလေးကလည်း။ ကျနော်တို့ခေတ်ပဲ လာလာ ကလိ၊ ရိနေတော့တာပဲ”


“အေး … ကလိရမယ်၊ ရိရမယ်ကွ။ ဘယ်နေရာမှာများ စည်းနဲ့ကမ်းနဲ့ အပေါက်အလမ်းတည့်တည့် မှန်မှန်ကန်ကန်ရှိသလဲ၊ ချီးမွမ်းစရာတစ်ကွက် ရှိသလဲ။ ကျောင်းလည်း ကျောင်းမို့လို့၊ ရုံးလည်း ရုံးမို့လို့”


“လစ်ပြီ ဦးလေးရေ … နောက်လမှ တွေ့ကြသေးတာပေါ့နော်”


“အေး အေး … ကြွကြွ။ နောက်လမှာ ရန်ကုန်တက္ကသိုလ်အကြောင်းပြောရင်း မင်းကို ထပ်ကလိရဦးမယ်”



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts