>Saw Wai poem 02

>

ရေဒီယိုလေးထဲ ကျွံကျနေတဲ့ ကဗျာဆရာရဲ့ကြေကွဲမှု
စောဝေ
နိုဝင်ဘာ ၁၈၊ ၂၀၀၈

ငါးကျပ်တန်တရွက်
တယ်လီဖုန်းဆက်ခ ပေးလိုက်တော့
WTC ၀မ်းနည်းမှုတွေ
တ၀ုန်းဝုန်း ပြိုကျလာ၊ အဲဒီအပြိုပုံကြီးထဲက ဆဲလ်ဖုန်း
ကူပါ၊ ကယ်ပါ၊ ဘုရားတသံ၊ နှုတ်ဆက်သံ
ငါ နားကန်းပါရစေ။

ထိတ်လန့်ကြေကွဲ အမြွာလောင်မီးပေါ်က ပ၀ါဖြူလေး ဝှေ့ယမ်းပြ
ဒုက္ခတိုက်ညီနောင် အမြင့်က
ဒုက္ခသုညမြေပြင်ပေါ်ကို ခုန်ဆင်း
ငါ မျက်စိကန်းပါရစေ။

စစ်မရှိစေရ ဂျွန်ရေ – – –
ငြိမ်းချမ်းရေးနှင့် ဂျွန်ရေ – –
ပန်းနံ့မွှေးသော လောကသစ်သို့ ဂျွန်ရေ – –
ငါ့ချစ်သူက ငါ့ကို အကြမ်းမဖက်ပါ
အမုန်းများနဲ့ ဘယ်သူ့ကိုမှ အကြမ်းမဖက်ပါနဲ့။

တန်ဖိုး
မြန်မာ = မေတ္တာအနန္တစကြ၀ဠာ
ကမ္ဘာ = စကြ၀ဠာ အနန္တ မေတ္တာ။
တရားမဲ့ အကြမ်းဖက်စွမ်းအားမှန်သမျှ
ကမ္ဘာမှာ မရှိစေရ – – – –
ပုံ။ ။

စောဝေ
– – – ၁၀၊ ၂၀၀၁

(မူရင်း – Beauty မဂ္ဂဇင်း၊ ၂၀၀၂ ဇန်န၀ါရီ)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts